သုံးရလွယ်ကူစေသည့် Link များ

မလေးမှာ ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၃၈ ဦးကို အစိုးရပြန်ခေါ်မည်


မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအားမြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း (ဓါတ်ပုံ- မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့။ရက်စွဲ၊ ၂၀၁၆ခုနှစ်၊ သြဂုတ်လ ၃ ရက်)

မလေးရှားနိုင်ငံမှာ အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၁၃၈ ဦးကို သြဂုတ်လ ၈ ရက် တနင်္လာနေ့မှာ မြန်မာနိုင်ငံကို ပြန်ခေါ်ယူဖို့ လုပ်ဆောင် နေပြီလို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းမှာ ဖေါ်ပြထားပါတယ်။

မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်း (၁၁) ခုမှာ ဖမ်းဆီးထိန်းသိမ်းတာ ခံနေရတဲ့ မြန်မာနိုင်ငံသားတွေထဲက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ( C of I ) ရထားတဲ့ သူတွေ မြန်မာနိုင်ငံကို ပြန်ဖို့ လေယာဉ်စရိတ် မတတ်နိုင်သူတွေထဲက ပထမအသုတ်အဖြစ်နဲ့ (၁၃၈) ယောက်ကို ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း အစီအစဉ်နဲ့ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့တော်ကနေ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း MAI နဲ့ ရန်ကုန်မြို့ကို ပြန်ပို့ ပေးမှာ ဖြစ်ပါတယ်။

အခု မလေးရှားနိုင်ငံက ထိမ်းသိမ်းရေး စခန်း ၁၁ ခုမှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံနေရတဲ့ မြန်မာ ၂၂၉၄ ယောက် ရှိနေတာဖြစ်ပြီး အခုပြန်ပို့တာဟာ ပထမအသုတ်ဖြစ်ပါတယ်။ ၂၀၁၅ ခု မတ်လ မှာ မလေးရှားကို တရားမဝင် ရောက်နေတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည် ၁၀၂ ယောက်ကို မြန်မာရေတပ်သင်္ဘောနဲ့ ပြန်လည် ခေါ်ယူခဲ့ပေမယ့် သူတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် မရှိတဲ့အတွက် အိမ်မပြန်နိုင်ပဲ ထိမ်းသိမ်းရေးစခန်းတွေမှာ ထားခဲ့တာပါ။

အခု မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄ သိန်းကျော်ရှိပြီး ဒီအထဲက ၃ သိန်းလောက်ဟာ တရားဝင် အလုပ်လုပ်နေကြတာ ဖြစ်ပေမယ့် ၄ သောင်းလောက်က တရားမဝင် ရောက်ရှိနေတာဖြစ်သလို ကျန်သူတွေကတော့ ဒုက္ခသည်အဖြစ် လျှောက်ထားတဲ့ စီစစ်မှုတွေ လုပ်နေတာပါ။ မလေးရှားမှာ တရားမဝင် အလုပ်လုပ်နေတဲ့အတွက် အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာအစိုးရက ပြန်လည် ခေါ်ယူဖို့ ၂၀၁၃ စက်တင်ဘာလကစပြီး လုပ်ဆောင်ခဲ့တာပါ။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထား အကြမ်းဖက်မှုတွေ မကြာခဏ ကြုံနေရတာမို့ မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို အကာကွယ်ပေးဖို့ မြန်မာအာဏာပိုင်တွေက မလေးရှားအာဏာပိုင်တွေနဲ့ လက်တွဲ လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်နိုင်ရေး ကိစ္စကို ကွာလာလမ်ပူက မြန်မာသံရုံးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်း စီစဉ်နေသလို ပြန်ရောက်လာသူတွေကို ရန်ကုန်လေဆိပ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ ကြိုဆိုကူညီမှာ ဖြစ်ကြောင်းလည်း သတင်းမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG