သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ ကုလ လက်ထောက် အတွင်းရေးမှူးချုပ် တက်မည်


UN Assistant Secretary -General for political affairs Miroslav Jenča, to attend 21 Panglong Peace Conference
UN Assistant Secretary -General for political affairs Miroslav Jenča, to attend 21 Panglong Peace Conference

ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို ထောက်ခံတဲ့အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်စား နိုင်ငံရေးရာ လက်ထောက်အတွင်းရေးမှူးချုပ်က တက်ရောက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂအရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။

ဒီအတောအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ကနေ ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်လာအောင် ကြားဝင်ညှိုနှိုင်းပေးနိုင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ဟာ အရင်လိုမဟုတ်ပဲ ပြောင်းလဲလာတာကို တွေ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ဟောင်းတဦးကလည်း သုံးသပ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဒီကနေ့ မေလ (၂၄)ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကိုယ်တိုင် မတက်ရောက်နိုင်ပေမယ့် ညီလာခံကို ထောက်ခံ အသိအမှတ်ပြုတဲ့အနေနဲ့ သူ့ကိုယ်စား ကုလသမဂ္ဂ နိုင်ငံရေးရာလက်ထောက်အတွင်း ရေးမှူးချုပ်က တက်ရောက်မှာဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကိုပြောပါတယ်။

"ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ခဲ့တာ ကာလကြာရှည်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလက်ရှိ ငြိမ်းချမ်းကို ညီလာခံကို ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် Miroslav Jenča က ကိုယ်စားပြုတက်ရောက်မှာဖြစ်ပါတယ်။"

၂၀၁၆ခုနှစ် သြဂုတ်လမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းကိုယ်တိုင် တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း တရုတ်အစိုးရရဲ့ ကြားဝင်ညှိုနှိုင်း မှုကြောင့် မြန်မာအစိုးရဘက်က အထူးဖိတ်ကြားသူအဖြစ် ညီလာခံကိုတက်ရောက်ဖို့ နောက်ဆုံးအချိန်ရောက်မှ ဖိတ်ကြားခဲ့တဲ့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့စုပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ဟာ ညီလာခံကို တက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိနေကြပါပြီ။

တရုတ်အစိုးရဟာ သူ့ အကျိုးစီးပွားဖြစ်တဲ့ one belt one road ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း လမ်းကြောင်းထဲမှာ ပါနေတဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတဝိုက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကို အဓိကလိုလားနေတာကြောင့် အရင်လို နှစ်ဘက်ကစားတာမျိုးမဟုတ်ပဲ ရပ်တည်ချက် ပြောင်းလဲလာတာကို တွေ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ဟောင်းလည်းဖြစ် လက်ရှိ ဝါရှင်တန်အခြေစိုက် USIP ခေါ် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အကြီးတန်း အကြံပေး Priscilla Clapp က ဗွီအိုအေကို ပြောပါတယ်။

"အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ် ပင်လုံညီလာခံနဲ့ ဒုတိယအကြိမ် ညီလာခံ အကြား အချိန်ကာလမှာမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဟန့်အတားဖြစ်စေမယ့်ကိစ္စတွေအစားရှေ့ဆက်သွားနိုင်ဖို့ အစီအစဉ်တွေကို တရုတ်အစိုးရဘက် သုံးသပ်လုပ်ဆောင်တာ ဖြစ်နိုင်ပါတယ်။ တရုတ်က အရင်က နှစ်ဘက်ကစားတဲ့ ပုံစံမျိုးလို ကျမထင်ခဲ့တယ်လေ။ ငြိမ်းချမ်းရေးကို ထောက်ခံပါတယ်လို့ တဘက်မှာပြောနေပြီး အခြားတဘက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ထောက်ပံတဲ့နည်းလမ်းတွေ ရှာနေခဲ့တာပါ။ ဒါပေမယ့် အဲဒီရပ်တည်ချက်ကို အခုတော့ ပြောင်းလဲလိုက်ပြီလို့ ကျမထင်ပါတယ်။ စောင့်ကြည့်ရမှာပေါ့။"

မေး။ ။ အခုလို မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်က အတော်လေးပါဝင်ပတ်သက်လာနေတဲ့အပိုင်းမှာ အမေရိကန်ဘက်ကရော မြန်မာ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေလဲဆိုတာ တွေ့ရလဲရှင့်။

ဖြေ။ ။ ကျမတို့အနေနဲ့တော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခြင်းမရှိပါဘူး။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အမြန်ဆုံးရဖို့ အမြဲဆန္ဒရှိနေပြီး တိုးတက်မှုတွေရှိအောင် ဘေးကနေပဲ ပံပိုးကူညီပေးပါတယ်။ ကျမတို့အနေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံတာမျိုးမရှိပါဘူး။

ဒါအပြင် အခုလို မြောက်ပိုင်းမဟာမိတ်အဖွဲ့ကနေ ညီလာခံကို အထူးဖိတ်ကြားသူအနေနဲ့ တက်ရောက်လာတဲ့အတွက် မျှော်လင့်ချက်ကြီးကြီးမားမားမရှိပေမယ့် ညီလာခံကို တက်ရောက်လာတဲ့အတွက် အပြုသဘောဆောင်တိုးတက်မှုလို မြင်ကြောင်းPriscilla Clapp ကဆိုပါတယ်။

"မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း သဘောတူထားတာမဟုတ်ပါဘူး။ နောက်ပြီး NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာလည်း လက်မှတ်ရေးထိုးထားတာလည်း မဟုတ်ပါဘူး။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အခြေခံအချက်တွေနဲ့ အမည်နာမတွေ ကိုလည်း သဘောတူညီထားတာမဟုတ်ပါဘူး။ အဲတော့ ဘာသဘောတူညီချက်မှမရှိပဲနဲ့ ညီလာခံကို အထူးဖိတ်ကြားသူအနေနဲ့ လာပြီးတက်ရောက်တာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ညီလာခံကို လာတက်တဲ့အတွက် မျှော်လင့်ချက်ကြီးကြီးမားမားမရှိပေမဲ့ ကောင်းတဲ့အချက်ကတော့ ညီလာခံအတွင်း အခြားသူတွေကနေ သူတို့ရဲ့ စိုးရိမ်ချက်တွေကို ဘယ်လိုဆွေးနွေးသလဲဆိုတာ တွေ့ရမှာဖြစ်ပါတယ်။"

ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို (၅)ရက်တာကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲနဲ့ ပိတ်ပွဲအတွက် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားပြီးတဲ့ အဖွဲ့တွေက ခေါင်းဆောင် လေးယောက်၊ အပစ်ရပ် လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့တွေက ခေါင်းဆောင် လေးယောက်ကို အစိုးရဘက်က ဖိတ်ကြားထားတယ်လို့ သမ္မတရုံး ပြောခွင့်ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG