သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်ရောက် သမ္မတကတော် Michelle Obama ပညာရေးဆွေးနွေး


အမေရိကန်သမ္မတကတော် Michelle Obama နဲ့ သမီးနှစ်ဦး၊ တရုတ်ပြည် မဟာတံတိုင်းကြီးသို့ အလည်ခရီး
အမေရိကန်သမ္မတကတော် Michelle Obama နဲ့ သမီးနှစ်ဦး၊ တရုတ်ပြည် မဟာတံတိုင်းကြီးသို့ အလည်ခရီး
မိဘတွေက သူမရဲ့ပညာရေးကို ငွေကုန်ကြေးကျခံပြီး အားပေးမှု၊ မြေတောင်မြှောက်မှုသာ မလုပ်ခဲ့ရင် ဒီကနေ့ရထားတဲ့အောင်မြင်မှုတွေကို ရနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတကတော် Michelle Obama က ပြောလိုက်ပါတယ်။

ကျမရဲ့မိဘတွေကသာ ကျမကို ပညာထူးချွန်အောင် ငွေရေးကြေးရေး စိုက်ထုတ်ပြီး တွန်းတွန်းတိုက်တိုက် အားမပေးခဲ့ဘူးဆိုရင် ဒီကနေ့ ဒီနေရာကို ကျမ ရောက်နိုင်မှာ မဟုတ်ပါဘူး၊ တကယ်တော့ ကျမမိဘတွေက ပညာတတ်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမနဲ့ ကျမအကိုအတွက် ပညာရေးအခြေခံအုတ်မြစ်ခိုင်မာအောင် ချပေးဖို့လိုတာကို သူတို့ ကောင်းကောင်းနားလည် သဘောပေါက်ခဲ့ကြပါတယ်။ ဒါကြောင့် လာမယ့်နှစ်တွေမှာ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာတလွှား လူငယ်တွေအားလုံး ပညာရေးအခွင့်အလမ်းရဖို့ဆိုတာဟာ အဓိကဆောင်ရွက်ရမယ့်အချက်ဖြစ်တယ်လို့ ကျမနဲ့ သမ္မတအိုဘားမားတို့က ရှုမြင်လက်ခံကြပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Harvard တက္ကသိုလ်ဘွဲ့ရ ရှေ့နေတစ်ဦးဖြစ်တဲ့ Mrs. Obama ဟာ သူမရဲ့ တရုတ်နိုင်ငံအလည်အပတ်ခရီးစဉ် တတိယမြောက်နေ့က ဘီဂျင်းမြို့တော်၊ အမေရိကန်သံရုံးမှာကျင်းပတဲ့ ပညာရေးဆိုင်ရာဆွေးနွေးပွဲမှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတကတော်ဟာ တရုတ်နိုင်ငံ၊ မဟာတံတိုင်းကြီးကို သွားရောက်ပြီး မဟာတံတိုင်းကြီးနားက အရင်ကျောင်းအဆောက်အဦးဖြစ်တဲ့ စားသောက်ဆိုင်တစ်ခုကိုလည်း သူမရဲ့ မိခင်၊ သမီးနှစ်ယောက်တို့နဲ့အတူ သွားရောက်ပြီး နေ့လည်စာ စားဖို့ရှိပါတယ်။

တရုတ်နိုင်ငံခရီးစဉ် ဒုတိယမြောက်နေ့ကတော့ လွတ်လပ်စွာ ပြောဆိုဖော်ပြခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်နဲ့ လွတ်လပ်စွာသတင်းရဖို့ အခွင့်အရေးတွေဟာ လူတိုင်းရသင့်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေဖြစ်တဲ့အကြောင်း အမေရိကန်အပါအဝင် ကျောင်းသားတွေကို ပြောခဲ့ပါတယ်။ အဲဒီအခွင့်အရေးတွေနဲ့ပတ်သက်လို့ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ စိုးရိမ်မှုတွေ လျော့ပါးအောင်ဆောင်ရွက်နိုင်ဖို့ကိစ္စနဲ့ပတ်သက်လို့တော့ သမ္မတကတော် Michelle Obama က တစုံတရာ ပြောဆိုမှု မရှိခဲ့ပါဘူး။
XS
SM
MD
LG