သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပယင်းထဲ ဒိုင်နိုဆောအမြီးတွေ့


 မြန်မာ့ပယင်းထဲ ဒိုင်နိုဆောအမြီးတွေ့ http://news.nationalgeographic.com
မြန်မာ့ပယင်းထဲ ဒိုင်နိုဆောအမြီးတွေ့ http://news.nationalgeographic.com

မြန်မာနိုင်ငံထွက် ပယင်းထဲမှာ တလက်မခွဲနီးပါးရှိတဲ့ ဒိုင်နိုဆောရဲ့ အမြီးပိုင်း ရုပ်ကြွင်း ရှိနေတာကို ကျောက်ဖြစ်ရုပ်ကြွင်းဗေဒ ပညာရှင်တွေ ရှားရှားပါးပါး ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ ဒီရုပ်ကြွင်းဟာ ဒိုင်နိုဆောရဲ့ အမြီးပိုင်းက အရိုး၊ အသားနုလေးတွေနဲ့အတူ နူးညံ့တဲ့ အမွှေးလေးတွေ မပျက်မစီးပဲ ရှိနေတာ ဖြစ်ပါတယ်။

ဒီပယင်းကို ကချင်ပြည်နယ် ဟူးကောင်းတောင်ကြားဒေသမှာ ရှိတဲ့ ပယင်းမိုင်းတွေကနေ တရုတ်မြန်မာ နယ်စပ် ပယင်းဈေးထဲမှာ လာရောက် ရောင်းချတဲ့ သူတွေဆီက သုတေသန ပညာရှင်တွေ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘူမိသိပ္ပံတက္ကသိုလ်က ကျောက်ဖြစ် ရုပ်ကြွင်းပညာရှင် Lida Xing ဦးဆောင်တဲ့ သုတေသန ပညာရှင်တွေက သစ်သား ရုပ်ကြွင်း ပါတဲ့ ပယင်းအဖြစ်နဲ့ ရောင်းချနေတဲ့ ဒီပယင်းကို ဝယ်ယူခဲ့ပြီး ဆန်းစစ်ကြည့်ရာကနေ လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၉၉ သန်းလောက်က အသက်ရှင် နေထိုင်တဲ့ ဒိုင်နိုဆောရဲ့ အမြီးပိုင်း ဖြစ်နေတာကို တွေ့ရှိခဲ့တာပါ။

ဒီတွေ့ရှိချက်ကို ဒီဇင်ဘာလထုတ် ဇီဝဗေဒစာစောင်မှာ ဖေါ်ပြထားပြီး အခုလိုတွေ့ရှိမှုကနေ ဒီ ဒိုင်နိုဆောမျိုးစိတ်တွေရဲ့ အမွှေးတွေဖြစ်တည်ပုံ အဆင့်ဆင့်ကို ပိုပြီး နားလည်လာမယ်လို့ မျှော်လင့်ထားတာပါ။

စာတမ်းကို ပူးတွဲရေးသားသူ ကနေဒါနိုင်ငံ Royal Saskatchewan တော်ဝင် ပြတိုက်က ရုပ်ကြွင်းပညာရှင် Ryan McKellar ကတော့ ဒိုင်နိုဆောတွေရဲ့ အမွှေးအတောင်တွေ ကိုပိုပြီး တွေ့ရှိလာလေလေ သူတို့ရဲ့ အနေထားကို ပိုသိလာနိုင် လေလေဖြစ်ပြီး သူတို့မှာ အကြေးခွံတွေနဲ့ ဖုံးနေမယ်လို့ ထင်ရတာထက် ငှက်တွေနဲ့ ပိုတူနေတာကို တွေ့လာရတယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် ဒီရုပ်ကြွင်းကို တွေ့တာဟာ တသက်မှာ တခါတွေ့တာလို့ သိပ်တန်ဖိုးရှိကြောင်း လည်းပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG