သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် ၄ ဖွဲ့ကို အကြမ်းဖက်အဖွဲ့ သတ်မှတ်ဖို့ ကာဝန် တိုက်တွန်း


ပြည်သူ့လွှတ်တော်။
ပြည်သူ့လွှတ်တော်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းလက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့ ၄ဖွဲ့ဟာ အရပ်သားပြည်သူတွေနဲ့ အခြေခံအဆောက်အဦးတွေကို ထိခိုက်ပျက်စီးစေတာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် လွှတ်တော်က သတ်မှတ်သင့်ပြီလို့ ယူဆကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေးသုံးသပ်သူတချို့ကတော့ ဒီလို သတ်မှတ်လိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရေး အတွက် အဟန့်အထားဖြစ်နိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခမှာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်သလို နိုင်ငံအချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်စေတာကြောင့် စိုးရိမ်ကြောင်း တင်သွင်းတဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးချိန်မှာ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ( MOI)
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ( MOI)

တိုင်းရင်းသားအဖွဲ့ ၄ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်သင့်ကြောင်းကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက အခုလို တင်ပြဆွေးနွေးခဲ့ပါတယ်။

" ယခုကဲ့သို့ အပြစ်မဲ့အရပ်သားများအား အကြောင်းမဲ့သေကြေဒဏ်ရာရစေခြင်း၊ စစ်ဘက်ပစ်မှတ် မဟုတ်တဲ့ အခြေခံအဆောက်အအုံများ၊ယာဉ်များ ဖျက်ဆီးခြင်း၊ ပြည်သူ့တို့ရဲ့ စီးပွားဥစ္စာ ပျက်စီးစေခြင်းတို့ကြောင့် KIA၊ TNLA၊ MNDAA နဲ့ AA အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် လွှတ်တော်မှ သတ်မှတ်သင့်သည်ဟု ယူဆပါကြောင်း တင်ပြလိုပါတယ်။"

ဒီအဖွဲ့အစည်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက မထောက်ပံ့စေဖို့ လွှတ်တော်က တိုက်တွန်းသင့်ကြောင်းလည်း ဆွေးနွေးခဲ့ပါတယ်။

" ဒါ့အပြင်KIA၊ TNLA၊ MNDAA နဲ့ AA အဖွဲ့များဟာ အကြမ်းဖက်မှုကို ကျူးလွန်တာဖြစ်တဲ့ အတွက် ယင်းအဖွဲ့များကို NGO များ၊ INGO များက လူသားချင်း စာနာထောက်ထားခြင်း ခေါင်းစဉ်နဲ့ ထောက်ပံ့နေမှုများကို ရပ်ဆိုင်းစေရန် လွှတ်တော်မှ တိုက်တွန်းသင့်သည်ဟု ယူဆပါကြောင်း တင်ပြလိုပါတယ်။"

နိုဝင်ဘာလ ၂၀ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၁၀ဦးသေဆုံးပြီး ၃၉ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ လမ်းတံတားဖျက်ဆီးခံရမှု၇ကြိမ်၊ လမ်းကြောင်းပိတ်ဆို့မှု ၇ကြိမ်၊ မြို့ရွာတွေပစ်ခတ်ခံရမှု၇ကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု ၇ကြိမ်ရှိကြောင်းနဲ့ တိုက်ပွဲရှောင်ပြည်သူ ၂သောင်းလောက် တရုတ်နိုင်ငံမှာ ခိုလှုံနေရကြောင်း ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ထည့်သွင်းတင်ပြခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က နိုင်ငံတော်က အတည်ပြုပြဌာန်းထားတဲ့ အကြမ်းဖက်ဥပဒေအရ လက်နက်ကိုင်အဖွဲ့၄ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်နိုင်ကြောင်း လည်း ထောက်ပြဆွေးနွေးခဲ့ပါတယ်။

ISP ခေါ် မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့က ဒါရိုက်တာတဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်လာနိုင်ကြောင်း သုံးသပ်ပါတယ်။

" အခုလိုမျိုး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ကျနော်တို့ဘက်က ပြန်မေးခွန်းထုတ်စရာရှိတာက NCA အတွက် တံခါးဖွင့်ထားတယ် ဆိုတာက ပိတ်သွားပြီလားဆိုတဲ့ အဓိပါယ်မျိုးလည်း ဖြစ်နိုင်တယ်။ နောက်တခုက ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတခုလုံးအတွက်က တချို့ပြသနာတွေ ဆက်ပြီး ဖြစ်နိုင်တဲ့အနေအထားဖြစ်တယ်ပေါ့။"

ရှမ်းပြည်နယ်မြောက်ပိုင်း အရေးကို စဉ်းစားမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ ဆက်စပ်မှုကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေကြောင်းလည်း ဦးအောင်သူငြိမ်းက ဆက်လက်ပြောပါတယ်။

" အထူးသဖြင့်ကတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှုကလည်း လိုပါတယ်။ အဲ့တာအပြင် မြောက်ပိုင်းပြသနာတွေမှာ ငြင်းလို့မရတဲ့ကိစ္စက အိမ်နီးချင်း တရုတ်နိုင်ငံနဲ့လည်း ပတ်သက်နေတဲ့ကိစ္စတွေ ရှိပါတယ်။ ဆိုတော့ ပတ်သက်နေတဲ့ ဆိုတာက အသိအမှတ်ပြုမှုကစလို့ နောက်ဆုံး နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေ ပေါင်းစုံမှာပါ ပါဝင်ပတ်သက်နေတဲ့အနေအထားရှိပါတယ်။ ဆိုတော့ အဲ့လိုအနေအထားမှာ ကျနော်မြင်တာကတော့ ဒီအခြေအနေတွေပါ အကုန်လုံး ထည့်တွက်ပြီး စဉ်းစားသင့်တယ်လို့တော့ ထင်ပါတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ပတ်သက်လို့ လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုကို ဆွေးနွေးအပြီး မဲခွဲရာမှာတော့ကန့်ကွက်သူများတာကြောင့် ဒီအဆိုကို လွှတ်တော်က မှတ်တမ်းတင်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG