သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Myanmar Now ကိုဆွေဝင်းဖက် သာသနာရေးဝန်ကြီးဌာန ရပ်တည်


Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း ကို ကျောက်တံတားရဲစခန်းမှာ စစ်ချက်ယူ
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း ကို ကျောက်တံတားရဲစခန်းမှာ စစ်ချက်ယူ

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို တရားစွဲဆို အမှုဖွင့်ခံထားရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနရဲ့ သဘောထား မှတ်ချက်တွေကို ဒီကနေ့ (ဧပြီလ ၅ရက်နေ့) ရက်စွဲနဲ့ အကြောင်းပြန်ကြားလိုက်တာ ဟာ လက်ရှိကိစ္စရပ်တွေအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ ကိုဆွေဝင်းရဲ့ဥပဒေအကြံပေးပုဂ္ဂိုလ် တရားလွှတ်တော်ရှေ့နေ ကြီး ဦးခင်မောင်မြင့်က ပြောပါတယ်။ သာသနာရေးဝန်ကြီးဌာနဘက်ကတော့ ဒါဟာ ကြားဝင်ညှိနှိုင်းပေးတာမျိုးမဟုတ်ဘဲ ကိုဆွေ ဝင်းရဲ့တင်ပြမှုအပေါ် ဥပေဒေရှုထောင့်ကနေ သုံးသပ်ပြီး သဘောထား ထုတ်ပြန်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

ကိုဆွေဝင်းကို မန္တလေးမှာ အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၇) ရဲစခန်း တာဝန်ရှိသူတွေ က ရန်ကုန်မြို့၊ ကျောက်တံတားရဲစခန်းမှာ ကိုဆွေဝင်းကို စစ်ချက်ယူတာ၊ သက်သေခံပစ္စည်း ရယူတာတွေ လုပ်ပြီးတဲ့နောက် ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က သတင်းထောက်တွေကို အခုလိုပြောလိုက်တာပါ။

“အခုဒီ သာသနာရေးဝန်ကြီးဌာနကိုယ်တိုင်က ဒီသုံးနှုန်းထားတဲ့ စကားလုံးတွေ သူ့ဖော်ပြချက်တွေ ၊ အသရေဖျက်မှု မမြောက်ဘူးလို့ ဥပဒေအကိုးအကားတွေနဲ့ ပြီးရင် ကျနော်ပေးပါ့မယ် ဆရာတို့ ဓါတ်ပုံရိုက်သွားလို့ရတယ်။ ကျနော်ဒီမှာလည်း သူတို့ဆီကနေ တရားဝင် ကျနော်တို့ ယူလာခဲ့တယ်၊ ဒီမှတ်ချက်ပေးလိုက်တဲ့အတွက်ကြောင့် ဒီအမှုကြီးပေါ်မှာ အများကြီးအကျိုးသက်ရောက်မှုရှိသွားတာပေါ့နော်။ ထို့အတူပဲ တပြိုင်နက်တည်းမှာ ကိုဆွေဝင်းကို အရေးယူပေးဖို့ဆိုပြီး လက်မှတ်ထိုးတောင်းဆိုနေကြတဲ့ လှုပ်ရှားမှုတွေလည်း ဒီမှတ်ချက်ကြောင့် ဒါရပ်တန့်သွားနိုင်တယ် အဲဒီအပေါ်မှာလည်း ဒါအကျိုးသက်ရောက်မှု ရှိတာပေါ့နော်။”

ဦးဝီရသူရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ ရေးသားချက်တွေကို ကိုဆွေဝင်းက ရေးသားတဲ့အတွက် ဆက်သွယ်ရေးဥပဒေနဲ့ မဟာ အောင်မြေရဲစခန်းမှာ အမှုဖွင့်ထားတာ၊ သာသနာညှိုးနွမ်းစေတယ်ဆိုတဲ့ စွဲချက်နဲ့ ကျောက်တံတား တရားရုံးမှာ အမှုဖွင့်တိုင်ကြား ထားတာတွေအပေါ် သဘောထား မှတ်ချက်ပေးဖို့ ဧပြီလ ၃ ရက် ရက်စွဲနဲ့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဆီကို ကိုဆွေဝင်းက တင်ပြခဲ့တဲ့အပေါ် သာသနာရေးဝန်ကြီးဌာနက ဧပြီ ၅ ရက်နေ့ ရက်စွဲနဲ့ သဘောထားမှတ်ချက် ထုတ်ပြန်လိုက်တာ ပါ။

သာသနာရေးဝန်ကြီးဌာနရဲ့ အကြောင်းပြန်ကြားချက်ထဲမှာတော့ ဖြစ်ရပ်တွေနဲ့ ဥပဒေပုဒ်မတွေကို ကိုးကားပြီး ကိုဆွေဝင်းရဲ့ ရေးသားပြောဆိုချက်တွေဟာ ဦးဝီရသူကို အသရေဖျက်ရာ မရောက်ဘူးလို့ သုံးသပ်ကြောင်း၊ သာသနာတော်နဲ့ ပတ်သက်ပြီး ဘယ်လိုညိစွန်းချက်မှ မပါရှိကြောင်း ဖော်ပြထားပါတယ်။

သာသနာရေးဝန်ကြီးဌာနအနေနဲ့ အမှုကိစ္စတွေမှာ ကြားဝင်ညှိနှိုင်းပေးတာမျိုးမဟုတ်ဘဲ ဥပဒေ ရှုထောင့်ကနေ သုံးသပ်ပြီး ဝန်ကြီး ဌာနရဲ့ သဘောထားကို ထုတ်ပြန်ပေးတာသာဖြစ်တယ်လို့ သာသနာရေးဝန်ကြီးဌာန၊ မူဝါဒနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်း စိစစ်ရေးနဲ့ လုပ်ငန်းစစ်ဆေးရေးဌာနခွဲရဲ့ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

“သာသနာရေးဝန်ကြီးဌာန သဘောထားကတော့ ကျနော်တို့ကဒါ ဦးဆွေဝင်း ကျနော်တို့ ဝန်ကြီးဌာနကို သူ့အနေအထားနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့ တင်ပြတယ်။ တင်ပြတဲ့အချိန်မှာ သူက အခု ၂ ချက်ပေါ့လေ။ ပုဒ်မ ၆၆ (ဃ) နဲ့ သူ့ကို တိုင်ကြားထားတယ်။ နောက် ၂၉၅ (က) နဲ့ အမှုဖွင့်ထားတယ်။ အဲဒီအချက်၂ ချက် သူတင်ပြထားတဲ့ အချက်ပေါ်မှာပဲ မူတည်ပြီးတော့ ကျနော်တို့က တချက်ချင်းအနေနဲ့ ဒါ ကျနေ်ာတို့ ဝန်ကြီးဌာန ဥပဒေရှုှု့ထောင့်ကနေ သုံးသပ်ပြီးတော့ ဒါသူ့ကို အကြောင်းပြန်တဲ့ သဘောပါခင်ဗျ။ ကြားဝင် ညှိနှိုင်းတာကတော့ မဟုတ်ပါဘူး အခုလက်ရှိ ဒါဖြစ်လာတဲ့ အနေအထားမှာ တင်ပြလို့ ကျနော်တို့ အကြောင်းပြန်တဲ့ သဘောပါပဲခင်ဗျ။”

ဦးဝီရသူ ပါရာဇိကကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီ ဆိုတဲ့အကြောင်းတွေ လူမှုကွန်ယက်မှာ ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုဆွေဝင်းကို မန္တလေး အမှတ် ၇ ရဲစခန်းမှာ ကိုကျော်မျိုးရွှေဆိုသူက ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားပါတယ်။ ဒါ့အပြင် ရန်ကုန် ကျောက်တံတားမြို့နယ် ရဲစခန်းမှာလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅ (က)နဲ့ တခြားတဦးက အမှုဖွင့်ထားပါသေးတယ်။

ဒီအတောအတွင်းမှာပဲ ဦးဝီရသူကို ရာဇသတ်ကြီး ဥပဒေအရ အရေးယူပေးဖို့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတဦးက မြို့နယ်တရားရုံး ကို ဦးတိုက် လျှောက်ထားမှုအပေါ် တရားရုံးက အင်္ဂါနေ့မှာပဲ ပယ်ချလိုက်ပါတယ်။ တခါ အဲဒီတရက်ထဲမှာပဲ ကိုဆွေဝင်းကို ဘာသာသာသနာအပေါ် စော်ကားမှုနဲ့ အရေးယူပေးဖို့ လူ ၈၀၀၀ကျော်ရဲ့ လက်မှတ်ကောက်ယူပြီး မဘသ အဖွဲ့က မန္တလေးတိုင်း သာသနာရေး ဦးစီးဌာနကို တောင်းဆိုထားတာလဲရှိပါတယ်။

ဘာသာတခုနဲ့တခုကြား အမုန်းတရားပွားစေတဲ့၊ ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင် တဲ့ ဟောပြောမှုတွေ လုပ်နေတာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကတည်းက ဦးဝီရသူ ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားဟောခွင့် ပိတ်ပင်ထား တာလဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG