သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနိုင်ငံတချို့ မြန်မာ့ရွေးကောက်ပွဲ ဝေဖန်


အာဆီယံနိုင်ငံတချို့ မြန်မာ့ရွေးကောက်ပွဲ ဝေဖန်
အာဆီယံနိုင်ငံတချို့ မြန်မာ့ရွေးကောက်ပွဲ ဝေဖန်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အခုအပတ်အတွင်း ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ဒီကနေ့မှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ စည်းဝေးခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား ဆွေးနွေးတာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကိစ္စကိုလည်း ပြောဆိုခဲ့ကြပုံ ရပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းက အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ နေရာကို ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) သတင်းရေးသား ပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင် ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် ၁၀ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဟနွိုင်းမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

အစည်းအဝေးအတွင်း အခြား ဒေသတွင်း ကိစ္စတွေအပြင် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် လုပ်မယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ပြင်ဆင်မှု ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပုံ ရပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ခိုင်ခိုင်မာမာ ဆက်ချုပ်ကိုင်နိုင်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ လေ့လာသူတွေက ဝေဖန်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ အခု နိုဝင်ဘာ ၇ ရက်နေ့မှာ လုပ်မှာပါ။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂဝါ (Marty Natalegawa) ကတော့ ဒီရွေးကောက်ပွဲကို ပိုပြီးတော့ အများက လက်ခံ ယုံကြည်နိုင်အောင် လုပ်သွားဖို့ မြန်မာအစိုးရကို တွန်းအားပေးနေပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့လည်း ဒီလို ဆောင်ရွက်နိုင်ဖို့ အချိန်မနှောင်းသေးပါဘူးလို့ ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂဝါ။ ဧပြီ ၁၊ ၂၀၁၀။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂဝါ။ ဧပြီ ၁၊ ၂၀၁၀။

“မြန်မာနိုင်ငံ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပြောဖြစ် ဆိုဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ အခု နောက်ဆုံးအဆင့်မှာတောင် အဆိုးမြင်မှု မရှိပါဘူး။ ဒီ မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ ရှေ့ဆက် အခက်အခဲတွေ ပိုပြီး ကြုံရမှာထက်၊ အဖြေတစုံတရာ ဖြစ်လာနိုင်ဖို့ ကျနော်တို့အားလုံး ပူးပေါင်း ဆောင်ရွက်သွားနိုင်ပါတယ်။”

ဒီရွေးကောက်ပွဲကို အများက လက်ခံ ယုံကြည်နိုင်ဖို့ ရွေးကောက်ပွဲကို လေ့လာသူတွေ စေလွှတ်လိုတယ်လို့ အာဆီယံက ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာ အာဏာပိုင်တွေကတော့ အဲဒီ နိုင်ငံခြားက ရွေးကောက်ပွဲ လေ့လာသူတွေကိုရော၊ ပြင်ပ သတင်းမီဒီယာတွေကိုပါ မြန်မာနိုင်ငံတွင်း လာရောက်ခွင့် မပေးပါဘူး။

ရွေးကောက်ပွဲကို မျှမျှတတ လုပ်မှာပါလို့တော့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဗီယက်နမ်မှာ မြန်မာသတင်းထောက် တဦးကို အခုလို ဖြေကြားသွားပါတယ်။

“ဘာမှ တဖက်သတ် ဖြစ်စရာအကြောင်း မရှိဘူး။ ဒီဥစ္စာက လူထုရဲ့ အဆုံးအဖြတ်။”

ဖွဲ့စည်းပုံအရဆိုရင် အခု ရွေးကောက်ပွဲအပြီး ပါလီမန်ထဲမှာလည်း စစ်တပ်က လေးပုံတပုံ အလိုအလျောက် ပါဝင် ကိုယ်စားပြုမှာပါ။ တဘက်မှာ အတိုက်အခံ နိုင်ငံရေး ပါတီတွေကို ကန့်သတ်မှုတွေ လုပ်ထားသလို အစွန်အဖျား တိုင်းရင်းသား ဒေသတွေမှာလည်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်တာကြောင့် ရွေးကောက်ပွဲတွေ လုပ်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ အာဏာပိုင်တွေက ကြေညာထားပါတယ်။

အာဆီယံနိုင်ငံတွေ ကြားထဲမှာ ဖိလစ်ပိုင် နိုင်ငံကတော့ သဘောထား တင်းတင်းမာမာ ရှိပါတယ်။ အခုလုပ်မယ့် မြန်မာရွေးကောက်ပွဲကို အများက လက်ခံယုံကြည်နိုင်မယ့်ပုံ မရှိဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို (Alberto Romulo) က သတင်းထောက်တွေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတွေ မပါဝင်တဲ့ ဒီရွေးကောက်ပွဲဟာ အများက လက်ခံ ယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားဗျာ။ သူတို့ကို အပြင်ကနေ စောင့်ကြည့်ခွင့်ပေးရုံ မဟုတ်ပါဘူး၊ သူတို့ ပါကို ပါမှ ဖြစ်မှာပါ။”

AIPMC ခေါ် မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ကတော့ အခု မြန်မာရွေးကောက်ပွဲ ရလဒ်ကို လက်မခံဖို့ အာဆီယံ နိုင်ငံတွေကို တိုက်တွန်းနေပါတယ်။ အာဆီယံ အနေနဲ့ မြန်မာအစိုးရရဲ့ လှည့်ဖျားမှုကို ထပ်မခံရဖို့ လိုတယ်လို့ AIPMC အဖွဲ့ ပြောခွင့်ရသူ အဂွန်း ပူထရီ အက်စ်ထရစ်ဒ် (Agung Putri Astrid) က ပြောပါတယ်။

“မြန်မာဘက်က အရူးလုပ်နေတာကို အာဆီယံက ဆက်ပြီး လက်ခံမနေသင့်တော့ပါဘူး။ ဒီရွေးကောက်ပွဲက တကယ့်ရွေးကောက်ပွဲမှ မဟုတ်တာ။ စစ်အစိုးရ အာဏာ ဆက်ပြီး ချုပ်ကိုင်နိုင်စေဖို့အတွက် အရေခွံ လဲထားတာမို့ မြန်မာတနိုင်ငံလုံးမှာ စစ်အာဏာ ဆက်ပြီး တည်မြဲနေဖို့ပဲ ရှိပါတယ်။”

အခုကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးပြီးရင် တဆက်တည်း အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမှာပါ။ အဲဒီအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ရောက်နေသလို အာဆီယံနဲ့ ကုလသမဂ္ဂ ဆွေးနွေးပွဲအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း ဗီယက်နမ်နိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မစ္စတာဘန်ဟာ မြန်မာအစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့လည်း သီးခြား တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။ မစ္စတာဘန်ကတော့ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုထားပါတယ်။

XS
SM
MD
LG