သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှု တိုင်တန်းချက် ရက်၃၀ တွင်း အကြောင်းပြန်ဖို့ တိုက်တွန်း


 ပြည်ထောင်စု လွတ်တော်
ပြည်ထောင်စု လွတ်တော်

လူ့အခွင့်အရေးတိုင်တန်းမှုတွေနဲ့ပတ်သက်လို့ မေးမြန်းချက်တွေအပေါ် သက်ဆိုင်ရာအာဏာပိုင်တွေဖက်က လူ့အခွင့်အရေးကော်မရှင်ကို ဥပဒေပါအတိုင်း ရက် ၃၀ အတွင်း အကြောင်းပြန်ဖို့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌက ပြောလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေနဲ့ ပက်သတ်လို့ တိုင်ကြားစာ စုစုပေါင်း ၁၂၀၀ ကျော်ရှိပေမယ့်လို့ ဖြေရှင်းတဲ့ အပိုင်းမှာတော့ အားနည်းမှုတွေ ရှိတယ်လို့ လူ့အခွင့်အရေး တတ်ကြွ လုပ်ရှားသူတွေက ဝေဖန်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတတ်သတ်လို့ နှစ်ပတ်လည် အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စု လွတ်တော်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ရှင်းလင်း တင်ပြခဲ့ပါတယ်။ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌက သက်ဆိုင်ရာဌာနတွေကို လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေနဲ့ စပ်လျဉ်းပြီး အကြောင်းကြားစာ လက်ခံရရှိခဲ့ရင် ရက်ပေါင်း ၃၀ ရက်အတွင်း ပြန်လည် အကြောင်းကြားပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဦးဝင်းမြ
ဦးဝင်းမြ

“လူ့အခွင့်အရေးဖောက်ဖျက်မှုများနဲ့စပ်လျဉ်းပြီး လူ့အခွင့်အရေးကော်မရှင်က သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားလာပါက ကော်မရှင် ဥပဒေပါအတိုင်း၊ ဥပဒေပါ ပြဌာန်းချက်နဲ့အညီ ရက်ပေါင်း ၃၀ အတွင်းအကြောင်းပြန်ကြားပေးရန်နှင့် တိုးတက်မှုအခြေအနေများကိုလည်း ဆက်လက်ပန်ကြားပေးပါရန် အကြံပြုတင်ပြထားပါတယ်။”

၂၀၁၅ ခုနှစ် မတိုင်ခင်နဲ့ ၂၀၁၅ ုခုနှစ်အတွင်း တိုင်ကြားထားတဲ့ တိုင်ကြားစာတွေအပေါ် သက်ဆိုင်ရာ ဌာနက ၃၅၀ စောင်သာ ပြန်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း အကျဉ်းထောင် ပြုပြင်ရေးမူနဲ့ပတ်သက်လို့ အကြံပြုချက်တွေကိုလည်း ဒီအစီရင်ခံစာထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။ လူဦးရေ ကျပ်တည်းနေတဲ့ ထောင်တွေမှာ အိပ်ဆောင်တိုးချဲ့ဖို့အပါအဝင် ကျန်းမာရေး ကဏ္ဍ၊ တိုင်းနဲ့ ပြည်နယ်တို့မှာ ရှိတဲ့ အကျဉ်းထောင်တို့မှာလည်း လူငယ်အကျဉ်းသားတွေကို သပ်သပ်စီ ထားဖို့နဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းတွေကိုလည်း တိုးချဲ့ ဖွင့်လှစ်ပေးဖို့ အကြံပြု ပြောဆိုခဲ့ပါတယ်။

“လူဦးရေ ကျပ်တည်းနေတဲ့အကျဉ်းထောင်တွေမှာ အိပ်ဆောင်တိုးချဲ့တည်ဆောက်ပေးရန်၊ လုံခြုံရေးနဲ့ ကျန်းမာရေး ဝန်ထမ်းများကို ဖွဲ့စည်းပုံနဲ့အညီ ဖြည့်ခန့်အပ်ရန်နှင့် ထောင်ဆေးရုံများမှာ ဆေးဝါးအလုံအလောက်ဖြည့်ဆည်းထားပေးသင့်ကြောင်း အကြံပြုထားပါတယ်။ အကျဉ်းသားများကို ဇာတိရပ်ရွာနဲ့ ဝေးတဲ့ ထောင်တွေကို ပြောင်းရွေ့ခြင်းမပြုပဲ ထောင်ဝင်စာတွေ့ရန် လွယ်ကူတဲ့ထောင်များမှာပဲ ထိန်းသိမ်းထားသင့်ကြောင်းအကြံပြုထားပါတယ်။ အကျဉ်းထောင်အတွင်း အစာငတ် ဆန္ဒပြမှုများနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်များနှင့်အညီဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးဆိုက်ရာရှိအကျဉ်းထောင်များမှာ လူငယ် အကျဉ်းသားများကို ထားရှိထိန်းသိမ်းနိုင်ရန် သီးခြားအိပ်ဆောင်များဆောက်လုပ်ခြင်း Vocational training များဖွင့်လစ်ပေးခြင်းတို့ကို တိုးချဲ့ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုထားပါတယ်။”

ပြီးခဲ့တဲ့ နှစ်အတွင်း လူ့အခွင့်အရေးနဲ့ ဖောက်ဖျက်မှုတွေနဲ့ ပက်သတ်လို့ ကော်မရှင်အနေနဲ့ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အပိုင်းနဲ့ မြန်မာလူထုကြား လူ့အခွင့်အရေး သဘောတရား ပိုမိုကျယ်ပြန့်လာစေဖိုသင်တန်းပို့ချမှုတွေအပြင်၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေနဲ့ ရဲဖက်ဆိုင်ရာကိုလည်း လူ့အခွင့်အရေးသင်တန်းတွေ ပို့ချပေးခဲ့တယ်လို့ ဦးဝင်းမြက လွှတ်တော်မှာ ပြောသွားပါတယ်။

ကော်မရှင်အနေနဲ့၂၀၁၅ ခုနှစ်အတွင်း လူ့အခွင့်အရေး တိုင်းကြားစာစုစုပေါင်း ၁၂၈၇ စောင်လက်ခံ ရရှိခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ အတူ ပူးတွဲ ဆောင်ရွက်ခဲ့မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေနဲ့ ပက်သတ်လို့ တိုင်းကြားစာတွေကို ဖြေရှင်းပေးနိုင်မှု အပိုင်းနဲ့ ပတ်သတ်လို့ Equality မြန်မာရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းက အခုလို သုံးသပ်ပါတယ်။

“ တိုင်ကြားစာတွေရရှိတာက ပထမအဆင့်ကတော့ လူထု ကနေ သူတို့ကို အားကိုးတယ်ဆိုတဲ့သဘောပါ။ ဒါပေမယ့် ဒီတိုင်ကြားစာတွေကို သူတို့အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို လွှဲပြောင်းရုံ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတဲ့အပေါ်မှာ ဆုံးဖြတ်ချက် ပါဝါမရှိခြင်းဆိုတာက လူ့အခွင့်အရေးကော်မရှင်အတွက် ကျနော်အားနည်းမှုတခုလို့မြင်တယ်။ အဲဒီတော့ လုပ်ထုံးလုပ်နည်းမှာက သူ့အနေနဲ့ တိုင်ကြားစာကို လက်ခံရရှိတဲ့ ဝန်ကြီးဌာန အနေနဲ့ ရက် ၃၀ အတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ အကြောင်းအရာ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ကော်မရှင်ကို ပြန်လည်ပေးဖို့အတွက် လုပ်ထုံးလုပ်နည်းမှာ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့ သိသလောက်ဆိုရင် ဒီကိစ္စမှာ ပြန်လည်ပြီးတော့ အသိပေးတာ ပြန်လည်ပြီးတော့ ဒီဖြေရှင်းတဲ့ လုပ်ဆောင်ပိုင်းတွေအရမ်းအားနည်းနေတယ်။ တချို့ဝန်ကြီးဌာနတွေဆိုရင် လုံးဝမလုပ်ဘူးဖြစ်နေတယ်။ အဲလိုမျိုးကိစ္စတွေမျိုးမှာ တကယ်လို့များ လုပ်ထုံးလုပ်နည်းအရ ရက် ၃၀ အတွင်း ဘာမှပြန်ပြီးတော့ ဖြေရှင်းမှုတွေမရှိဘူး ၊ ဘယ်လိုလုပ်ဆောင်မလဲ ပြန်လည်အကြောင်းမကြားမူမရှိတဲ့ဝန်ကြီးဌာနကို မဖြစ်မနေ လုပ်ဆောင်ပေးရမယ်ဆိုတဲ့ အခွင့်အာဏာမျိုးရှိရင်တော့ ပိုမိုအားကောင်းလာပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအတွင်းမှာတော့ ဒါတွေမရှိခြင်းက ဥပဒေအရကော ၊ လုပ်ပိုင်ခွင့်အရကော အားနည်းနေတာတွေ့ရပါတယ်။”

လူ့အခွင့်အရေး ကြောညာစာတမ်းကို အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာ သို့ ပြန်ထားပြီး မြန်မာဘာသာကနေ ကချင်၊ မွန်၊နဲ့ ရှမ်း စတဲ့ တိုင်းရင်းသား ဘာသာတွေ ပြန်ဆိုထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ဘာသာရပ်ကို လာမယ့် စာသင်နှစ်ကစပြီး အဆင့်မြင့် ပညာရေးနဲ့ ဥပဒေဘာသာရပ်မှာ ဘာသာတစ်ခုအနေနဲ့ သင်ကြားသွားမှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့တဲ့ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်နဲ့ လက်နက်ကိုင်ပဋိပက္ခာမှာ ကလေးသုငယ်များ ပါဝင်ပက်သတ်မှုဆိုင်ရာကလေးသူငယ်များ အခွင့်အရေးစာချုပ်ရဲ့ နောက်ဆက်တွဲစာချုပ်တို့ကို ဆက်လက်အတည်ပြု ဆောက်ရွက်သင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းနဲ့ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေမူကြမ်းတို့ကို စောစောစီးစီး ပြဌာန်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌက လွှတ်တော်ကို တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG