သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်မိုင်းရှင်းရေး မြန်မာ-ဘင်္ဂလာပူးတွဲလုပ်မည်


ဘင်္ဂလားဒေ့ရှ်- မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ- Photo-New Age photo
ဘင်္ဂလားဒေ့ရှ်- မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ- Photo-New Age photo

ဘင်္ဂလားဒေ့ရှ်- မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသက မပေါက်ကွဲသေးတဲ့ မြေမြုပ်မိုင်းတွေနဲ့ လက်လုပ်ဖေါက်ခွဲရေးပစ္စည်း IED တွေ ဖယ်ရှားရေးကို အတူတကွ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က အကြီးအကဲတဦးဖြစ်တဲ့ ဗိုလ်မှုးချုပ် Md Anisur Rahman က ကြာသပတေးနေ့ ၂ နိုင်ငံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂ နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို ၅ ရက်ကြာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နယ်စပ်ဒေသမှာ ရှိနေတဲ့ မြေမြုပ်မိုင်း တွေနဲ့ မပေါက်ကွဲသေးတဲ့ IED ဖေါက်ခွဲရေးပစ္စည်းတွေ ဖယ်ရှားရေးအပြင် ပုံမှန်ကင်းလှည့် ဖို့ကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာဘက်က ရဲမှုးချုပ် မျိုးဆွေဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင် ၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က ဗိုလ်မှုးချုပ် Rahman ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၆ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းမှာ ဖေါ်ပြထားပါတယ်။

ကီလိုမီတာ ၂၇၀ ကျော် ရှည်လျားတဲ့ နယ်စပ်မှာ ကီလိုမီတာ ၁၅၀ လောက်ဟာ တောတောင်ထူတပ်ပြီး လူသူ အရောက်အပေါက်နဲတာမို့ လက်နက်ကိုင်အဖွဲ့တွေ၊ ရာဇဝတ်သားတွေ၊ မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခိုတွေ ကျက်စားတဲ့ ဒေသဖြစ်နေပါတယ်။ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးကို ၂ နိုင်ငံစလုံးက အလေးထား လုပ်ဆောင်နေတာမို့ နယ်စပ်ဒေသနားက ရာဘ မူးယစ်ဆေး ထုတ်လုပ်တဲ့ စက်ရုံ ၄၉ ရုံကို မြန်မာရဲတွေဆီ BGB က အကြောင်းကြားခဲ့တယ်လို့လည်း မစ္စတာ Rhaman က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း အောက်တိုဘာလ အကြမ်းဖက်မှုနောက်ပိုင်းမှာ ၂ နိုင်ငံကြား နယ်စပ်ကျော်ဖြတ်မှု လျှော့ချဖို့ သဘောတူလုပ်ဆောင်ခဲ့ သလို အခု မြန်မာဘက်က ပြောကြားတဲ့အတိုင်း မောင်တောဒေသမှာ အခြေနေတွေ ပြန်လည် တည်ငြိမ်လာချိန်မှာ လည်း အရင်လို လူတွေ တရား မဝင် အလုံးအရင်းနဲ့ ထပ် ဝင်တာမျိုး ဖြစ်မလာအောင် ၂ ဖက် ဆက်သွယ်ရေး ကွန်ယက်တခုကို ထူထောင်ပြီး လက်တွဲ ဆောင်ရွက် ကြမယ် လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG