သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထဲရေးလက်အောက် ဦးစီးဌာန ၅ခု ကွပ်ကဲမှုဆိုင်ရာ ထုတ်ပြန်ချက် ပြန်ပယ်ဖျက်


ပြည်ထဲရေးဝန်ကြီးဌာန (ဓါတ်ပုံ- Ministry of Home Affairs, Myanmar's Facebook)
ပြည်ထဲရေးဝန်ကြီးဌာန (ဓါတ်ပုံ- Ministry of Home Affairs, Myanmar's Facebook)

ထွေအုပ်၊ အကျဉ်းဦးစီး၊ ရဲတပ်ဖွဲ၊ မီးသတ်တပ်ဖွဲ့နဲ့ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန(၅)ခုလုံး ကို တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ကြီးကြပ်ကွပ်ကဲ မှု အောက်ဆိုတဲ့ စာသားကို ပယ်ဖျက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက မနေ့ အင်္ဂါနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဝန်ကြီးချုပ်တွေအနေနဲ့ ဒီဦးစီးဌာန (၅)ခုလုံးကို ကြီးကြပ်၊ စစ်ဆေး၊ ပေါင်းစပ် ညှိုနှိုင်းနိုင်တယ် လို့ ပြင်ဆင် လိုက်ကြောင်းဖေါ်ပြ ထားပါတယ်။

ဒါဟာ အုပ်ချုပ်ရေးမှာအရေးပါတဲ့ဦးစီးဌာနတွေကို ပြည်ထဲရေးဝန်ကြီးဌာနကပဲ ဆက်လက်ချုပ်ကိုင်သွားမှာ ဖြစ်သလို အပြောင်း အလဲတွေ ဆောင်ရွက်နေတယ် ဆိုတဲ့ NLD အစိုးရအပေါ် မျှော်လင့်ချက်တွေကိုလည်း အားနည်းစေတယ်လို့ သုံးသပ်သူတွေရှိပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

တိုင်းနဲ့ ပြည်နယ်အစိုးရအသီးသီးကို စက်တင်ဘာလ (၂၂)ရက်နေ့ ရက်စွဲနဲ့ ပြည် ထဲရေးဝန်ကြီးဌာန ကပေးပို့တဲ့ အကြောင်းကြားစာမှာ ထွေအုပ်၊ အကျဉ်းဦးစီး၊ ရဲ၊ မီးသတ်စတဲ့ ဒီဦးစီးဌာန (၅)ခုကို တိုင်း၊ ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးဌာနတွေရဲ့အောက်မှာ သင့်တော်သလို ထည့်သွင်းဖွဲ့စည်း တာဝန်ပေးဆောင်ရွက်ရန်လို့ ဖေါ်ပြခဲ့တာပါ။

ဒီထုတ်ပြန်ချက်ကြောင့် အရပ်သားဝန်ကြီးချုပ်တွေအနေနဲ့ ဒီဦးစီးဌာနတွေကို အုပ်ချုပ် ကွပ်ကဲနိုင်ပြီလို့ ပြည်သူအများက ယူဆခဲ့ကြပြီး NLD အစိုးရလက်ထက်မှာ စစ်တပ် ကချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က တကယ်ပဲ အပြောင်းအ လဲတွေပြုလုပ်လာပြီးလားလို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ အရင်ကြေ ညာ ချက် စာသားကို ပြန်လည်ပြင်ဆင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန က မနေ့က ထုတ်ပြန် ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ့အရေးလေ့ လာသုံးသပ်နေ သူ ဒေါက်တာ ရန်မျိုးသိမ်းရဲ့ အမြင်ကတော့-

“ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဌာန (၅)ခုနဲ့ပတ်သက်တဲ့ကိစ္စက တ ကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြပ်အတည်းနဲ့ တိုက်ရိုက်ဆက် စပ်နေတယ်လို့ ကျနော်ကတော့ မြင်တယ်။ တကယ်တမ်းကတော့ ခုနပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီးဟာ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ လက်ရှိ တပ်မတော်အရာရှိကြီးဖြစ်နေတဲ့အခါကျတော့ သူရဲ့စီမံခန့်ခွဲ မှုအောက်မှာ ဒီဌာန (၅)ခုက ရှိနေ တယ်လို့ ပြောလို့ရတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ (၂၅၆)အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအနေနဲ့ သူ့လက်အောက်မှာ ရှိတဲ့ ဝန်ကြီးဌာနတွေကို သူက စီမံခန့်ခွဲတာ၊ လမ်းညွှန်တာ၊ ကြီးကြပ်တာ၊ စစ်ဆေးတာ နောက် ပေါင်းစပ်ညှိုနှိုင်းပေးတာ အဲဒီလောက်ကိုပဲ သူကလုပ်ပိုင် ခွင့် ပေးထားတဲ့အခါကျတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မှာပါတဲ့ ပြဌာန်းချက်ပေါ်မှာ အကိုးအကားလုပ်ပြီး ဒီပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သူ့လက်အောက်မှာရှိတဲ့ ဌာန (၅)ခုရဲ့လုပ်ပိုင်ခွင့်ကို မူလအနေအထား အတိုင်း ပြန်ပြီးတော့ ကန့်သတ်ထား တာလို့ ကျနော်ကမြင်တယ်။”

မေး။ ။ အခုလို တဖက်မှာလည်း ဖွဲ့စည်းပုံအကြပ်အတည်းကလဲရှိနေတော့ ဒီဦးစီး ဌာနတွေကို အရပ်သားအုပ်ချုပ်မှုအောက် ထားဖို့ဆို တဲ့ ပြည်သူတွေမျှော်လင့်သလို အပြောင်းအလဲဖြစ်ဖို့ ဘယ်လို နည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်မလဲရှင့်။

“ကျနော်အမြင်ကတော့ တကယ်တမ်းက တိုင်းဒေသကြီး နဲ့ ပြည်နယ် အုပ်ချုပ်ရေး ဥပဒေ၊ ခရိုင်အုပ်ချုပ်ရေးဥပဒေ၊ မြို့နယ်အုပ်ချုပ်ရေး ဥပဒေတွေ ကို ပြည်ထောင်စု လွှတ်တော်ကနေ အမြန်ဆုံးပြဌာန်းဖို့ လိုအပ်တယ်။ အဲဒီဥပဒေတွေအရ မဲပေးပိုင် ခွင့်ရှိသူ ပြည်သူလူထုကနေ တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ အုပ်ချုပ်ရေးအ ဖွဲ့တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာရော ခရိုင်မှာရော မြို့နယ်မှာရော အမြန်ဆုံး ဖွဲ့စည်းတာဝန်ပေးနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ပြီးတဲ့အခါကျလို့ရှိရင် အဲဒီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ ဌာနတွေထဲက တခုပဲဖြစ်သင့်တယ်လို့ မြင်တယ်။”

မနေ့က ပြည်ထဲရေးဝန်ကြီးဌာနကနေ တိုင်းနဲ့ ပြည်နယ်အစိုးရတွေကို ပေးပို့တဲ့ အကြောင်းကြားစာမှာတော့ အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန စတဲ့ ဌာန (၅)ခုကို တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုဖြင့် "သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ် ဝန်ကြီးဌာနတွေအောက်ကို သင့်တော်သလို ထည့်သွင်း ဖွဲ့စည်း သွားဖို့" ဆိုတဲ့ မူလ စာသားကို ပယ်ဖျက်ပြီး၊ "သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ် ဝန်ကြီးချုပ်တွေ အနေနဲ့ တည်ဆဲဥပဒေတွေအရ ကြီးကြပ် စစ်ဆေး ပေါင်းစပ် ညှိနှိုင်းနိုင်တယ်" လို့ ပြင်ဆင်ပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး လက်မှတ်နဲ့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG