သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Miss Burma စာအုပ် ဝါရှင်တန်မှာ မိတ်ဆက်


Charmaine Criag ရဲ့ Miss Burma ဝတ္ထု စာအုပ် မိတ်ဆက်ပွဲ။ ဝါရှင်တန် မေလ ၁၅ ၂၀၁၇။
Charmaine Criag ရဲ့ Miss Burma ဝတ္ထု စာအုပ် မိတ်ဆက်ပွဲ။ ဝါရှင်တန် မေလ ၁၅ ၂၀၁၇။

မြန်မာအလှမယ်ဘဝကနေ ကျော်ကြားတဲ့ ကရင်အမျိုးသမီး သူပုန်ခေါင်းဆောင် ဖြစ်လာသူ နော်လူဝီစာဘင်ဇင် ခရိတ်ခ် ရဲ့ အကြောင်း ရေးသားထားတဲ့ Miss Burma ဝတ္ထုစာအုပ် မိတ်ဆက်ပွဲကို ဝါရှင်တန် ဒီစီမြို့တော်မှာ အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။ ၁၉၅၆ ခုနှစ် အသက် ၁၅ နှစ် အရွယ်မှာ မယ်ဗမာဆု ရခဲ့တဲ့ နော်လူဝီစာဘင်ဇင်ရဲ့ အကြောင်း သမီးဖြစ်သူ Charmaine Criag (ရှာမိန်း ခရိတ်ခ်) ရေးသားထားတာဖြစ်ပါတယ်။

ကိုလိုနီခေတ် အတွင်း အဖွား ဖြစ်သူကရင်တိုင်းရင်းသူနဲ့ အဖိုးဖြစ်သူ ဂျူးလူမျိုး တယောက်တို့ရဲ့ အိမ်ထောင်ရေး ၊ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ တိုင်းရင်းသား ပြည်နယ်တွေ ပေါ်ပေါက်လာရတဲ့ အကြောင်းတွေကို နိုင်ငံရေး နောက်ခံထားပြီး ဘဝပုံရိပ်လွှာ အဖြစ် ပုံဖော်ထားရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။

Miss Burma စာအုပ်နဲ့ပတ်သက်လို့ စာရေးဆရာမ ရှာမိန်းခရိတ်ခ် ဘာတွေ ထူးထူးခြားခြား ပြောသလဲဆိုတာကို ဒီဝတ္ထုစာအုပ်မိတ်ဆက်ပွဲကို ကိုယ်တိုင်သွားရောက်ရှိသတင်းယူနေတဲ့ မအင်ကြင်းနိုင်ကိုဆက်သွယ်မေးမြန်းကြည့်မှာ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲတော့ မအင်ကြင်းရေ ဒီ စာရေးဆရာမ Charmaine Criag (ရှာမိန်း ခရိတ်ခ်) က သူ့မိခင်အကြောင်းရေးတဲ့ Miss Burma ဆိုတဲ့ စာအုပ်ကို သူက ဘယ်လိုရည်ရွယ်ချက်တွေ စိတ်ကူးတွေနဲ့ ရေးခဲ့တာလို့ ပြောသလဲ ခင်ဗျ။

မအင်ကြင်းနိုင်။ ။ အဓိက ကတော့ သူ့အမေ ဖြစ်တဲ့ နော်လူဝီစာဘင်ဇင် ရဲ့ ဖြတ်သန်းမှုဟာ တကယ့်ကို ထူးခြားတဲ့ နော် အမျိုးသမီး တယောက်ရဲ့ ဘ၀ ဖြတ်သန်းမှုလို့ သူက ပြောပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အမေက ဆယ်ကျော်သက် ဘ၀ မှာပေါ့နော် သူ မြန်မာနိုင်ငံမှာ မြန်မာ အလှမယ် အဖြစ် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ အခါမှာလည်း ရင်ဆိုင်ခဲ့ရတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့တယ်။ အခက်အခဲတွေလည်း ရှိခဲ့တယ်။ ဒါတွေကို သူရအောင် ကျော်ဖြတ်ပြီးတော့ အလှမယ်ဘွဲ့ ရခဲ့တယ်ပေါ့နော်။

သူ့ရဲ့ စိတ်ဓာတ် ခိုင်မာမှု၊ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ၊ အဲဒီကမှ တဆင့် သူ့အမေဟာ ဒီ ကရင်လူမျိုးတွေ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ့နော် တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ သူ့အမေဟာ တကယ့် ကရင်သူပုန် ပေါ့နော်။ ခေါင်းဆောင် တဦး၊ လူအများသိတဲ့ ခေါင်းဆောင် တဦး ဘဝကို ရောက်ခဲ့ရတယ်။

အဲဒီလို ရောက်ခဲ့တဲ့ အချိန်မှာလည်း သူ့အမေရဲ့ ဖြတ်သန်းမှုတွေဟာ အလွန်ကိုဘဲ ခက်ခဲခဲ့တယ်။ ကြမ်းတမ်းခဲ့တယ် ပေါ့နော်။ အဲတော့ သူ့အမေဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ပေါ့နော် ဘဝကို အရှုံးမပေးဘဲနဲ့ ဒီ တောထဲမှာပေါ့နော် ကရင်သူပုန် ခေါင်းဆောင်ရဲ့ အမျိုးသမီး အဖြစ်နဲ့ နေခဲ့ရတယ်။ အဲဒီကမှ တဆင့် ဒီ အမေရိကန် နိုင်ငံကို ရောက်ရှိလာတယ်။ အဲဒီမှာ နောက် သူ့အဖေ ဖြစ်သူနဲ့ လက်ထပ်ပြီးတော့ပေါ့နော် သူတို့ကို မွေးဖွားခဲ့တယ် ပေါ့လေ။

အဲတော့ သူ့အမေရဲ့ စိတ်ဓာတ် ခိုင်မာမှု ပေါ့နော်။ သူ့အမေရဲ့ ထူးခြားတဲ့ စရိုက် လက္ခဏာတွေဟာ သူ့အတွက် တကယ့်ကို ဟို သင်ယူစရာ ဖြစ်တယ်ပေါ့နော်။ သူ အဲဒီအတွက်ကြောင့် သူ့အမေရဲ့ ဖြတ်သန်းမှုဟာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ အတွက် သူ ဝတ္ထုတပုဒ် အနေနဲ့ပေါ့နော် သမိုင်း အချက်အလက်တွေ အပေါ် မူတည်ပြီးတော့ သူ ရေးခဲ့တာ ဖြစ်ပါတယ်ရှင့်။

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ ဒီ စာရေးဆရာမ Charmaine က မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ကော သူက ဘယ်လောက်ထိ ဟုတ်လား ဘယ်လောက်ထိ ထိတွေ့ ထဲထဲဝင်ဝင် ရှိလဲ ခင်ဗျ။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အဲဒီ မေးခွန်းကိုလည်း ကျမ သူ့ကို မေးပါတယ်။ သူကတော့ ပွင့်ပွင့်လင်းလင်း ပြန်ဖြေပါတယ်ပေါ့နော်။ သူက တကယ်တန်း အမေရိကန်မှာ ကြီးတဲ့ ဒီ ကရင်သွေး တဝက်ပါတဲ့သူ ဆိုပေမယ့် သူ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ထဲထဲဝင်ဝင် မလုပ်ဖြစ်ဘူး။ သူ မသိဘူးပေါ့လေ။ ဒါပေမယ့် ဒီ အမေရိကန် နိုင်ငံမှာ ရှိနေတဲ့ ကရင် ဒုက္ခသည်တွေ နောက် ကရင် လူမျိုးရေးရာ ကိစ္စတချို့ကို သူ တတ်နိုင် သလောက်ပေါ့နော် သူ နေထိုင်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ် တဝိုက်မှာတော့ သူက ကူညီ ပံ့ပိုး ဆောင်ရွက်ပေးနေပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ နောက်ပြီးတော့ ဒီ Miss Burma စာအုပ်ရေးတဲ့ စာရေးဆရာမ Charmaine Criag (ရှာမိန်း ခရိတ်ခ်) က ဒါ သူ့ရဲ့ ပထမဦးဆုံး စာအုပ်လား။ ပြီးတော့ သူက ဒီ စာရေးစရာ အလုပ်အပြင် အခြား ဘယ်လို အလုပ်တွေ လုပ်တယ်လို့ သိရသေးလဲ။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ ဒါက ဒုတိယမြောက် ထုတ်ဝေတဲ့ စာအုပ် ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ဝတ္ထုကတော့ The Good Man လို့ ခေါ်ပါတယ်။ အဲဒီ စာအုပ်ကလည်း National Bestseller ဒီ အမေရိကန် နိုင်ငံမှာ အရောင်းရဆုံး စာအုပ် ဖြစ်ခဲ့ပြီးတော့ ဘာသာစကား ၆ မျိုး ကနေပြီးတော့ ဒီစာအုပ်ကိုလည်း ဘာသာပြန်ဆိုပြီးတော့ ထုတ်ဝေခဲ့ပါတယ်ရှင့်။

အဲတော့ သူက လက်ရှိ University of California- Riverside ပေါ့လေ အဲဒီမှာ သူက စာသင်ကြား ပို့ချပေးနေပါတယ်။ အရင်ကတော့ သူက ဒီ ရုပ်ရှင် သရုပ်ဆောင်ပေါ့နော်။ ရုပ်ရှင်တွေ နောက်ပြီးတော့ တီဗွီဇာတ်လမ်းတွဲတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်ရှင့်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဟုတ်ကဲ့ ဒီနေ့ပွဲမှာ ဒီစာအုပ်နဲ့ ပတ်သက်ပြီးတော့ပေါ့ လူစိတ်ဝင်စားမှု ဘယ်လောက် ရှိတာ တွေ့ရပါလဲ။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ ဒီပွဲကို လာကြတဲ့လူတွေကတော့ တကယ့် မြန်မာ့ အရေးပေါ့နော် ထဲထဲဝင်ဝင် စိတ်ဝင်စားနေတဲ့သူတွေပါ။ အားလုံးပေါင်း ၅၀ လောက်တော့ ရှိပါတယ်ရှင့်။ ဆိုတော့ သူတို့က တကယ့်ကို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားပြီးတော့ မြန်မာ့ အရေးကို လုပ်ဆောင်နေတဲ့သူတွေလည်း တက်ရောက်ကြတယ်။ နောက်ပြီးတော့ တချို့ ဒီ သံတမန် အသိုင်းအဝိုင်းကလည်း လာကြပါတယ်ရှင့်။

Miss Burma စာအုပ် ဝါရှင်တန်မှာ မိတ်ဆက်
please wait

No media source currently available

0:00 0:04:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG