သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်စိမ်းလုပ်ကွက်များ ပြန်ခွင့်ပြုဖို့ စီစစ်နေ


သက်တမ်းကုန်သွားတဲ့ ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်တွေကို ပြန်လည်ခွင့်ပြုပေးဖို့ အစိုးရက စတင် စိစစ်နေပါတယ်။ သက်တမ်းကုန် ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်တွေဘက်က တင်ပြထားတဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်တွေကို စတင်စိစစ်နေတာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အားလုံးကို စိစစ်ဆောင်ရွက်မှာပါ။လက်ရှိ ကျောက်စိမ်း ကျောက်မျက် တူးဖော်မှုတွေကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်နဲ့ ပြန်လည်ထိန်းကျောင်းမယ်ဆိုတဲ့ အပေါ် ကြိုဆိုကြပေမယ့် ထိထိရောက်ရောက် လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ တုံ့ပြန်မှုတွေလည်း ရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

သက်တမ်းကုန်သွားတဲ့ ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်တွေကို ပြန်လည် သက်တမ်းတိုးပေးနိုင်ဖို့ အတွက် သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက စတင်စိစစ်နေပါတယ်။ သက်တမ်းကုန်သွားတဲ့ ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်တွေ အနေနဲ့ ကျောက်စိမ်း ကျောက်မျက် တူးဖော်မှုတွေကြောင့် ပျက်စီးသွားတဲ့ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုတွေကို ဘယ်လို ပြုပြင် ထိန်းသိမ်းမလဲ ဆိုတဲ့ Environmental Management Plan တရပ် ရေးဆွဲတင်ပြရမှာ ဖြစ်ပြီး ဒါကို စိစစ်ပြီးမှ ပြန်လည် လုပ်ကိုင်ခွင့် ပြုရေး မပြုရေးဆုံးဖြတ်မှာပါ။ သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပတ်ဝန်းကျင်ရေးရာ ဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က အခုလို ပြောပါတယ်။

“သတ္တုတွင်းဌာနကနေပြီးတော့ သူတို့အသစ်မဟုတ်ဘူးပေါ့နော် လက်ရှိရှိပြီးသားလုပ်နေလက်စကို သတ္တုတွင်းအဟောင်းတွေကို ကျနော်တို့ သက်တမ်းပြန်တိုးတဲ့အခါကျတော့ ဒီ Environmental management plan ကိုဆွဲပြီးတော့ တင်ခိုင်းပြီးတော့မှ ခွင့်ပြုမယ်ဆိုတဲ့အဲဒီအစီအစဉ်လေး လုပ်နေတာပေါ့နော်။ အဲဒီလို စစ်ပေးပြီးတော့ သူ့ရဲ့ Impact တွေကို သူလုပ်မယ့် Management Plan တွေက cover ဖြစ်တယ်ဆိုရင် ကျနော်တို့က ဒါ cover ဖြစ်ပါတယ်ဆိုပြီးတော့ သဘောထားမှတ်ချက်ပြန်ပေးမှာပေါ့။ ခွင့်ပြုတာကတော့ သတ္တုတွင်းဌာနကနေပြီးတော့ပဲ ခွင့်ပြုမှာဆိုတော့ ဒါက သူတို့အပိုင်းပါပဲ။”

သက်တမ်းကုန်သွားတဲ့ ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်တွေကို သက်တမ်းထပ်တိုးမပေးဘူးလို့ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ပြောဆိုထားပေမယ့် အခုနောက်ပိုင်းမှာတော့ ဒီလုပ်ကွက်တွေရဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်တွေကို စိစစ်ပြီး သက်တမ်းတိုးဖို့ စီစဉ်တာပါ။ ဒါပေမယ့် ဝန်ကြီးဌာန အနေနဲ့ နိုင်နိုင်နင်းနင်း မလုပ်နိုင်သေးဘူးလို့လည်း ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က အခုလို ပြောပါတယ်။

“အခုလောလောဆယ်တော့ ကျနော်တို့ အသစ်နောက်ထပ်လုပ်မယ့်ဟာတွေကို ဦးစားပေးပြီးတော့ ပြီးရင်တော့ ဒါတွေအကုန်လုံး ဖြစ်သွားရင်တော့ ကျနော်တို့ ကျန်တဲ့ဟာတွေပါဆက်ပြီးတော့ လုပ်သွားဖို့ရှိမှာပါ။ တပြိုင်နက်တည်း ကျနော်တို့ လုပ်ဖို့မလွယ်ပါဘူးခင်ဗျ။”

စည်းကမ်းမဲ့ ထုတ်လုပ်မှုတွေကြောင့် ဝေဖန်ခံနေရတဲ့ မြန်မာ့ ကျောက်စိမ်း ကျောက်မျက် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေကို သဘာ၀ ပတ်ဝန်းကျင် ပြန်လည် ထိန်းသိမ်းရေး အစီအစဉ်နဲ့ ပြန်ပြီး ထိန်းကျောင်းဖို့ အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်ကို ဖားကန့်မြို့နယ်ကိုယ်စားပြု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလာစိုင်းက ကြိုဆိုပါတယ်။

“ကျနော်တို့နိုင်ငံကလည်း သိတဲ့အတိုင်းပဲ နည်းပညာပိုင်းဆိုင်ရာတွေမှာ အရင်းအနှီးတွေကို ရှာဖွေဖို့နေရာမှာ အင်မတန်မှ အားနည်းသေးတဲ့အချိန်ကျတော့ ဒီ သံယံဇာတတွေအပေါ်မှာပဲ မှီခို နေရသေးတဲ့အချိန်ဆိုတော့ အဲဒီပုံစံနဲ့ နည်းစနစ်ကျကျ နဲ့ ဒီလုပ်ငန်းရှင်တွေကိုပေါ့နော် လုပ်ငန်းလုပ်ကွက်တွေချပေးမယ် ၊ ဒီ ကြပ်မတ်တဲ့သူတွေလည်း နည်းစနစ်ကျကျ နဲ့ တိတိကျကျ နဲ့သတ်မှတ်ဆောင်ရွက်ပြီးမှ လုပ်မယ်ဆိုရင်လည်း ဒါက တိုင်းပြည်အတွက်လည်း အထောက်အကူဖြစ်သလို သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုလည်း ပြန်လည်ကုစားပြီးသားဖြစ်တဲ့အနေအထားဆိုတော့ ဒီလုပ်ငန်းကလည်းဒါက ပြည်သူတွေကလည်း လက်မခံနိုင်စရာအကြောင်းမရှိဘူးလို့ထင်တယ်လေ။”

ဒါပေမယ့် စည်းမျဉ်း သတ်မှတ်ချက် အတိုင်း တိတိကျကျ လုပ်ဖို့ လိုအပ်နေပြီး အခုအချိန်ထိတော့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် လုပ်တာ မတွေ့ရသေးဘူးဆိုပြီးလည်း လွှတ်တော် အမတ် ဦးဒါရှီလာစိုင်းက ဝေဖန်ပါတယ်။

“အခုလောလောဆယ် ကတော့ သူတို့ဒီ သစ်တော ဦးစီးဌာနတွေနဲ့ မြို့နယ်အထွေထွေဦးစီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ဒီမှာ သစ်ပင်စိုက်ပျိုးတဲ့လုပ်ငန်းတွေ၊ နောက်ပြီး ကျနော်တို့ဒီ စိုက်ပျိုးရေးဌာနကနေပြီးမှ အပင်ပေါက်တွေကို စိုက်ပျိုးပြီးမှ သူတို့ ကုမ္ပဏီတွေကိုပေါ့နော် ခွဲတမ်းတဲ့ချပေးထားတာကို တွေ့ရတာပဲ။ သို့သော်လည်း အချို့ကုမ္ပဏီတွေကျတော့ အဲဒီမှာ ဂရုတစိုက်နဲ့လုပ်တဲ့ကုမ္ပဏီတွေရှိသလို ၊ တချို့တော့လည်း အချို့အဖွဲ့အစည်းတွေကို ငွေရေးကြေးရေးပေးပြီးတော့မှ သူတို့ တာဝန်ပေး၊ လွဲပေးလိုက်တဲ့အနေအထား တွေ့ရတယ်။ အဲလိုကျတော့ သိပ်ပြီးမှ ထိရောက်မယ့်အနေအထားမရှိဘူး။”

နှစ်ပေါင်းများစွာ ကျောက်စိမ်း ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတွေကြောင့် နာမည်ကျော် ကျောက်စိမ်းဒေသ ဖားကန့် အပါအဝင် မိုးကုတ်၊ မိုင်းရှုးတို့လို ကျောက်မျက် တူးဖော်ရေး ဒေသတွေရဲ့ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုက အတော်လေး စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ အစိုးရသစ် လက်ထက်မှာတော့ ကျောက်စိမ်း ကျောက်မျက်တူးဖော်ရေး လုပ်ကွက်အသစ်တွေ ချထားမှုကို အခုအချိန်ထိ ပိတ်ထားဆဲ ဖြစ်သလို နှစ်ပေါင်းများစွာ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ ကျောက်စိမ်း ကျောက်မျက် တူးဖော်ရယူမှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အတိုင်းအတာ တခုအထိ ပွင့်လင်းမြင်သာမှု ရှိရေး ဆောင်ရွက်လာတာပါ။ ဒါပေမယ့်လည်း ကျောက်စိမ်း ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတွေမှာ သိသာ ထင်ရှားတဲ့ အပြောင်းအလဲတွေတော့ မတွေ့ရသေးဘူးလို့လည်း ဒေသခံတွေ က ဝေဖန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG