သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်စာရင်း မိတ္တူရဖို့ ပါတီတွေ ငွေမတတ်နိုင်


မဲဆန္ဒရှင်စာရင်း မိတ္တူရဖို့ ပါတီတွေ ငွေမတတ်နိုင်
မဲဆန္ဒရှင်စာရင်း မိတ္တူရဖို့ ပါတီတွေ ငွေမတတ်နိုင်

လူ ၁၀ ဦးပါတဲ့ မဲဆန္ဒရှင်စာရင်း တရွက်ကို ကျပ် ၂၀၀ နှုန်းနဲ့ ကူးယူရမယ်လို့ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်က ပြောနေတာကြောင့် ငွေအမြောက်အမြား ကုန်ကျမယ့်အရေး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ တော်တော်များများ အခက်ကြုံနေပါတယ်။ အဲဒါကြောင့် အခမဲ့ ကူးယူခွင့်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) က တောင်းဆိုထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်တွေရဲ့ စာရင်းကို ဘာကြောင့် အခမဲ့ မပေးနိုင်တာလဲ။ အခမဲ့ မရနိုင်လို့ နိုင်ငံရေးပါတီတွေရော ဘယ်လို အခက်ကြုံနေသလဲဆိုတာ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အတွက် မဲဆန္ဒရှင်တွေရဲ့ စာရင်းကို ရဖို့က အရေးကြီးတဲ့ ကိစ္စပါ။ ဒီစာရင်းကိုရမှ မဲပေးကြဖို့ မဲဆန္ဒရှင်တွေဆီကို ပါတီတွေကနေ ဖိတ်ဖို့ လုပ်ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက မဲဆန္ဒရှင် စာရင်းကို ပါတီတွေအနေနဲ့ အခမဲ့ ကူးယူခွင့် ရပါတယ်။ အခုတော့ လူ ၁၀ ဦး အမည်စာရင်းပါတဲ့ စာရွက်တရွက်ကို ကျပ် ၂၀၀ နဲ့ ကူးပေးမယ်လို့ ရပ်ကွက် ကော်မရှင်ရုံးတွေက ပြောနေလို့ နိုင်ငံရေးပါတီ အများစုက မတတ်နိုင်ဘဲ ဖြစ်နေပါတယ်။

ဒီမိုကရက်တစ် ပါတီကတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီကို အကြောင်းကြားထားတယ်လို့ ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“အဲဒီစာရင်းက ခါတိုင်း ရွေးကောက်ပွဲတွေမှာဆိုရင် ကျနော်တို့ နိုင်ငံရေးပါတီတွေကို အခမဲ့ပေးတယ်၊ ဒါမှမဟုတ်ရင်လည်း ၉၀ ခုနှစ်တုန်းကဆိုရင် ကူးယူခွင့် ပေးတယ်။ စာအုပ်ပေးပြီး အပြင်မှာ ကျနော်တို့ဘာသာ ကူးယူလို့ ရတယ်။ အခုတော့ အဲဒီလို ကူးယူဖို့ ကျနော်တို့ကို ခွင့်မပေးဘူး။ ကိုယ်သိချင်တဲ့ နာမည်လောက်ပဲ သူတို့က ပေးတယ်။ ပြီးတော့ သွားပြီး ဓာတ်ပုံရိုက်လို့လည်း မရဘူး။ သူတို့က ကူးပေးမယ်ပေါ့လေ။ တမျက်နှာဆိုတာ လူ ၁၀ ယောက်ရှိတယ်။ အဲဒီ တမျက်နှာကို ၂၀၀ ပေးရမယ်ဆိုတော့ ကျနော့် မဲဆန္ဒနယ်ဆိုရင် လူ ၁၀၀,၀၀၀ ရှိတယ်။ အဲဒါကို ကူးခ သိန်း ၂၀ ကျမယ်။

“အဲတော့ ကျနော်တို့က ဘယ်လုပ်နိုင်မလဲ။ ကျနော်တို့က ငွေ ၅၀၀,၀၀၀ တင်ဖို့တောင် မနည်းလုပ်ယူရတာ။ အဲဒါတွေ မလုပ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ လုပ်နိုင်တဲ့ အခြေအနေ မရှိတဲ့အကြောင်း သူတို့ကို ရှင်းပြတယ်။ ကျနော်တို့ကို အခမဲ့ ပေးဝေပါ။ ငှားပြီးတော့ ကူးယူခွင့် ပေးပါ။ ဒီလိုမှ အပြင်ကို မငှားနိုင်ဘူး ဆိုရင်လည်း ကျနော်တို့ အဲဒီရုံးမှာ သွားပြီး ကူးမယ်။ ကူးလို့ ကြာတယ်ဆိုရင်လည်း ကျနော်တို့ ဓာတ်ပုံရိုက်ပြီးယူမယ်။ ဒါမှမဟုတ်ရင်လည်း အသံသွင်းပြီးတော့ ယူမယ်။ ကျနော်တို့ ဒီမှာ အခက်အခဲ တွေ့နေပါတယ်။ အဲဒါ အစီအစဉ် လုပ်ပေးပါဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ဆီကို စာတင်လိုက်တာပေါ့ဗျာ။”

ဦးသုဝေဟာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံမယ့်သူပါ။ မင်္ဂလာတောင်ညွန့်မြို့နယ်ထက် မဲဆန္ဒရှင်ဦးရေ များတဲ့ မြို့နယ်တွေလည်း တော်တော်များများ ရှိပါတယ်။ တချို့နေရာတွေဆို မဲပေးနိုင်သူ ဦးရေဟာ ၆၀၀,၀၀၀ လောက် ရှိပါတယ်။ အဲဒီစာရင်း ရဖို့ဆိုရင် ငွေတွေ အမြောက်အမြား ကုန်ကျပါလိမ့်မယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးအတွက် ကော်မရှင်က သတ်မှတ်ထားတဲ့ အသုံးစရိတ်က ကျပ်သိန်း ၁၀၀ ပဲ ရှိတာပါ။ မဲဆန္ဒရှင်စာရင်း မိတ္တူရနိုင်ဖို့ ကိစ္စတခုတည်း အတွက်နဲ့ ကျပ်ငွေ သိန်း ဆယ်ဂဏန်းနဲ့ ချီပြီး သုံးစွဲဖို့ ဆိုတာက တော်ရုံတန်ရုံ နိုင်ငံရေးပါတီတွေအတွက် မဖြစ်နိုင်တဲ့ ကိစ္စပါ။

လုံခြုံရေး အခြေအနေကို အကြောင်းပြပြီးတော့ မဲစာရင်းကို ဓာတ်ပုံရိုက်ခွင့်လည်း မပေးနိုင်ဘူး ဆိုတာကြောင့် မဲစာရင်း အခမဲ့ပေးဖို့ ပြီးခဲ့တဲ့ ၂ ရက်က ရွေးကောက်ပွဲ ကော်မရှင်ဆီ အကြောင်းကြားစာ သူတို့ ပို့ရတဲ့အကြောင်း ဦးသုဝေက ဆက်ပြီး ရှင်းပြပါတယ်။

“သူတို့က ရပ်ကွက်တွေမှာ ဒီစာရင်းတွေ ပို့တာကိုး။ ရက်ကွက်မှာ သွားတောင်းတော့လည်း သူတို့မှာ အမိန့်က သူတို့ဆီမှာ ကူးပါ။ ဒါပဲ၊ သူတို့ကတော့ အမိန့်ပဲ။ ညွှန်ကြားချက် အတိုင်းပဲ လိုက်နာတာကိုးဗျ။ ကျနော်တို့က အဲဒီလိုဆိုရင် ဓာတ်ပုံရိုက်ပြီး ကူးပါရစေဆိုတော့ သူတို့ရဲ့ လုံခြုံရေးအရ ကူးခွင့်မပေးဘူးလို့ ပြောတယ်။ အဲဒါကြောင့် ကျနော်တို့က စာတင်ရတာ။”

အခုချိန်ထိတော့ ရွေးကောက်ပွဲ ကော်မရှင်ဘက်ကနေ မဲဆန္ဒရှင်စာရင်း အခမဲ့ ကူးခွင့်ပေးမလား၊ မပေးဘူးလား ဆိုတဲ့ကိစ္စ အကြောင်းပြန်မလာသေးပါဘူး။ နောက်လထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်ဖို့အရေး မကြာခင်တုန်းကမှ နိုင်ငံရေးပါတီ ဖွဲ့ခွင့်ရခဲ့တဲ့ သူတွေအတွက် အချိန်အခက်အခဲအပြင် ငွေကြေး အခက်အခဲကလည်း တော်တော်ကြုံနေကြရတာပါ။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်းကျပ်မှု အမျိုးမျိုးနဲ့ ကန့်သတ်မှုတွေကြားမှာ နိုင်ငံရေးပါတီတွေ ဘောင်ဝင်အောင် ကြိုးစားနေကြရတဲ့ အချိန်မှာ ငွေကြေးချို့တဲ့မှုကြောင့် သူတို့ရဲ့ လုပ်ငန်းတွေကို လျှော့ချထားပြီး အသုံးစရိတ်တွေကို အကြီးအကျယ် ချွေတာနေရတဲ့ နိုင်ငံရေးပါတီတွေလည်း တော်တော်များများ ရှိနေပါတယ်။

XS
SM
MD
LG