သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ထိုင်းနိုင်ငံခရီးစဉ် အတွင်း ရွှေ့ေ့ပြာင်းအလုပ်သမားအရေး ဆွေးနွေးဖို့ရှိ


MYANMAR JOINT MONITORING COMMITTEE MEETING
MYANMAR JOINT MONITORING COMMITTEE MEETING

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က မကြာခင် သတင်းပတ်တွေ အတွင်း သွားရောက်မယ့် ထိုင်းနိုင်ငံခရီးစဉ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရှိတဲ့ ဘန်ကောက် မြို့ပြင်က မဟာချိုင် ငါးပုဇွန်လုပ်ငန်းခွင်ကို သွားရောက်ပြီး မြန်မာ အလုပ်သမားတွေနဲ့တွေ့ဆုံဖို့ရှိနေပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်ဟာ မဟာဗျူဟာအရလည်း အရေးပါပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း သတိနဲ့ကြိုဆိုကြောင်း ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ ဥက္ကဌကဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၅)ရက်နေ့ထိ သုံးရက်ကြာ သွားရောက်မယ့် ချစ်ကြည်ရေး ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်ဒေသမှာ ရှိတဲ့ မြန်မာ အလုပ်သမားတွေရဲ့ အခြေအနေကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေးကိုအလေးပေးဆောင်ရွက်နေကြောင်းသိရတဲ့အတွက် အလုပ်သမားတွေ ဘက်က စိတ်ဓါတ်ခွန်အား ဖြစ်စေတယ်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) ဥက္ကဌ ဦးစိန်ဌေးက ဗွီအိုအေကိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ၂၃ရက်နေ့လောက် မဟာချိုင်ကို လာဖို့ရှိတယ်လို့ ကြားတယ် ခင်ဗျ။ ရွေ့ပြောင်းလုပ်သားတွေနဲ့ တွေ့ဖို့က ဘယ်လို ပုံစံနဲ့ တွေ့ဖို့ ရှိသလဲ ဆိုတာတော့ အသေးစိတ် မသိသေးဘူးပေါ့။ မြန်မာ အစိုးရကော ထိုင်းအစိုးရကော ဘယ်လို စီစဉ်မလဲ ဆိုတာက ရှိသေးတာကို။ ဒေါ်အောင်ဆန်းစုကြည်က ရွေ့ပြောင်းလုပ်သားတွေရဲ့ အခန်းကဏ္ဍ အရေးပါတာကို အလေးထားတယ်။ အရင် အစိုးရမဖြစ်ခင်တုန်းက လာတွေ့ ခဲ့တာပေါ့နော်။ အဲဒီအချိန်တုန်းကလည်း သူက အခက်အခဲ ကြုံနေရတဲ့ ရွှေ့ုပြောင်းအလုပ်သမားတွေနဲ့ လာတွေ့ပြီး စကားပြောသွားတယ်။ အဲဒီတုန်းက အရင် အခြေအနေက ဘာမှ ပိုင်ပိုင်နိုင်နိုင် လုပ်ပေးနိုင်တဲ့ အခြေအနေ မရှိခဲ့ဘူး။ အခုအချိန်မှာတော့ ပိုင်ပိုင် နိုင်နိုင် လုပ်နိုင်တဲ့ အခြေအနေမှာ လာထပ်တွေ့တယ်လို့ ကျွန်တော်တို့က ထင်ပါတယ် ခင်ဗျ။”

အခုလို ဒေါ်အောင်ဆန်းစုကြည် မြန်မာ အလုပ်သမားတွေနဲ့ တကူးတက လာတွေ့တာက ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာအလုပ်သမားတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိလာနိုင်သလဲ ရှင့်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါပဲ ဖြစ်ဖြစ်၊ အစိုးရရဲ့ အရှိန်အဝါပဲ ဖြစ်ဖြစ် ထိုင်းနိုင်ငံက ရွေ့ပြောင်းလုပ်သားတွေ အပေါ်မှာ အနည်းဆုံး စိတ်ပိုင်း ဆိုင်ရာ တော်တော် လေးကို အကျိုးသက်ရောက်မှု ရှိနိုင်မှာပါ။ နောက်ပြီးတော့ အခုအချိန်မှာ အစိုးရ တစ်ရပ် ဖြစ်သွားတဲ့ အချိန်မှာ ရွေ့ပြောင်းအလုပ်သမားနဲ့ ပက်သက်ပြီး လတ်တလော ဖြေရှင်းရမယ့် ကိစ္စရပ်တွေ ရှိလာနိုင်ပါတယ်။ ရေရှည် ဖြေရှင်းရမယ့် ကိစ္စရပ်တွေ ရှိပါတယ်။ လတ်တလော ဖြေရှင်းရမယ့် ကိစ္စရပ်တွေမှာ ထူးခြား ချက်တွေ ရှိလာနိုင်တယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။ ဥပမာပြောရရင် လိပ်ခဲ တည်းတည်းဖြစ်နေတဲ့ အဖြေရှာ မရေသေးတဲ့ အဖြေ သိပ်မထွက်သေးတဲ့ ဗီဇာကုန်တော့မယ့် မြန်မာ လုပ်သားတွေကို ထိုင်းအစိုးရ၊ မြန်မာအစိုးရ အနေနဲ့ ဘယ်လို အဆင်ပြေအောင် လုပ်ပေးမလဲ ဆိုတဲ့ ကိစ္စတွေမှာ ထူးခြားချက် ရှိလာမယ့်လို့ ထင်ပါတယ် ခင်ဗျ။”

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရေးကိစ္စမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စဟာ အရေးပါတယ်လို့ ပြောပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ နိုင်ငံရေးမဟာဗျူဟာအရ အရေးပါကြောင်းလည်း ချင်းမိုင်အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနကို တည်ထောင်သူလည်းဖြစ်၊ လက်ရှိဥက္ကလည်းဖြစ်တဲ့ ဦးခွန်ဆိုင်းကပြောပါတယ်

“ ဒေါ်အောင်ဆန်းစုကြည် လာတယ်ဆိုတာ ထူးခြားတဲ့ ဟာ။ ပြောရမယ် ဆိုရင် သေနင်္က ဗျူဟာ ပြောမယ်ဆိုရင် ဗမာ ပြည်နဲ့ ထိုင်းနိုင်ငံဟာ ပိုပြီးတော့ နီးနီး ကပ်ကပ် ဆက်ဆံရမယ့် အခြေအနေမှာ ရှိနေတယ်။ အဲဒါကြောင့်မို့ အခုလာမယ့် ခရီးစဉ်မှာ ဆိုရင် အများအားဖြင့် မြန်မာကတော့ ဒီရွေ့ပြောင်းအလုပ်သမား ကိစ္စတွေကတော့ အလေးထားတဲ့ ကိစ္စဖြစ်တယ်။ ဒါတင်မကပဲ သူတို့က နိုင်ငံရေးတို့၊ သေနင်္ဂဗျူဟာရေးတို့၊ မူးယစ်ဆေးဝါး ကိစ္စတို့ ငြိမ်းချမ်းရေး ကိစ္စတို့ဆိုတာ မဖြစ်မနေ ဆွေးနွေးရမယ့် ကိစ္စလို့ ကျွန်တော် ထင်ပါတယ်။”

အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် ရေးမထိုးထားသေးတဲ့ ထိုင်း၊မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်ကို သတိနဲ့ကြိုဆိုသလို၊ မကြာခင်လပိုင်း အတွင်း ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က သူရဲ့သဘောထားကို ထိုင်းနိုင်ငံခရီးစဉ် အတွင်းမှာ ထုတ်ဖေါ်ပြောဆိုလိမ့်မယ်လို့မျှော်လင့်ထားကြောင်း ဦးခွန်ဆိုင်းက ဆိုပါတယ်။

“ သတိထားပြီးတော့ အကောင်းမြင်လိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကော၊ အိမ်ရှင် ဖြစ်တဲ့ ထိုင်းနိုင်ငံကရော ”ဒီအဒေသတွင်းမှာ ရှိနေတဲ့ အစိုးရအသီးသီး သိအောင်ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြောသွားလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ သို့သော်လည်းပဲ သူတို့နဲ့ လာတွေ့ဖို့ ဘာဖို့တော့ အချိန်မရှိပါဘူး။”

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အသေးစိတ်ကို သက်ဆိုင်ရာ အစိုးရတွေက အခုချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ခုနှစ် ဇွန်လ ဆန်း ပိုင်းက သွားခဲ့တဲ့ သူရဲ့ ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မဟာချိုင် ဒေသကို သွားရောက်ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ့နဲ့တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG