သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်ပေါ်က နှိပ်စက်ညှင်းပမ်းမှုဗွီဒီယို မြန်မာစစ်တပ် စုံစမ်းအရေးယူမည်


လူမှုကွန်ယက်ပေါ်က နှိပ်စက်ညှင်းပမ်းမှုဗွီဒီယို (Fortify Rights - Myanmar)
လူမှုကွန်ယက်ပေါ်က နှိပ်စက်ညှင်းပမ်းမှုဗွီဒီယို (Fortify Rights - Myanmar)

ရှမ်းပြည်နယ်အတွင်း အရပ်သားအချို့ကို တပ်မတော်သားတချို့က ဖမ်းဆီးနှိပ်စက် စစ်ဆေးနေတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကလည်း ပြစ်မှုချိုးဖောက်ကြောင်း ထင်ရှားလျှင် တည်ဆဲဥပဒေ စည်မျဉ်းစည်းကမ်းတွေနဲ့ အညီ အရေးယူသွားမယ်ဆိုပြီး ဒီကနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။ အခုလို ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးမှသာ ဒီလို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို တားဆီးနိုင်လိမ့်မယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က ပြောပြပေးမှာပါ။

ရှမ်းပြည်နယ်အတွင်းက ဒေသခံ တိုင်းရင်းသားအချို့ တပ်မတော်သားတချို့က ကိုယ်ထိလက်ရောက် ရိုက်နှက်နေတဲ့ ဗွီဒီယိုမှတ်တမ်း ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၂၇ ရက်နေ့ မနက် ၁ နာရီလောက်က စတင်ထွက်ပေါ်လာတာပါ။

တယ်လီဖုန်းနဲ့ ရိုက်ကူးထားတယ်လို့ယူဆရတဲ့ ဗွီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် အခုလို ပြစ်မှုကျူးလွန်သူတွေကို ဖေါ်ထုတ်ဖို့ ကြိုးပမ်းနေပြီး တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကရော နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကပါ သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ စုံစမ်းစစ်ဆေးသွားလဲဆိုတာကို နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလိုရှင်းပြပါတယ်။

“အဲဒီလိုမျိုးတပ်မတော်သားတယောက်က ဒီလိုမျိုးကျူးလွှန်တယ်ဆိုရင် သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာဥပဒေအရ အရေးယူသင့်သလိုမျိုး ၊ အရပ်ဘက်မှာလည်း အရပ်ဘက်ဆိုင်ရာ အရပ်ဘက်အကြောင်းအရ ပတ်သက်တယ်ဆိုရင် အရပ်ဘက်တရားရုံးကိုလွှဲတယ်။ ဒါက မြန်မာ့တပ်မတော်မှာ ဥပဒေ နှစ်ရပ်နဲ့ အရေးယူခံရတာတွေအများကြီးရှိခဲ့တယ်။”

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အချို့က ဒီဖမ်းဆီးနှိပ်စက်မှုနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုအပြီး ရက်အနည်းငယ် အကြာမှာ တပ်မတော်ဘက်ကရော အစိုးရဘက်ကပါ အခုလို သတင်း ထုတ်ပြန်လိုက်တာပါ။ Fortify Rights လူ့အခွင့်အရေးအဖွဲ့ကလည်း မေလ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြီး ဖမ်းဆီးနှိပ်စက်ခံရသူတွေ ဘယ်မှာ ဖမ်းဆီးချုပ်နှောင် ထားသလဲဆိုတာနဲ့ သူတို့တွေရဲ့ လုံခြုံရေးအတွက် အာဏာပိုင်တွေအနေနဲ့စုံစမ်း စစ်ဆေးပေးဖို့ အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Matthew Smith က ပြောပါတယ်။

“တပ်မ ၈၈ က စစ်သားတွေဟာ လက်နောက်ပြန်ကြိုးချည်ခံထားရတဲ့ ရွာသားတွေကို ပြင်းပြင်းထန်ထန်နှိပ်စက်နေတာပါ။ ဗွီဒီယိုထဲမှာတော့ သူတို့ဟာ တခုခုကို စစ်ဆေးနေပုံပါ။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်တဲ့တပ်ဖွဲ့ဝင်တွေကို အပြစ်ပေးအရေးယူဖို့ပါ။”

၁၇ မိနစ်ကြာ ဗွီဒီယိုထဲမှာ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခံထားရတဲ့ အရပ်ဝတ် အမျိုးသားအချို့ကို ယူနီဖောင်း ဝတ်ထားတဲ့ တပ်မတော်သားအချို့က မျက်နှာကို ခြေနဲ့ကန်၊ ပါးရိုက်တဲ့အပြင်၊ စစ်သံခမောက်နဲ့ မျက်နှာကိုရိုက်နှက်နေတာကို တွေ့ရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးဆိုပြီး အဲဒီအဖမ်းခံရသူတွေကို ရည်ညွှန်းဖေါ်ပြ ထားပါတယ်။

TNLA တအောင်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်အိုက်ကျော်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်တို့လည်းဖွင့်ကြည့်တယ် အဲဒီမှာ ပလောင်စကားပြောတဲ့အသံ တခွန်း၊ ၂ ခွန်းကြားရတယ်။ ဒါပေမယ့် ဘယ်နားမှာဆိုတာကိုတော့ ကျနော်တို့လည်း လိုက်မေးကြည့်နေတုန်းပဲ။ ပြောရမယ်ဆိုရင်တော့ ဒီဟာက အရပ်ဝတ်ဖြစ်တယ် ကျနေ်ာ့အမြင်ပေါ့နော်။ သူတို့ဆီမှာ လည်း ဘာမှမပါဘူး၊ ပြီးရင် ကြိုးတုတ်ပြီးမှ ရိုက်တယ်။ ဘာမှလက်နက်မရှိတဲ့လူကို အဲဒီလိုမျိုး ညှင်းပမ်း နှိပ်စက်တာက သဘာဝတော့မကျဘူး။”

ဖမ်းဆီးစစ်ဆေးနေတဲ့သူတွေထဲမှာ မြန်မာ့တပ်မတော် လက်မောင်းအမှတ်တံဆိပ် တပ်ဆင်ထားသူ တပ်မတော်သားအချို့နဲ့ ပြည်သူ့စစ်လို့ ယူဆရသူတွေ ပါဝင်ပါတယ်။ အခုနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ဖြစ်စဉ်တွေအပေါ် အရေးယူဆောင်ရွက်မှုတွေ ရှိလာပေမယ့် ဘယ်လိုပုံစံနဲ့ အရေးယူသလဲ ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့လိုကြောင်း ထောက်ပြသူက ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာပါ။

“အခုလောလောဆည်ကတော့ တရားစီရင်ရေးမှာ တပ်မတော်ကကျူးလွှန်တာနဲ့ ပတ်သက်လို့ရှိရင် အမြဲတမ်း စစ်ဥပဒေအရပဲ၊ စစ်စည်းကမ်းအရပဲ ကိုင်တွယ်ဖြေရှင်း တာဖြစ်တဲ့အတွက်ကြောင့် ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်ကြောင့် ဘယ်လိုအတိုင်းအတာအထိ တရားမျှတမှုကို ရှာဖွေပေးမလဲဆိုတာကို မသိပါဘူးရှင့်။ မြစ်ကြီးနားမြို့လယ်ခေါင်မှာ ဇွန်လ ၂၀ ရက်နေ့တုန်းက ပစ်သတ်ခံရတဲ့ ဂွန်ဆိုင်းအောင်ကိစ္စရော ၊ ပြီးလို့ရှိရင် ၂၀၁၅ ဧပြီလ ၁၃ ရက်နေ့မှာ မုဒိမ်းကျင့်ခံခဲ့ရတဲ့ Numlang ကျေးရွာက အသက် ၇၃ နှစ်အရွက် အဖွားကြီးရဲ့ case ရော ဒီ ၂ ခုစလုံးမှာက ပွင့်လင်းမြင်သာစွာ စီရင်မှုမရှိတဲ့အတွက် ကျမတို့အနေနဲ့ အရပ်သားခုံရုံးကို ပြန်လွှဲရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။”

လွန်ခဲ့တဲ့ သီတင်းပတ်တုန်းကပဲ ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းက စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းမှာ ခိုလှုံနေတဲ့ ကချင်အမျိုးသားသုံးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ သူတို့ကို အစိုးရစစ်တပ်က ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးသွားတာဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။ဒီကိစ္စအပေါ်မှာလည်း တပ်မတော်သားတွေ ပါဝင် ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးသွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG