သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီအမတ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ကျေအေးပြီး


တနင်္သာရီအမတ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ကျေအေးပြီး (credit to တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အောင်ကျော်ဟိန်း)
တနင်္သာရီအမတ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ကျေအေးပြီး (credit to တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အောင်ကျော်ဟိန်း)

တနင်္သာရီတိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်တစ်ဦးက ဒေသခံတဦးကို ကိုယ်ထိလက်ရောက် ထိခိုက်ဖို့ ကြိုးစားတာကိုပြတဲ့ ဗွီဒီယို တစ်ခု အွန်လိုင်းစာမျက်နှာမှာ မနေ့က ထွက်ပေါ်ခဲ့ပြီးတဲ့နောက် လွတ်တော်အမတ်ကိုယ်တိုင်က ဒီကနေ့မှာ တောင်းပန်ပြီး ၂ ဦးသဘောတူ ကျေအေးလိုက်ကြပါတယ်။ လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လူထုနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ သဘောထားကြီးစွာ ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကလည်း သုံးသပ်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

တနင်္သာရီ တိုင်းဒေသကြီး ပ၀ ကျေးရွာအုပ်စုက ကိုထွန်းလှဆိုတဲ့ ပြည်သူတစ်ဦးကို တိုင်းဒေသကြီး လွတ်တော်အမတ်က ကိုယ်ထိလက်ရောက် ထိခိုက်ဖို့ကြိုးစားတဲ့ ဗွီဒီယို ဖိုင်တစ်ခု မနေ့ တနင်္လာနေ့က ဖေ့ဘုတ်လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ တနသာၤရီတိုင်းဒေသကြီး မဲဆန္ဒနယ်၂ လွတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကိုယ်တိုင်က အဲဒီ့ရွာကို သွားရောက်ပြီး ဒေသခံပြည်သူတွေကို တောင်းပန်ခဲ့တယ်လို့ ဦးရဲမြင့်ဆွေက ဗွီအိုအေကို ပြောပါတယ်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ မဲဆန္ဒနယ်ပြည်သူတွေကို ပြန်ပြီးတော့ တောင်းပန်ပါတယ်ခင်ဗျ၊ ကျေအေးမှုတော့ရပါတယ်။ သူလည်း ပထမဦးဆုံးတော့ ဒီလိုဖြစ်တဲ့အခါကျတော့ ရှက်လည်းရှက်တယ် ဒေါသလည်းထွက်မိတယ်ပေါ့နော် နောက်ပိုင်းကျတော့ အကုန်လုံးအတွက်ကောင်းဖို့ လုပ်တယ်ဆိုတဲ့ပုံစံမျိုး သဘောပေါက်သွားတဲ့အခါကျတော့ သူလည်း သဘောပေါက်သွားတယ်။ အဲဒီလက်ရောက်မှု ဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ Video ထဲမှာ မရှင်းတာလေး ပေါ်သွားတာက ကျနော်က ရည်ရွက်ချက်ရှိရှိနဲ့ သူ့ကို ရိုက်တယ်ဆိုပြီး ပုံစံမျိုး ဖြစ်သွားပါတယ်ခင်ဗျ ။ အမှန်တကယ်ကတော့ ကျနေ်ာသူ့ကို ရိုက်ဖို့လည်း ရည်ရွယ်ချက်မရှိပါဘူးခင်ဗျ ၊ သူ့ကို ကျနော်ဆွဲထုတ်ဖို့ ဒီအခန်းထဲကနေ ခင်ဗျား ထွက်သွားဆိုပြီးတော့ ကျနော်ဆွဲထုတ်တာပါခင်ဗျ။ အခု ကာယံကံရှင်နဲ့ တွေ့တဲ့အခါကျတော့ ကာယံကံရှင်က သူတောင်မသိပါဘူးတဲ့ အခုအွန်လိုင်းမှာ တက်တယ်ဆိုတာကို။”

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က တနင်္သာရီတိုင်းဒေသတွင်း ပဝကျေးရွာအုပ်စု ချောင်းထဲကျေးရွာအတွင်းမှာရှိတဲ့ စာသင်ကျောင်း တည်ဆောက်နေတာနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ကွင်းဆင်း လေ့လာစစ်ဆေးရာကနေ ဒီဖြစ်ရပ်ဖြစ်ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပါတီစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြောဆိုထားပါတယ်။ လွတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကတော့ ဒီဖြစ်စဉ်ကို တနင်္သာရီတိုင်းဒေသကြီး NLD ပါတီကို အစီရင်ခံစာ တင်ထားပြီး ပါတီက အရေးယူ ဆောင်ရွက်မယ်ဆိုရင်လည်း သူ့အနေနဲ့ လက်ခံသွားမှာဖြစ်တယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဗွီဒီယိုတက်ပြီးသွားတဲ့နောက်ပိုင်း ကျနေ်ာပါတီ တာဝန်ရှိတဲ့လူတွေကို ကျနော်အကြောင်းကြားထားပါတယ်။ တာဝန်ရှိတဲ့လူတွေဆိုတဲ့နေရာမှာ ကျနော်ကတော့ ဗဟိုကိုတော့ လက်လှမ်းမမှီပါဘူးခင်ဗျ။ ကျနေ်ာတိုင်းမှာ တာဝန်ရှိတဲ့လူတွေကို အကြောင်းကြားထားပါတယ်။ ပါတီကနေပြီးတော့ ဒီဟာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ် တကယ်လို့ ကျနေ်ာပြစ်မှုထင်ရှားမယ်ဆိုရင် ကျနေ်ာ့ကို အရေးယူဆောင်ရွက်ဖို့ရှိရင် ကျနေ်ာ့အနေနဲ့ ငြင်းစရာမရှိပါဘူး ကျေကျေနပ်နပ်လက်ခံ သွားမှာပါ။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်လက်ရောက်မှုဖြစ်သွားတဲ့အတွက် ဒီအတွက်လည်း ကျနေ်ာပြည်သူကို တောင်းပန်ပါတယ်။ ကျနေ်ာနောက်နောင်လည်း အဲလိုလုံးဝမဖြစ်စေရပါဘူးလို့ ကတိပေးချင်ပါတယ်။ ပြီးတော့ ဒီထက်ပိုပြီးတော့ ကျနော်အလုပ်နဲ့ သက်သေပြချင်ပါတယ်။ ကျနော့်သမိုင်းကိုလည်း ပြန်ပြီးတော့ ကြည့်နိုင်ပါတယ်။ ကျနေ်ာအဲလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်းမရှိပါဘူးခင်ဗျ။”

လက်တလော အင်တာနက် စာမျက်နှာပေါ်မှာ ပျံနံှနေတဲ့ ဗွီဒီယိုဖိုင်ကို ကြည့်ပြီး လွတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်က ပြည်သူကို ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့တယ်ဆိုပြီး အတော်လေး ဝေဖန်ခဲ့ကြပါတယ်။ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ သဘောထားကြီးစွာ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ သုံးသပ်ပါတယ်။

“ဒီမိုကရေစီအပြောင်းအလဲအတွက်ကို မကောင်းတဲ့အလေ့အထတခုဖြစ်တယ်လို့ ကျနော် သုံးသပ်ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ပြီးတော့ ဒီလိုအမှားတခုလုပ်လိုက် တောင်းပန်လိုက် ဆိုတာမျိုးမဟုတ်ပဲနဲ့ ဒီဖြစ်စဉ်ကို ကျန်တဲ့ ကိုယ်စားလှယ်တွေအားလုံးအနေနဲ့လည်း ဒါကို သင်ခန်းစာယူဖို့လိုပါတယ်။ အဲဒီတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်စေ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်စေ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့နေရာမှာ ပြည်သူလူထုကို နွေးနွေးထွေးထွေးနဲ့ သဘောထားကြီးကြီးနဲ့ နိမ့်နိမ့်ချချနဲ့ အမျှော်အမြင်ရှိရှိ ထိတွေ့ဆက်ဆံ နိုင်ဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ ပြည်သူလူထုကိုအရှင်သခင်လို ဆက်ဆံနိုင်ဖို့ လိုအပ်ပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် လူထုကို ကိုယ်ထိလက်ရောက် ထိခိုက်ဖို့ကြိုးစားတာ ဒါဟာ ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွတ်တော်ကိုယ်စားလှယ်က ပြည်သူတစ်ဦးကို လက်သီးနဲ့ ထိုးခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေအပေါ်မှာ ဒေါက်တာ ရန်မျိုးသိမ်းက အခုလို မြင်ပါတယ်။

“လက်တလောဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တုန်းက လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တုန်းက အားနည်းချက်တွေ လိုအပ်ချက်တွေအများကြီးရှိခဲ့တယ်ဆိုတာ ထင်ဟပ်ပြနေသလိုပဲလို့ ကျနေ်ာမြင်ပါတယ်။ အဲဒီလိုရွေးချယ်တဲ့နေရာမှာ တာဝန်ခံ တာဝန်ယူပြီးတော့ ဆောင်ရွက် ခဲ့တဲ့ ပါတီခေါင်းဆောင်တွေအနေနဲ့လည်း လက်ရှိဖြစ်စဉ်တွေအပေါ်မှာ စနစ်တကျ သင်ခန်းစာ ယူပြီးတော့ နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ ပြည်သူလူထုကို တကယ်ကိုယ်စားပြုပြီး ပြည်သူလူထုအတွက် တကယ်အလုပ်အကျွေးပြုနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ထိထိရောက်ရောက် ရွေးချယ်လာနိုင်ဖို့လိုအပ်တယ်လို့ အဲဒီလိုတော့ ကျနေ်ာအကြံပြုချင်ပါတယ်။”

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေနဲ့ ကာယကံရှင်ဖြစ်သူ ကိုထွန်းလှတို့အကြား ညှိနှိုင်း တောင်းပန်ပြီး ကျေအေးလိုက်ကြတဲ့ အခုနောက်ဆုံး အခြေအနေနဲ့ပတ်သက်လို့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်က တရားဝင်သဘောထားတခုခု ခုချိန်ထိ ထွက်မလာသေးပါဘူး ။

အခုဖြစ်ရပ်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ကိုယ်ထိလက်ရောက်ကျူးလွန်တာ မဖြစ်ခဲ့ဘူးလို့ အာဏာပိုင်တွေဘက်က ကာကွယ်ပြောဆိုတာတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့်လည်း အခုနောက်ပိုင်း video လက်ကိုင်ဖုံးတွေနဲ့ လူမှုကွန်ယက်ဆက်သွယ်မှုတွေ လွယ်လွယ်ကူကူ သုံးလာနိုင်တဲ့ အနေအထားမှာ အခင်း ဖြစ်ပွားပုံရိုက်ကူးမှတ်တမ်းတင်ထားတဲ့ Video ဖိုင်က facebook လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပြီး အဖြစ်မှန်ကို ကာကွယ်ပြောဆိုဖို့ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG