သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် ၁၀၅မိုင်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွား


မူဆယ်မြို့ ၁၀၅မိုင်
မူဆယ်မြို့ ၁၀၅မိုင်

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅မိုင်မှာ အင်္ဂါနေ့ ညနေပိုင်းက မိုင်းတလုံးပေါက်ကွဲခဲ့ပြီးနောက်ထပ်မိုင်းတလုံးကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ရပါတယ်။ ဒီ မိုင်းပေါက်ကွဲတာကြောင့် ထိခိုက်သေကျေတာမရှိပေမဲ့ မူဆယ်မြို့မှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်နဲ့ ပလောင်တပ်ဖွဲ့အကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒီလအတွင်းမှာ အကြိမ်၂၀နီးပါး ဖြစ်ပွားခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီမိုင်းပေါက်ကွဲတာဟာ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ ကုန်သွယ်ရေးစခန်း မူဆယ် ၁၀၅မိုင်မှာ ဒီလ ၉ရက်နေ့ ညနေ ၄နာရီ ၅မိနစ်ဖြစ်ပွားခဲ့တာပါ။

မိုင်းပေါက်ကွဲမှုအခြေအနေကိုတော့ လုံခြုံရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မူဆယ်မြို့ ၁၀၅ မိုင်၊ မိုင်းယုကျေးရွာ ပြည်ထောင်စုလမ်းမကြီးကနေမှ ပေ ၁၀၀ အကွာမှာ ဘုန်းကြီးကျောင်းအမည်က ထေရဝါဒ ဘုန်းကြီးကျောင်း အဝင် ဝဲဘက်အခြမ်း အပင် ကြားမှာ ထောင်ထားတဲ့ မိုင်းတလုံးက ပေါက်ကွဲသွားတာ။ လူ၊ တိရိစ္ဆာန်ပစ္စည်းဘာမှ ထိခိုက်မှုမရှိဘူး။ သွားပြီးနယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့အချိန်မှာ ပေါက်ကွဲတဲ့နေရာကနေ ပေ၂၀ အကွာ အပင်ဂွကြားမှာ ကွတ်ကွတ်အိတ်အနက်နဲ့ ထုတ်ထားတဲ့ မိုင်းလို့ယူဆတဲ့ အထုတ် ၁ ထုတ်ကိုတွေ့တယ်။ CNP ဆိုတဲ့ယမ်းကိုအသုံးပြုထားတဲ့ လက်လုပ်မိုင်းကိုတွေ့ရှိရတယ်ပေါ့။ မိုင်းကို အသက်မဲ့အဖြစ် ကျနော်တို့ ပြန်ပြီးလုပ်လိုက်နိုင်တယ်။”

လောလောဆည်မှာတော့ လက်သည်တရားခံကို စုံစမ်းနေဆဲရှိပြီး မူဆယ်မြို့လုံခြုံရေးကို တိုးမြှင့်ထားတယ်လို့လည်းပြောပါတယ်။ ဒေသခံတချို့က လက်ရှိ အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့ လက်ချက်အဖြစ်ယူကြပေမယ့် TNLA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုး တာ့အိုက်ကျော်က ငြင်းဆိုပါတယ်။

“ဒါကတော့ မရှိဘူး။ အခုဖြစ်သွားတဲ့နေရာမှာ ကျနော်တို့လူလည်းမရှိဘူး ၊ လှုပ်ရှားတာလည်းမရှိဘူး။”

ဒီကနေ့ မနက်ပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မိုင်းတုံမြို့နယ်အတွင်းမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

“ဟုတ်ကဲ့ဒီကနေ့ကတော့ တိုက်ပွဲ ၂ နေရာ ထပ်ပြီးတော့ဖြစ်ပွားတယ်။ ဖြစ်တာက မန်တုံမြို့နယ်မှာပဲ ၂ နေရာစလုံးက။ တိုက်ပွဲအသေးစိတ်ကတော့ မသိရသေးဘူး။ မနေ့ကတော့ ၄ ကြိမ်ဖြစ်တယ် နောက်ပြီးပစ်ခတ်တိုက်ခိုက်မှုကတော့ ၃ ကြိမ်လောက်ဖြစ်တယ်။ ဖြစ်တာက မန်တုံမြို့နယ်မှာပဲ၊ လွယ်ခွါယ် ကျေးရွာ မှာ ၁ နေရာ၊ နောက် တောနေရွာမှာတော့ ၂ နေရာပေါ့နော် နောက်တနေရာကတော့ နမ္မတူ။ ဒီလပိုင်းမှာတော့ ဒီနေ့အပါဆိုရင် ၁၉ ကြိမ်ရှိတယ်။”

ဒီတိုက်ပွဲတွေအတွင်းမှာ ထိခိုက်ကျဆုံးတာတွေရှိပေမဲ့ အသေးစိတ်တော့ပြောဆိုတာမရှိပါဘူး။

ဒီလ ၂ရက်နေ့ဖြစ်ပွားတဲ့ နမ့်ခမ်းမြို့နယ်အတွင်း တိုက်ပွဲမှာ အစိုးရတပ်မတော်က ပစ်ခတ်တာကြောင့် အသက်၇၀အရွယ် အဖွားအိုတဦး သေဆုံးကြောင်းနဲ့ အမျိုးသမီး၃ယောက် ထိခိုက်ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။ တပ်မတော်ဖက်ကလည်း ဒီလ ၅ရက်နေ့က TNLA ပလောင်တပ်ဖွဲ့ဖက်က ပစ်ခတ်တာကြောင့် နမ့်ခမ်းမြို့ ပန်ထိုလင်ရွာက အရပ်သား ၃ဦး ဗုံးစထိမှန်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

မေလ ၈ရက်နေ့ကတော့ နမ္မတူမြို့နယ် မိုင်းရင်ရွာမှာ လယ်ကွင်းအတွင်းက တွေ့ရှိတဲ့ မြေမြုပ်မိုင်းဟောင်းတလုံးကို ဆော့ကစားရာမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ကိုရင် ၈ပါး ထိခိုက်ဒဏ်ရာရခဲ့သလို နမ္မတူမြို့နယ် ပန်ဆန်ရွာမှာ မိုင်းနင်းမိတာကြောင့် လက်ဖက်ခူးသူ အမျိုးသမီး၂ဦးထိခိုက်ပြီး တဦးကခြေထောက်ပြတ်သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG