သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုအရှိန်မြှင့်လှုပ်ရှား


ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပါတီတွေ မဲဆွဲစည်းရုံးနေစဉ် (ဓါတ်ပုံ- zaw min, Arakan Blood News)
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပါတီတွေ မဲဆွဲစည်းရုံးနေစဉ် (ဓါတ်ပုံ- zaw min, Arakan Blood News)

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တာနဲ့အမျှ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေလည်း အရှိန်မြင့်လာ နေပါတယ်။ နိုင်ငံတဝှမ်းမှာ ကြားဖြတ် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု သိသိသာသာ အားနည်းနေပေမဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာထက်တောင် လူထုစိတ်ဝင်စားမှု ထူးထူးခြားခြား ပိုများနေတာ တွေ့ရတယ်လို့ရွေးကောက်ပွဲ လေ့လာသုံးသပ်သူတချို့က ပြောပါတယ်။ အမ်းမြို့က ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ နောက်ဆုံးအခြေအနေကို စုံစမ်း မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တာကြောင့် နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ ဟာလည်း ပိုပြီး အကျိတ်အနယ် ဖြစ်လာပါတယ်။ လစ်လပ်မဲဆန္ဒနယ် ၁၉ နယ်အတွက် ကျင်းပတဲ့ ဒီကြားဖြတ် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုကတော့ အရင်ရွေးကောက်ပွဲတွေလောက် များတာ မတွေ့ရပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာတော့ နိုင်ငံရေးပါတီကြီးတွေ အကျိတ်အနယ် မဲဆွယ်နေကြတာနဲ့အမျှ လူထုရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုဟာလည်း အရင်အကြိမ်တွေ ထက် ထူးထူးခြားခြား ပိုပြီး အားကောင်းနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးဖြစ်တဲ့ ရခိုင်လူမှုကွန်ရက်က ကိုဇေယျကျော်က ပြောပါတယ်။

အခုရွေးကောက်ပွဲမှာ အမ်းမြို့နယ် မဲဆန္ဒနယ်ကနေ ပါဝင်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကတော့ သူ့ပါတီ အနေနဲ့ အမ်းမြို့နယ်တွင်း မဲဆွယ်စည်းရုံးမှုတွေကို တခြားပါတီတွေထက် အချိန်အများကြီးစောပြီး လုပ်ခဲ့သလို၊ လူထုတွေရဲ့ ထောက်ခံမှု ရထားတဲ့အကြောင်းလည်း ပြောပါတယ်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေနဲ့လည်း အမ်း မဲဆန္ဒနယ်မှာ အနိုင်ရဖို့ အင်အားအခိုင်အမာသုံးပြီး အကျိတ်အနယ် မဲဆွယ်စည်းရုံးနေတာပါ။ လက်ရှိအနေအထားမှာတော့ နိုင်ငံရေး ပါတီကြီးတွေ အားလုံးက အင်အား အကြီးအကျယ် စိုက်ထုတ် မဲဆွယ် နေကြပြီး လူထုတွေကြားမှာလည်း ပါတီတခုတည်းကိုပဲ အားသာနေတဲ့ပုံမျိုး မတွေ့ရတာကြောင့် ဘယ်ပါတီ အနိုင်ရနိုင်တယ်ဆိုတာကို ပြတ်ပြတ်သားသား ခန့်မှန်းဖို့ခက်တဲ့ နေရာတခုဖြစ်တယ်လို့ ကိုဇေယျကျော် က ပြောပါတယ်။

NLD အစိုးရလက်ထက် ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်တဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ NLD အစိုးရအတွက်လည်း စမ်းသပ်မှုတခု ဖြစ်ပါတယ်။ တနှစ်တာ အစိုးရသက်တမ်း ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအပိုင်းတွေမှာ NLD အစိုးရအနေနဲ့ အများ မျှော်မှန်းသလောက် ထိထိရောက်ရောက် တိုးတက်လာအောင် ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG