သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသားရင်ကြားစေ့ရေး အိန္ဒိယ ထောက်ခံမှု သမ္မတ ဦးထင်ကျော် ကျေးဇူးတင်


သမ္မတ ဦးထင်ကျော်နဲ့ ဝန်ကြီးချုပ်မိုဒီနဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ
သမ္မတ ဦးထင်ကျော်နဲ့ ဝန်ကြီးချုပ်မိုဒီနဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံတွင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေအပေါ် ထောက်ခံမှုပေးတဲ့အတွက် အိန္ဒိယနိုင်ငံကို ကျေးဇူးတင်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ၂ နိုင်ငံကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ကျေနပ်အားရမိကြောင်းလည်း သမ္မတက ပြောကြားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက်လှမ်းရမယ့် အဆင့်တိုင်းမှာ အိန္ဒိယနိုင်ငံအနေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်သူတွေအဖြစ်ကော မိတ်ဆွေအဖြစ်နဲ့ပါ ဆက်လက်ရပ်တည်သွားမယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ပြောဆိုပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ သမ္မတ ဦးထင်ကျော်နဲ့ ဝန်ကြီးချုပ်မိုဒီ ဦးဆောင်တဲ့ ၂ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ဒီကနေ့ နေ့လည်ပိုင်းတုန်းက Hyderabad House မှာ တွေ့ဆုံဆွေးနွေးပါတယ်။ အဲဒီနောက် ၂ နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံရဲ့ ထောက်ခံပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း သမ္မတ ဦးထင်ကျော်က ဝန်ကြီးချုပ်မိုဒီနဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

“အခုခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာလက်မှတ် ၄ ခု ရေးထိုးနိုင်တဲ့အတွက် ကျနော် အလွန်အားရကျေနပ်မိပါတယ်။ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆက်လက် ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ်တွေကို အိန္ဒိယက ထောက်ခံပံ့ပိုးနေတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”

လမ်းတံတား ၆၉ စင်း ပြန်လည်မွမ်းမံ ဆောက်လုပ်ရေး၊ အိန္ဒိယ မြန်မာ ထိုင်းနိုင်ငံ အဝေးပြေးလမ်းဖေါက်လုပ်ဖို့ စီမံကိန်းမှာ ပါဝင်တဲ့ ကလေး၀ ယာကြီး လမ်းပိုင်း၊ ပြန်ပြည့်မြဲစွမ်းအင်နဲ့ ဆေးဖက်ဆိုင်ရာ လုပ်ငန်းတွေပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ၄ ခုကို ၂ နိုင်ငံ တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အိန္ဒိယနဲ့ မြန်မာနိုင်ငံ အပြင် ဒေသတွင်းမှာပါ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ချမ်းသာကြွယ်ဝရေးတို့အတွက် အိန္ဒိယနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း သဘောတူညီခဲ့ကြတယ်လို့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။ ဝန်ကြီးချုပ် မိုဒီကတော့ လွန်ခဲ့တဲ့ သီတင်းပါတ်က ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံမြို့က အာနန္ဒာ ဘုရားအပါအဝင် သမိုင်းဝင် အထင်ကရ နေရာတွေ ဘုရားတွေကို ပြုပြင်ဖို့ အကူအညီပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဒေသတွင်း အကြမ်းဖက်သမားတွေကို ပူးပေါင်း နှိမ်နင်းသွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားပါတယ်။

“၂ နိုင်ငံ ပြည်သူလူတွေရဲ့ ဘေးအန္တရယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ သမ္မနဲ့ သဘောတူညီမှုရပါတယ်။ ဒေသတွင်းက အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုနဲ့ လက်နက်ကိုင်သူပုန်တွေရဲ့ လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ ပူးပေါင်း တိုက်ဖျက်သွားမှာလည်း ဖြစ်ပါတယ်။”

အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မဏိပူနဲ့ အာသံပြည်နယ်တွေမှာ ခွဲထွက်ခွင့်နဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင်သူပုန်အဖွဲ့ ဒါဇင်နဲ့ချီနေပြီး ဒီသူပုန်အဖွဲ့တွေ နှိမ်နင်းဖို့အတွက် အရင်မြန်မာစစ်အစိုးရနဲ့ အိန္ဒိယအစိုအရကြား သဘောတူညီမှုတွေရှိခဲ့တာပါ။ ဒါပေမယ့်လည်း ဒီလက်နက်ကိုင်အဖွဲ့တွေကို ထိထိရောက်ရောက်နှိမ်နင်းရာမှာ အားနည်းမှုတွေရှိတွေခဲ့တယ်လို့ လေ့လာသူအချို့က သုံးသပ်ပါတယ်။ အခုအခါမှာတော့ ၂ နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ဖို့နဲ့ ဒေသတွင်း တည်ငြိမ်မှုရှိဖို့ အာရုဏ်စိုက်လုပ်ဆောင်လာတာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“လမ်းဖောက်ဖို့ရော၊ နယ်စပ်ကုန်သွယ်ရေးရော အားလုံးဟာ ဒီနယ်မြေဒေသ ကိုမူတည်တယ်။ ဒီဒေသ အိန္ဒိယဘက်ကရော အဆင်မပြေဘူး မြန်မာဘက်ကလည်း အခြေခံ အဆောက်အဦးမကောင်းသေးဘူးဆိုရင် ဘယ်လိုမှ တိုးတက်ဖို့ကိုမရှိဘူး သူတို့လုပ်နေတာလည်း တော်တော်ကြာပြီ အဲဒါကြောင့် တနည်နည်းနဲ့ ငြိမ်အောင်ထိန်းသိမ်းနိုင်မှသာလျှင် အိန္ဒိယနိုင်ငံရဲ့ ရည်ရွယ်ချက်တွေ ပေါက်ရောက်မှာပါ။”

ဒီကနေ့မနက်ပိုင်းမှာ သမ္မတ ဦးထင်ကျော်နဲ့ ဇနီးကို အိန္ဒိယ သမ္မတ Pranab Mukherjee က သမ္မတ အိမ်တော်မှာ ဂုဏ်ပြုတပ်ဖွဲနဲ့ ကြိုဆိုခဲ့ပါတယ်။ သမ္မတဦးထင်ကျော်နဲ့ ဇနီးတို့ဟာ နယူးဒေလီမြို့က မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂူဗိမ္မာန်ကိုလည်း သွားရောက်လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ပါတယ်။ စနေနေ့တုန်းကတော့ သမ္မတဟာ မဟာဗောဓိပင်ရှိရာ ဗုဒ္ဓဂါယာကို သွားရောက်ခဲ့သလို တနင်္ဂနွေနေ့ တုန်းကတော့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ၇ နေရာမှာပါဝင်တဲ့ Taj Mahal အဆောက်အဦးကို သွားရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG