သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ်ရဲ့ ဂျာမနီခရီးစဉ် ရည်ရွယ်ချက်


ဂျာမနီနိုင်ငံကို ချစ်ကြည်ရေးခရီး ထွက်ခွာမည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(အလယ်)ကို ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ်။
ဂျာမနီနိုင်ငံကို ချစ်ကြည်ရေးခရီး ထွက်ခွာမည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(အလယ်)ကို ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဧပြီ ၂၂ ရက်နေ့မှာ စတင်လိုက်တဲ့ ဂျာမနီနိုင်ငံ ခရီးစဉ်ဟာ ဂျာမနီ-မြန်မာ နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာအောင် ဆွေးနွေးဖို့ ရည်ရွယ်ပုံရတယ်လို့ ဘာလင်အခြေစိုက် ပညာရှင်တဦးကသုံးသပ်ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာမှ ဘာလင်မြို့မှာ မြန်မာစစ်သံရုံး ပြန်လည်ဖွင့်ခွင့် ရလာပြီးနောက် မြန်မာထိပ်ပိုင်း စစ်ခေါင်းဆောင်တဦး အခုလို ဂျာမနီနိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်တဲ့အပေါ် သုံးသပ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

တချိန်က အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ မြန်မာနဲ့ဂျာမနီ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး၊ အထူးသဖြင့် မြန်မာ့တပ်မတော်မှာ အသုံးများခဲ့တဲ့ G3/G4 ရိုင်ဖယ်လက်နက်တွေကို ဂျာမနီရဲ့အကူအညီနဲ့ မြန်မာနိုင်ငံမှာ ထုတ်ခဲ့တာပါ။ ဒီလို စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးခဲ့တဲ့ ဂျာမနီဟာ ၁၉၈၈ မြန်မာနိုင်ငံက လူထုအုံကြွ မှုကို စစ်တပ်က နှိမ်နင်းခဲ့ပြီးနောက်မှာ မြန်မာ-ဂျာမနီ စစ်တပ်ချင်း အဆက်ဆံဝေး သွားခဲ့ပြီး၊ အဲဒီနောက်ပိုင်း မှာလည်း ဂျာမနီပါဝင်တဲ့ ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချမှုအပါအဝင် အခြားသော ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာခဲ့ပါတယ်။ ဒါ့အပြင် ဂျာမနီနဲ့မြန်မာ နှစ်နိုင်ငံကြား စစ်သံရုံးတွေ ယာယီပိတ်ပစ်ခဲ့ပြီး အခု ၂၀၁၇ ခုနှစ်ထဲမှာမှ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မြန်မာစစ်သံမှူးရုံးကို ဖွင့်ခွင့် ပေးလာခဲ့ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဂျာမနီခရီးစဉ်ဟာ နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာအောင် ဆွေးနွေးဖို့ ရည်ရွယ်ပုံရတယ်လို့ ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ်ရဲ့ အရှေ့တောင်အာရှရေးရာ သုတေသနဌာန ကထိကဟောင်း ဦးခင်မောင်စောက သုံးသပ် ပါတယ်။

“ဗမာပြည်ကလည်း စစ်ရေးစစ်ရာကိစ္စ လက်နက်ကိစ္စတွေဆိုရင် တရုတ်တို့ ရုရှားတို့နဲ့ပဲ အရင်တုန်းက သူတို့ဆက်ဆံနေရတယ် မဟုတ်လား။ အဲဒါကို ထွက်ပေါက်ရှာချင်တဲ့ သဘောရှိမယ်။ ဦးနေဝင်းခေတ်တုန်းကတော့ ဂျာမနီက Fritz Werner ကုမ္ပဏီက ဗမာပြည်ကိုသွားပြီးတော့ G3/G4 တွေ လက်နက်တွေ သွားထုတ်ပေးခဲ့တဲ့ အစဉ်အလာ ရှိတယ်လေ။ အဲဒီ ဦးနေဝင်းခေတ် နောက်ပိုင်း၊ ၈၈ နောက်ပိုင်းမှာတော့ နည်းနည်းလေး ပြန်ပြီး စိမ်းသွား သလိုဖြစ်တော့၊ စစ်သံရုံးတွေဘာတွေ အခုပြန်ပြီးတော့ ဖွင့်တဲ့သဘောတွေ ဘာတွေ ရှိတဲ့အခါကျတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ဒီမှာ လာလည်မယ် ဆိုရင်တော့ ဆက်ဆံမှုက အရင်ကထက်စာရင် ပြန်ပြီးတော့ ကောင်း လာဖို့တော့ ရှိမှာပဲလေ။ ဗမာပြည်ကလည်း တရုတ်ကို မှီခိုနေရတဲ့ ဟာက နည်းနည်း ကင်းလွတ်ချင်စိတ် ပေါ်နေတာ တော်တော်ကြာပြီနဲ့တူတယ်။ အဲဒါဆိုတော့လည်း ဗမာပြည်အတွက်လည်း ကောင်းမှာပေါ့ဗျာ”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဂျာမနီခရီးစဉ် အသေးစိတ်ကို တပ်မတော်ဖက်က ထုတ်ပြန်ထားတာမျိုး မရှိပါဘူး။ ဂျာမနီနိုင်ငံက စစ်သံရုံးတွေမှာ စစ်သံမှူးရဲ့အဆင့်ဟာ များသောအားဖြင့် ဗိုလ်မှူးကြီးအဆင့်ကိုသာ ခန့်ထားလေ့ရှိပေမဲ့ မြန်မာ့တပ်မတော်က ဗိုလ်မှူးချုပ် တဦးကို ဂျာမနီဆိုင်ရာ စစ်သံမှူးအဖြစ် ခန့်ထားတာကိုကြည့်ရင် ဂျာမနီ-မြန်မာ စစ်ဖက်ဆက်ဆံရေးကို တိုးမြှင့်လိုပုံရတယ်လို့ ကထိကဟောင်း ဦးခင်မောင်စောက မြင်ပါတယ်။

“ ထူးထူးခြားခြားက ရောက်တဲ့စစ်သံမှူးက ဗိုလ်မှူးကြီးရာထူး အဆင့်တင်မဟုတ်ဘူး ဗိုလ်မှူးချုပ်ရာထူး ဖြစ်နေတယ်။ စစ်တပ်ချင်းကိုသူတို့ ဆက်ဆံရေး ပိုပြီးကောင်းအောင် ကြိုးစားနေပုံရတယ်။ ဘာဖြစ်လို့လဲဆို သူတို့အများအားဖြင့် စိတ်ဝင်စားနေတာက - ဒီအရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ နှစ်ခြမ်းပေါင်းတုန်းက အရှေ့ဂျာမနီစစ်တပ်ကို အနောက် ဂျာမနီစစ်တပ်ထဲ ဘယ်လိုပေါင်းစည်း ထည့်သွာသလဲဆိုတာ အဲဒါကို မြန်မာစစ်တပ်က စိတ်ဝင် စားပုံပေါ်တယ်။ ဘာလို့ဆို ဗမာပြည်မှာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဘာတွေနဲ့ အဖွဲ့ပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးနေတယ် မဟုတ်လား။ တကယ်လို့ ငြိမ်းချမ်းရေး အောင်မြင်လို့ရှိရင် တပ်တွေ ဘယ်လိုပေါင်းရမယ်ဆိုတာမျိုးကို စိတ်ဝင်စားပုံ ရတယ်”

ဂျာမနီနိုင်ငံ အနေနဲ့ကလည်း သူတို့ရဲ့ဖောက်သည်ဟောင်း မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းတွေ ရောင်းချလိုပုံရတယ်လို့ ဦးခင်မောင်စောက ပြောပါတယ်။

“ လွန်ခဲ့တဲ့ ၁နှစ် ၂နှစ်လောက်ကတည်းကိုက ဥရောပသမဂ္ဂမှာ ဗမာပြည်ကို Sanction လုပ်ဖို့ကိစ္စတွေဘာတွေဆို၊ ဦးသိန်းစိန်ခေတ်မှာ ကတည်းက ဒီ ဥရောပသမဂ္ဂထဲမှာ သူတို့ဆွေးနွေးနေကြတာက - အခြား ပိတ်ဆို့မှုတွေတော့ ဖွင့်ပေးမယ်ပေါ့၊ လက်နက်ရောင်းချဖို့ ဖွင့်မပေးဘူးဆိုတော့ အတိုက်အခံ တချို့က အဲ့ဒီမှာ သူတို့နိုင်ငံ အချင်းချင်းပဲ ငြင်းနေကြတာလေ။ စစ်လက်နက်ကို ငါတို့ပိတ်ထားလို့ရှိရင် သူတို့က ရုရှား ဆီကဝယ်၊ တရုတ်ဆီက ဝယ်နေရင် သူတို့ပဲမြတ်နေမှာပဲ၊ ငါတို့ဆီက လာဝယ်လို့ရှိရင် ငါတို့ကိုယ်တိုင်ရောင်းရင် ပိုမကောင်းဘူးလား …။ ငါတို့ဆီက ရောင်းတဲ့အတွက်ကြောင့် ငါတို့နဲ့ ဗမာပြည်နဲ့ စစ်တပ်ချင်းလည်း အဆက်သွယ် ရလာမယ်၊ အဲလိုနည်းနဲ့ ငါတို့က သူတို့နိုင်ငံက စစ်သား စစ်ဗိုလ်တွေကို ဒီမိုကရေစီ training ပေးသွားလို့ရတယ်။ အဲဒီတော့ ငါတို့လက်နက်ရောင်းတာ ပိုမကောင်းဘူးလား ဆိုပြီးတော့ ဆွေးနွေးပွဲတခု ထွက်လာဖူးတယ်။ အဲဒါ လွန်ခဲ့တဲ့ ၂နှစ်ကျော်ကျော်လောက်က။ အခုအချိန်က ဗမာပြည်မှာလည်း အပြောင်းအလဲ ရှိနေပြီဆိုတော့ ဗမာပြည်က ဝယ်ချင်တယ်ဆိုရင် သူတို့ရောင်းမှာပါ”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျာမနီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Volker Weiker ရဲ့ ဖိတ်ကြားချက်အရ ဂျာမနီနိုင်ငံကိုချစ်ကြည်ရေး အဖြစ် ဧပြီလ ၂၂ ရက် မနက် ၈ နာရီကျော်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး နဲ့အတူ ဇနီးဒေါ်ကြူကြူလှ၊ ကြည်း-ရေ-လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က တပ်မတော် အရာရှိကြီးတွေ လိုက်ပါသွားကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဂျာမနီနိုင်ငံကိုအသွား သြစတြီးယားနိုင်ငံကို အလုပ်သဘောအရ ခရီးတထောက် ဝင်ရောက်လည်ပတ်မှာဖြစ်ပြီး သြစတြီးယား တပ်မတော်စစ်ဦးစီးချုပ်နဲ့လည်း တွေ့ဆုံမှာဖြစ်သလို၊ စက်မှုလုပ်ငန်းတွေနဲ့ အထင်ကရနေရာတွေကို သွားရောက်လေ့လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG