သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာနီညာကြောင့် မုန်တိုင်းများမယ့်အရေး ကြိုတင် ပြင်ဆင်ထားဖို့လို


လာနီညာကြောင့် မုန်တိုင်းများမယ့်အရေး ကြိုတင် ပြင်ဆင်ထားဖို့လို
လာနီညာကြောင့် မုန်တိုင်းများမယ့်အရေး ကြိုတင် ပြင်ဆင်ထားဖို့လို

မြန်မာနိုင်ငံမှာ လာနီညာလို့ခေါ်တဲ့ ရာသီဥတု ဖောက်ပြန် ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မိုးလေသ၀ ပညာရှင်တွေက ခန့်မှန်း ပြောဆိုပါတယ်။ တောင်အမေရိကတိုက်မှာ အခြေပြု ဖြစ်ပေါ်လေ့ရှိတဲ့ လာနီညာ ရာသီဥတု ဖောက်ပြန်မှုဟာ အခုချိန်မှာ အာရှတိုက်အတွင်းက တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်နေပြီး မကြာခင်မှာ မြန်မာနိုင်ငံဘက်ကိုပါ ရောက်လာဖို့ အလားအလာ ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်း သုံးသပ် ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေတွေကို တိုင်းတာ သုံးသပ်ကြည့်တဲ့အခါ မုန်တိုင်းကျ၊ မိုးများပြီး ရာသီဥတု ဖောက်ပြန်တဲ့ လာနီညာဖြစ်ဖို့ အလားအလာ ရှိနေတယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားကြတာပါ။ မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း မိုးများလာတာဟာ လာနီညာရဲ့ ဂယက်ရိုက်ခတ်မှု လက္ခဏာတွေ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ညွန်ကြားရေးမှူးဟောင်း ဦးထွန်းလွင်က သုံးသပ်ပါတယ်။

“လာနီညာကတော့ ဖြစ်နေပြီ။ ဒါပေမဲ့ သူ့ရဲ့ပင်မက တောင်အမေရိကတိုက် West Coast ပေါ့နော်၊ အဲဒီဘက်မှာတော့ လာနီညာက စနေပြီ၊ ပစိဖိတ်မှာ ဖြစ်နေပြီ။ သူ့ရဲ့ အကျိုးဆက်တွေလည်း အာရှတိုက်ရော၊ အမေရိကားရော၊ တောင်အမေရိကား၊ မြောက်အမေရိကားဘက်မှာ ရှိနေပြီလို့ပဲ ကျနော်တို့ သိရပါတယ်။ အတ္တလန်တစ်မှာလည်း ရှိတယ်ပေါ့။ သူ့ impact ကတော့ ရှိပြီ။

“ဒါပေမဲ့ ကျနော်တို့ကတော့ နည်းနည်းဝေးတယ်။ ဝေးတဲ့အခါကျတော့ ကျနော်တို့က နည်းနည်း အရိပ်အခြည် စောင့်ကြည့်တဲ့ အခါမှာ ကျနော်တို့ဘက်မှာလည်း အခု နည်းနည်းတော့ စလိုက်နေပြီလို့ ကျနော်ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ မိုးက အခုရက်ပိုင်းမှာ တော်တော်လေးကို သိသာလာတယ်။ လွန်ခဲ့တဲ့ တပတ် ဆယ်ရက်နဲ့စာရင် နောက်ပိုင်းမှာ မိုး တော်တော်လေး လိုက်လာတယ်။ ကျနော်တို့ နိုင်ငံမှာတော့ ခုချိန်ထိ ဆိုးဆိုးရွားရွားတော့ မရှိသေးပေမဲ့ ခုရက်ပိုင်းတွေမှာတော့ ဒီနေ့ပဲ မိုးလေဝသ သတင်းမှာ မိုးတော်တော်ရွာတာတွေ တွေ့ရပါတယ်။ အထူးသဖြင့် အရှေ့ဘက်ပိုင်းတွေပေါ့။”

အခုရက်ပိုင်းတွေအတွင်း ပါကစ္စတန်နိုင်ငံမှာ မိုးကြီး ရေလျှံလို့ လူတွေ ထောင်နဲ့ချီ သေဆုံးကြရပြီး စိုက်ပျိုးရေးတွေ ပျက်ဆီးကြရတာ၊ အိန္ဒိယနိုင်ငံမှာ မိုးများ၊ တောင်တွေပြိုပြီး လူတွေ ရာနဲ့ချီ သေဆုံးရတာနဲ့ တရုတ်နိုင်ငံမှာ မိုးများ မြေပြိုတဲ့ ကိစ္စတွေဟာ အဲဒီ လာနီညာ ရာသီဥတု ဖောက်ပြန်မှုရဲ့ အကျိုးဆက်တွေ ဖြစ်တယ်လို့ ဦးထွန်းလွင်က ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း စိုးရိမ်စရာ အကောင်းဆုံး အခြေအနေတွေကလည်း မုန်တိုင်းကျ၊ မိုးများမယ့် အရေးပဲ ဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

“စိုးရိမ်စရာတခုက ဘာလဲဆိုတော့ မုန်တိုင်းမိုးတွေပဲ။ မုန်တိုင်းမိုးကတော့ များဖို့ တော်တော်များတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနှစ်နဲ့တူတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန် ပြောင်းတာကို ကြည့်ပြီးတော့ ရွေးလိုက်တဲ့ အခါမှာ ၄ နှစ်လောက် ရပါတယ်။ အဲဒီ နှစ် ၄ နှစ်ရဲ့ လက်ရှိ ၂၀၁၀ နဲ့ အတူဆုံးနှစ် ၂ ခုကို ရွေးလိုက်တဲ့အခါ အဲဒီနှစ် ၂ နှစ်လုံးက လာမယ့် မိုးနှောင်း၊ မိုးလွန် လက်ကျန်လတွေမှာ မုန်တိုင်း နောက်ထပ် ၅ လုံးလောက် ဖြစ်နိုင်သေးတာကို သွားတွေ့ရပါတယ်။ အဲဒီတွေ့တဲ့နှစ် ၂ နှစ်လုံးက တနှစ်လုံး ၆ လုံးဖြစ်ပါတယ်။ ၂၀၁၀ ဒီနှစ်က တလုံးပဲ ဖြစ်သေးတယ်။ ဒါကြောင့် ကျနော်ဆိုလိုတာ နောက်ထပ် ၅ လုံးလောက် မုန်တိုင်း ဖြစ်နိုင်သေးတယ်လို့ စာရင်းအင်းအရတော့ မှန်းဆလို့ ရပါတယ်။”

မုန်တိုင်း အကြွင်းအကျန်တွေ ဖြတ်လေ့ရှိတဲ့ မိုးနှောင်း မိုးလွန် ကာလတွေကို အထူးဂရုပြုသင့်တဲ့ အကြောင်းလည်း ဦးထွန်းလွင်က ပြောပါတယ်။

“ဘယ်အချိန်နဲ့ ဘယ်ဒေသတွေလဲလို့ ပြောရင် များသောအားဖြင့် အဲဒီ မုန်တိုင်း အကြွင်းအကျန်တွေ ဖြတ်တာက မိုးနှောင်း မိုးလွန် ဖြစ်ပါတယ်။ အထူးသဖြင့် သိသာလာမှာကတော့ စက်တင်ဘာလဆိုရင် မြန်မာပြည် အလယ်ပိုင်းနဲ့ မြောက်ပိုင်းကို ဖြတ်လေ့ရှိပါတယ်။ အောက်တိုဘာရောက်ရင် အလယ်လောက်မှာ ဖြတ်ပါတယ်။ နိုဝင်ဘာ ရောက်လို့ရှိရင်တော့ မြေလတ်ပိုင်းနဲ့ အောက်ပိုင်းကို ဖြတ်ပါတယ်။ သူ့လနဲ့သူ ဧရိယာတော့ ပြောင်းသွားပါလိမ့်မယ်။ အဲဒီအခါမှာ မိုးတွေ ရွာတတ်ပါလိမ့်မယ်။

“အချိန်အခါမဟုတ်မှ ရွာတဲ့မိုး ဖြစ်တဲ့အတွက် ဒီမိုးက ကောင်းကျိုးချည်း ပေးမယ်လို့ ပြောလို့မရပါဘူး။ အသုံးပြုတဲ့အပေါ်၊ လုပ်ငန်းပေါ်မှာ မူတည်ပြီးတော့ စောစောက ပြောသလိုပဲ အောင်ရေလည်း ဖြစ်ချင်ဖြစ်မယ်၊ ဖျက်မိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်လုပ်တဲ့ လုပ်ငန်းပေါ်မှာ မူတည်ပြီးတော့ ဒီမိုးကို ကြိုတင်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ဒါလေးတွေကို ချင့်ချိန်ပြီးတော့ လုပ်ငန်းတွေမှာ ကြိုတင်ပြင်ဆင်ဖို့နဲ့ သတိရှိဖို့ ဒါကိုသာ ကျနော် အဓိက အခုချိန်မှာ ဒီလောက်ပဲ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ လာနီညာ မိုးလေဝသ ဖောက်ပြန်မှုရဲ့ ဂယက်ရိုက်ခတ်မှုကြောင့် မိုးကြီး ရေလျှံမှုတွေနဲ့ ကြံခဲ့ရတာတော့ ၁၉၇၄ ခုနှစ်က ဖြစ်ပါတယ်။ အဲဒီတုန်းက မုတ်သုန်မိုးနဲ့ အရှေ့ဘက်ကလာတဲ့ မုန်တိုင်း အကြွင်းအကျန်တို့ ပေါင်းမိပြီး ရေကြီးမှုတွေ ဖြစ်တဲ့အတွက် ပြည် ရွှေဆံတော်ဘုရား ခြေရင်းအထိ ရေရောက်ခဲ့တဲ့ သာဓက ရှိခဲ့ဘူးပါတယ်။

XS
SM
MD
LG