သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲမပေးဘဲ နေနိုင်ခွင့် လှုပ်ရှားမှု တိုးမြင့်လာ


မဲမပေးဘဲ နေနိုင်ခွင့် လှုပ်ရှားမှု တိုးမြင့်လာ
မဲမပေးဘဲ နေနိုင်ခွင့် လှုပ်ရှားမှု တိုးမြင့်လာ

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံရေး ပါတီတွေက အပြိုင် မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတဲ့ တချိန်တည်းမှာပဲ ဒီရွေးကောက်ပွဲကို မဲမပေးလိုရင်လည်း မပေးပိုင်ခွင့် ရှိတယ်ဆိုပြီး ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတချို့လည်း ရှိနေပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှု တစိတ်တပိုင်းလို့ ပြောနိုင်ပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အထိန်းသိမ်း ခံနေရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ အနေနဲ့ မိမိတို့ နှစ်သက် ထောက်ခံတဲ့ပါတီ မပါလို့ မဲမပေးချင်ဘူး ဆိုရင်လည်း မဲမပေးဘဲ နေနိုင်ခွင့်ရှိတယ် ဆိုတဲ့ စကားကို အခြေခံပြီး လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ ဒီရက်မတိုင်ခင် ကတည်းက ရန်ကုန်နဲ့ အခြား နယ်မြို့အချို့မှာ လှုပ်ရှားခဲ့ကြတာ ဖြစ်ပေမဲ့ အခု နိုဝင်ဘာ ၁ ရက်ကစပြီး ဒီလှုပ်ရှားမှုတွေကို အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်လာပါတယ်။

ဒီကနေ့ ရန်ကုန် မြောက်ဥက္ကလာပဘက်က လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ကိုသိန်းအောင်မြင့်ကတော့ သူတို့လှုပ်ရှားမှုဟာ လက်ရှိ စစ်အစိုးရရဲ့ တည်ဆဲဥပဒေ ဘောင်ထဲကနေ လှုပ်ရှား ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကော်မရှင်ရဲ့ ဥပဒေကို ပြည်သူတွေ သိရှိနိုင်အောင် ကျနော်တို့ အများကြီး အကူအညီ ပေးနိုင်ခဲ့ပါတယ်။ အဓိကလုပ်တာကတော့ မြောက်ဥက္ကလာပမြို့နယ်ရဲ့ ဈေးတွေပေါ့၊ ဈ ဈေးတို့၊ မေဃာဝီဈေးတို့၊ ကန်သာယာ လမ်းဆုံတို့မှာ ကျနော်တို့ လူအင်အား တော်တော်များများနဲ့ ဒီနေ့ ပြည်သူလူထုကို ဆက်လက်ပြီး အကူအညီပေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။”

မနေ့ကတော့ ကိုသိန်းအောင်မြင့်တို့ လုပ်တဲ့ကိစ္စကို အနှောင့်အယှက်ရှိတယ် ကြားတယ်။ ဒီနေ့ရော ဘယ်လိုရှိလဲခင်ဗျ။

“ဒီနေ့လည်း သူတို့ ဘေးကနေ ဝိုင်းရံပြီးတော့ တယောက်ချင်းစီ လိုက်ကပ်ထားတဲ့ သဘောနဲ့ ရှိတယ်ခင်ဗျ။ အနှောင့်အယှက်ပေးတဲ့ သဘောတော့ မရှိဘူး၊ ဘေးကနေတော့ တောက်လျှောက်လိုက်နေတယ်။”

အဲဒါက ယူနီဖောင်းဝတ်နဲ့လား၊ အရပ်ဝတ်နဲ့လား၊ ဘယ်ကလဲခင်ဗျ။

“ဒီနေ့ကတော့ ယူနီဖောင်းဝတ်တွေနဲ့ပဲ များပါတယ်ခင်ဗျ။”

ယူနီဖောင်းဆိုတာ ရဲယူနီဖောင်းလား။

“ဟုတ်ကဲ့ခင်ဗျ၊ ရဲယူနီဖောင်းဝတ်တွေပါပဲ။ သွားနေတဲ့ တချို့လူငယ်တွေကို တန်းစီပြီး သူတို့ သွားခိုင်းတယ်။ သုံးယောက်တတွဲ၊ လေးယောက်တတွဲတွေ သွားခိုင်းတယ်။ ကျနော်တို့က အဲဒါကို ခွင့်မပြုဘူး။ ဘာဖြစ်လို့လဲဆိုတော့ သုံးယောက်တတွဲ၊ လေးယောက်တတွဲသွားရင် ကျနော်တို့က တန်းစီပြီးတော့ ဆန္ဒ ကြွေးကြော်နေတဲ့ပုံစံ ဖြစ်တဲ့အတွက် ကျနော်တို့ အဲဒီပုံစံ မလုပ်ဘူး။ ကျနော်တို့ ဥပဒေဘောင်ထဲကနေပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်သူ မသိသေးတဲ့ အချက်ကို သိအောင် ကော်မရှင် ဥပဒေတွေကို ဆက်လက် အကူအညီ ပေးတယ်လို့ပဲ သူတို့ကို ကျနော်တို့ ပြန်ပြောလိုက်တယ်။ သူတို့ဘက်ကလည်း အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ကို ဘာမှ မတုံ့ပြန်ဘူးခင်ဗျ။”

ရန်ကုန်ဘက်က ရွေးကောက်ပွဲ အသိပေး လှုပ်ရှားမှုတွေကို အာဏာပိုင်တွေဘက်က အနီးကပ် စောင့်ကြည့်ပေမဲ့ နယ်တွေပိုင်းမှာတော့ သိပ်ပြီး အနှောင့်အယှက် မရှိပါဘူး။ ဒီကနေ့ ရေနံချောင်းမြို့မှာတော့ ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ် ဆိုတဲ့ စာတမ်းပါ တီရှပ်တွေကို ဝေငှခဲ့ကြတယ်လို့ ရေနံချောင်းမြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်ခင်စောဌေးက ပြောပါတယ်။

“ဝတ်ချင်တဲ့လူမှ ပေးတာ၊ မဝတ်ရဲတဲ့လူကို မပေးဘူး။ ဒါပေမဲ့ အန်တီတို့ ဒီနေ့ တီရှပ် ၁၀၀ ကုန်သွားပါတယ်။ အဲဒါတောင် ဒီနေ့ ဝတ်ရဲတဲ့လူမှ ပေးမယ်ဆိုတော့ သူတို့ကိုယ်တိုင်ပဲ ဝတ်ကြပါတယ်။ ရေနံချောင်း မြို့မဈေးကြီးကို ပတ်တယ်ပေါ့။ ဒါ ဒီနေ့တနေ့တည်း မဟုတ်ပါဘူး။ နောက်ရက်တွေလည်း ဒီကမ်ပိန်းက ဆက်လုပ်ရဦးမှာပဲ။

“ဘာဖြစ်လို့လဲဆိုတော့ နအဖ ထုတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေအရကိုက မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ် ဆိုတာ လူထုသိအောင်လို့၊ လူထုပညာပေးပေါ့၊ လူထုပညာပေး ကမ်ပိန်းတခု အန်တီတို့ ရေနံချောင်းမှာ စတင် လှုပ်ရှားပါတယ်။”

အန်တီတို့ အခုလုပ်တဲ့ လှုပ်ရှားမှုက ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုလား၊ ဘယ်လိုပြောလို့ရမလဲ ခင်ဗျ။

“အန်တီတို့ပါတီက သပိတ်မှောက်နေတဲ့ အတွက်ကြောင့် ဒါဟာ သူတို့ကြိုက်တဲ့ပါတီ၊ ကိုယ်ကြိုက်တဲ့ပါတီ မပါပေမဲ့ မဲမပေးဘဲလည်း နေလို့ရသလို မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ်ဆိုတာ၊ တချို့က ကြောက်တဲ့အခါကြတော့ မဲမပေးဘဲ နေလို့ရမလားဆိုတာ ရှိတယ်။ နောက်တခုက ဝန်ထမ်းလောကက မဲမပေးဘဲ နေလို့မရဘူး ဆိုပြီးတော့ ဒီလို အကြောက်တရားတွေလည်း လွှမ်းမိုးနေတာ ရှိတယ်။”

ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ် ဆိုတဲ့ ရွေးကောက်ပွဲ အသိပေး လှုပ်ရှားမှုကို လာမယ့် ရွေးကောက်ပွဲရက်အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ တဆက်တည်းမှာပဲ အဲဒီအဖွဲ့တွေကပဲ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ၊ မဲကလိမ်ကျမှုတွေနဲ့ မမှန်မကန် လုပ်မှုတွေကို စောင့်ကြည့်သွားဖို့လည်း ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

XS
SM
MD
LG