သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နိုင်ငံခြားရေး မူဝါဒ ရှင်းလင်း


ဒေါ်စု နိုင်ငံခြားရေး မူဝါဒ ရှင်းလင်း
ဒေါ်စု နိုင်ငံခြားရေး မူဝါဒ ရှင်းလင်း

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံဟာ ပထဝီ အနေအထား အရ အချက်အခြာ ကျတဲ့နေရာမှာ တည်ရှိနေပြီး ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေကို ချစ်ကြည်ရင်းနှီးမှုနဲ့ သာယာဝပြောမှု စတဲ့ သံခင်းတမန်ခင်း ကတဆင့် အခွင့်အလမ်းတွေ အဖြစ် ရှေ့ရှု ပြောင်းလဲ သွားနိုင် ဖို့မျှော်လင့်ကြောင်းပြောဆိုလိုက်ပါတယ်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သံတမန်တွေ နဲ့ တွေ့ဆုံပွဲမှာ ပြောဆို လိုက်တာပါ။ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကိုယ်တိုင် သတင်း သွားယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြပေးပါမယ်။

သံတမန်များနဲ့ဒေါ်စုတွေ့ဆုံ
သံတမန်များနဲ့ဒေါ်စုတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ပြည်တွင်း ၊ ပြည်ပက မြန်မာနိုင်ငံ ဆိုင်ရာ သံရုံးအကြီးအကဲတွေနဲ့ ဒီကနေ့ ပထမဆုံး အကြိမ်တွေ့ဆုံပြီး နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆို လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ ရပ်တည်ချက်နဲ့ ပထဝီအနေအထားအရ အရေးပါပုံကို အခုလို အလေးအနက်ပြောဆိုလိုက်ပါတယ်။

“အားလုံးသိတဲ့ အတိုင်းပါဘဲ၊ ကျမတို့နိုင်ငံဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဆုံစည်းရာမှာတည်ရှိနေတာပါ။ မြောက်ဘက်မှာ တရုတ်နိုင်ငံကရှိနေတာဆိုတော့ အရှေ့ဖျားနိုင်ငံတွေနဲ့ပါ ထိစပ်နေသလိုပါဘဲ။ ဒီလိုအချက်အခြာကျ တဲ့နေရာတည်ရှိနေတဲ့အတွက် စိန်ခေါ်အကဲစမ်းမှုတွေ အများကြီးရှိနေတာကတော့ သိသာပါတယ်။ ဒီစိန်ခေါ်မှုတွေကို ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ချစ်ကြည်ရေးကတဆင့် ကျမတို့ ဒေသတွင်းမှာတင်မကဘဲ ကမ္ဘာတဝန်းမှာပါ အခွင့်အလမ်းတွေအဖြစ်ပြောင်းလဲသွားနိုင်ဖို့မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံ မဟုတ်ပေမယ့် ကမ္ဘာ တဝန်းကြုံတွေ့နေရတဲ့ ပြသာနာတွေကို ပူးပေါင်းေြ့ဖရှင်းလိုတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ရှိပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

“ကျမတို့နိုင်ငံဟာ အင်အားကြီးနိုင်ငံမဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာကို အန္တရာယ် ကျရောက်မယ့် ပြသာနာတွေနဲ့ ရင်ဆိုင်ကြရမယ်ဆိုရင် ရိုးရိုးသားသား ဖြောင့်မတ် မှန်ကန်စွာနဲ့ အားလုံးနဲ့ ချစ်ကြည်ရေးကိုရှေးရှုပြီး ဦးဆောင်နိုင်ဖို့မျှော်လင့်ပါတယ်။ အလုပ်ကြိုးစားလုပ်ကြမယ့် ဆန္ဒတွေနဲ့သာဆိုရင် လူသားတွေအားလုံးရဲ့ အိပ်မက်တွေနဲ့ ကျမတို့ ကိုယ်တိုင် ရည်မှန်းချက်တွေကို လက်လှမ်းမှီကြမှာဖြစ်ပါတယ်။ တခါတလေ ရည်မန်းချက်တွေက ဘယ်လိုမှ ပြည့်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေကြပေမယ့် ရည်မှန်းချက် အမြဲထားနိုင်တာကောင်းပါတယ်။ ဒါဟာ ကျမတို့ ရည်မှန်းချက်အတွက် အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။”

တက်ရောက်လာတဲ့သံတမန်များ
တက်ရောက်လာတဲ့သံတမန်များ

ဒီကနေ့ သံတမန်တွေနဲ့တွေဆုံပွဲကို တက်ရောက်လာတဲ့ အမေရိကန်သံအမတ်ကြီး အသစ် Scot Marciel တော့ သမ္မတဦးထင်ကျော်ထံ တရားဝင်ခန့်အပ်လွှာ မပေးအပ်ရသေးတဲ့အတွက် သံအမတ်ကြီးတယောက်အနေနဲ့ ဘာမှ မှတ်ချက်ပေးလို့မရသေးဘူးလို့ VOA ကိုပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobia ကတော့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရတဲ့အတွက်ဝမ်းသာကြောင်းနဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေ ကြားသိရလို့ ကြိုဆိုတဲ့အကြောင်း VOA ကိုပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့သံတမန်တွေကို ဖိတ်ကြားပြီးဆွေးနွေးခွင့်ရတာ ဝမ်းသာပါတယ်။ နိုင်ငံအပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးစားပေးဆောင်ရွက်ရမယ့်အချက်တွေကို အပြန်အလှန်ဆွေးနွေး ဖလှယ်ဖြစ်ကြပါတယ်။ အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်တံ့ဖို့လည်း သူပြောသွားတာကို ကျွန်တော်တို့ကြိုဆိုပါတယ်။”

သံတမန်တွေနဲ့ တွေ့ဆုံရှင်းလင်းပွဲကို ရန်ကုန်မြို့ အခြေစိုက်သံရုံး ၄၆ ရုံး၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံး တစ်ရုံးနဲ့ ပြည်ပအခြေစိုက်သံရုံး ၄၆ ရုံး စုစုပေါင်း ၉၃ ရုံးကို ဖိတ်ကြားခဲ့ရာမှာဒီကနေ့ သံရုံး ၇၃ ရုံးက အကြီးအကဲတွေ တက်ရောက်ကြပါတယ်။ ဒီတွေဆုံပွဲအပြီး မြန်မာနိုင်ငံဆိုင်ရာ သံတမန်များအဖွဲ့ အကြီးအကဲ စင်္ကာပူသံအမတ်ကြီး ဦးဆောင်တဲ့ အာဆီယံ ၉ နိုင်ငံက သံရုံး အကြီးအကဲတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG