သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ စောင့်ကြည့်ရေး လူထုမှာလည်း တာဝန်ရှိ၊ ဒေါ်စု တိုက်တွန်း


လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါဝင်ခြင်း မရှိပေမဲ့ ဒီရွေးကောက်ပွဲကို လျစ်လျူပြုထားမှာ မဟုတ်ဘူးလို့ အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေ၊ ပြည်သူလူထုတွေက စိတ်ပျက်လက်ပျက် ဖြစ်နေကြတဲ့ အချိန်မှာ ရွေးကောက်ပွဲကို အာရုံစိုက် သတိထား စောင့်ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်တာလို့ အတော်များများက ယူဆကြပါတယ်။ အထိန်းသိမ်းခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ ရွေးကောက်ပွဲကို NLD က မျက်နှာလွဲှထားလို့ မရဘူးလို့ ပြောဆိုခဲ့တဲ့အကြောင်း အခုလို ပြောပါတယ်။

“ကျနော်ပြောတာက အနီးကပ် စောင့်ကြည့်ဖို့ လိုတယ်လို့ မပြောဘူး။ ကျနော်ပြောတဲ့ဟာက ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို မဝင်ဘူး ဆိုပေမဲ့ ရွေးကောက်ပွဲကို Ignore လုပ်လို့မရဘူး၊ ရွေးကောက်ပွဲကို စိတ်မဝင်စားလို့ မရဘူး။ ရွေးကောက်ပွဲဆိုတာ ကြည့်နေရမယ်လို့ ဒါပဲပြောတာပါ။”

ရွေးကောက်ပွဲက မျှတမှု ရှိဖို့အတွက် အစိုးရတင် မကဘူး၊ ပြည်သူမှာလည်း တာဝန်ရှိတယ်ဆိုတာ ဘယ်လိုသဘောမျိုးလဲ ခင်ဗျ။

“ပြည်သူနဲ့ ဆိုင်တဲ့ကိစ္စက ပြည်သူမှာလည်း တာဝန်ရှိတယ်၊ ဒါကို ပြောတာပါ။”

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူမရဲ့ အမြင်သဘောထား အတော်များများကို ပြောဆိုထားပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ တရားဝင် ထုတ်ပြန်ပေးမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ AFP သတင်းတရပ်မှာ ရွေးကောက်ပွဲ မျှတမှု ရှိမရှိ လူထုက စောင့်ကြည့်သွားဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း ဖော်ပြပါတယ်။

မြန်မာ့အိမ်နီးချင်း နိုင်ငံအချို့က ရွေးကောက်ပွဲတွေမှာ လေ့လာသူအဖြစ် ပါဝင်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးကတော့ ဒါဟာ လူထုအနေနဲ့ ဒီရွေးကောက်ပွဲကို လူထုလှုပ်ရှားမှု ပုံစံနဲ့ သွားဖို့ သဘောမျိုး ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

“ကမ္ဘောဒီးယားဆိုရင် အချိုးကျ ကိုယ်စားပြုတဲ့ စနစ်ကို ရွေးချယ် တင်မြှောက်တယ်။ ဒီစနစ်အကြောင်း လူထုသိလာအောင် အကြီးအကျယ် ပညာပေးရေး လုပ်ရတယ်။ အဲဒီလို လုပ်တဲ့ကိစ္စက လူထုလှုပ်ရှားမှုကြီး တရပ်အနေနဲ့ လုပ်တာ ဖြစ်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် လူတွေက ပိုသိမြင်လာကြတယ်။ ရွေးကောက်ပွဲကို ဘယ်လို စောင့်ကြည့်ရမယ်ဆိုတာ နားလည်လာကြတယ်။ ရွေးကောက်ပွဲ မသမာမှုတွေ ဘယ်လို ဖော်ထုတ်ရမယ်ဆိုတာ သိလာကြတယ်။ သတင်းအချက်အလက် ဘယ်လို စုဆောင်းရမယ်ဆိုတာ သိလာကြတယ်။ ဒီလို ဝိုင်းလုပ်ကြခြင်း အားဖြင့် ရွေးကောက်ပွဲက လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ချေကို တဖြည်းဖြည်း သွားတဲ့သဘော ရောက်ပါတယ်။”

အခု မြန်မာနိုင်ငံမှာ ရှိထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ခုနပြောတဲ့ ရွေးကောက်ပွဲကို လူထုက ဘယ်လိုပါဝင်သင့်သလဲ ဆိုတဲ့ အချက်တွေက ကိုက်ညီနိုင်ပါ့မလား၊ ဥပဒေတွင်းရော ဘောင်ဝင်ရဲ့လား။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လုံးဝကို ပြောင်းပြန်ဖြစ်နေတယ်။ ရွေးကောက်ပွဲ ဥပဒေ အကုန်လုံးက လူထုရဲ့ ပါဝင် ပတ်သက်မှုကို စနစ်တကျ ငြင်းဆိုထားလို့ ဖြစ်တယ်။”

ဒါဆိုရင် မျှတတဲ့ ရွေးကောက်ပွဲတရပ်ဖြစ်ဖို့ လူထုက ပါဝင်နိုင်ချေဆိုရင် လူထုအနေနဲ့ ဘာတွေ လုပ်နိုင်တဲ့ အခြေအနေ ရှိလဲ၊ အခုလို အခြေအနေအောက်မှာ။

“လူထုက ပထမတချက် တောင်းဆိုရမှာကတော့ ဥပဒေတွေကို ပြင်ဖို့ဖြစ်တယ်။ ဥပဒေတွေကိုက လူထု ရသင့်တဲ့ အခွင့်အရေးတွေကို ကန့်သတ် ပိတ်ပင်ထားတယ်။ ရွေးကောက်ပွဲ တရပ်မှာ ရှိသင့်တဲ့ လွတ်လပ် မျှတမှု ရနိုင်ဖို့၊ ဖော်ဆောင်နိုင်ဖို့ အနေအထားတွေကို ပိတ်ပင်ထားတယ်။ ပထမဦးဆုံး လူထုလုပ်သင့်တဲ့ အချက်ကတော့ မတရားတဲ့ ဥပဒေတွေကို ပြင်ဖို့ဖြစ်တယ်။”

ဒီရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တနေ့ကပဲ ပြောခဲ့ပါတယ်။ နယ်စပ်အခြေစိုက်တဲ့ နိုင်ငံရေး အဖွဲ့အစည်း အတော်များများကလည်း ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စည်းရုံး လှုံ့ဆော်နေပါတယ်။ ရွေးကောက်ပွဲ မျှတမှု ရှိမရှိ စောင့်ကြည့်ပါဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားနဲ့ အခုလို ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ပြောနေကြတဲ့စကား ကွဲလွဲနေကြသလား စဉ်းစားစရာပါ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ မကွဲလွဲဘူး၊ လူထုပါဝင်အောင် လုပ်ဖို့ကိစ္စမှာ တူညီတယ်လို့ ယူဆပါတယ်။

“ကျနော့်အထင်အရ ပြောမယ်ဆိုရင် မလွဲဘူးလို့ ယူဆပါတယ်။ ကျနော်တို့က ဒီရွေးကောက်ပွဲကို သပိတ်မှောက်သင့်တယ်လို့ တင်ပြခဲ့တယ်။ အခြား မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီတွေကိုလည်း လက်ရှိ နိုင်ငံရေး အခြေအနေအရ သပိတ်မှောက်သင့်တယ်လို့ ကျနော်တို့ တိုက်တွန်းခဲ့တယ်။ အဲဒီလို ပြောတဲ့အတွက် နအဖက သူ့ဘာသာသူ ဇွတ်အတင်း လုပ်သွားမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာမှ စိတ်မဝင်စားရတော့ဘူး၊ ကျနော်တို့ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။

“ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တလျှောက်လုံးမှာ နအဖက မဟုတ်တာတွေ လုပ်နေတာ ရှိတယ်။ တဘက်စောင်းနင်း လုပ်နေတာတွေ ရှိတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ပြည်သူတွေ အနေနဲ့ မဟုတ်တာကို မဟုတ်ဘူးလို့ ပြောဖို့ တာဝန်ရှိတယ်။ မဟုတ်တာကို မဟုတ်ဘူးလို့ များများ ပြောလာတာနဲ့ အမျှ သပိတ်မှောက်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ ဘာကြောင့် သပိတ်မှောက်ရတယ်ဆိုတာ ပိုပြီးတော့ ထင်ရှားလာမယ်။

“တပြိုင်နက်တည်းမှာလည်း နအဖက အတင်းအဓမ္မ ပြုလုပ်မယ့် ရွေးကောက်ပွဲ ဆိုတာရဲ့ Legitimacy ဆိုတာလည်း ပိုပြီးတော့ ကျဆင်းသွားလိမ့်မယ်လို့ ကျနော့်အနေနဲ့ အဲဒီလို နားလည်ကြည့်တယ်။ ဒါ ကျနော့်အမြင်ပါ။ အဓိကကတော့ ပြည်သူတွေအနေနဲ့ သော်လည်းကောင်း၊ နိုင်ငံရေး အင်အားစုတွေအနေနဲ့ သော်လည်းကောင်း နအဖ မဟုတ်တန်းတရား လုပ်နေတဲ့ ကိစ္စတွေကို ကျယ်ကျယ်လောင်လောင် ပြောနိုင်ဖို့၊ ဝိုင်းဝန်း ဆန္ဒ ထုတ်ဖော်နိုင်ဖို့က အဓိကကျတယ်၊ ဒီကိစ္စကို အဓိက ဇောင်းပေးတယ်လို့ ကျနော့်အနေနဲ့တော့ အဲဒီလို ယူဆပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒီမိုကရေစီ အင်အားစုတွေရော တိုင်းရင်းသား အင်အားစုတွေမှာပါ အမြင်သဘောထားက အမျိုးမျိုးပါ။ ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်နေသူတွေ ရှိသလို ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ မဲမပေးရေး လှုံ့ဆော်သူတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုကို ဒီရွေးကောက်ပွဲနဲ့ မျက်ခြည်မပြတ်ကြဖို့၊ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကို စိတ်ဝင်တစား ရှိကြဖို့ သတိပေးတဲ့ စကားလို့ ယူဆရပါတယ်။

XS
SM
MD
LG