သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေ ကြီးလေးပြစ်ဒဏ်ချတော့မယ်


အမျိုးသားလွှတ်တော် (MOI)
အမျိုးသားလွှတ်တော် (MOI)

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျုးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူနိုင်ဖို့ စီစဉ်နေပြီလို့ မြန်မာအစိုးရ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။ ကလေးတွေအပေါ် အနိုင်ကျင့်စော်ကားတဲ့ အမှုတွေ ပိုများလာနေတဲ့အတွက် ကျုးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးဖို့ တိုက်တွန်းသံတွေ ထွက်ပေါ်နေချိန်မှာပဲ ထိထိရောက်ရောက် အရေးယူဖို့ ကြိုးပမ်းနေတဲ့အကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးက လွှတ်တော်မှာ ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခ ကပြောပြပေးမှာ ဖြစ်ပါတယ်။

ကလေးသူငယ်တွေအပေါ် အနိုင်ကျင့်စော်ကားမှုတွေ ရှိနေပေမဲ့ လုံလောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့အတူ ကျုးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တိုက်တွန်းမှုတွေလည်း ကြီးထွားလာနေချိန်မှာပဲ၊ အစိုးရက ကလေးငယ်တွေကို ဥပဒေနဲ့ အကာအကွယ်ပေးဖို့ စီစဉ်နေတယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေချိန်မှာပဲ၊ ကလေးငယ်တွေကို ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်မှုပေးနိုင်အောင် ကြိုးပမ်းနေတဲ့အကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က အမျိုးသားလွှတ်တော်မှာ တနင်္လာနေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“သက်ငယ်မုဒိမ်းနှင့်ပတ်သက်၍ ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေမှာ ပြစ်မှုနှင့် ပြစ်ဒဏ်အား သီးခြားဖော်ပြထားခြင်းမရှိခဲ့ပါ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရသာ ပြစ်ဒဏ်ချမှတ် ဆောင်ရွက်လျှက်ရှိပါတယ်။ အခုပြင်ဆင်လျှက်ရှိတဲ့ ကလေးငယ်များအခွင်အရေးများဆိုင်ရာ ဥပဒေ အခန်း ၂၈ ၊ ပုဒ်မ ၁၃၈ မှာ မည်သူမဆို ကလေးသူငယ်အား မုဒိမ်းမှု ကျူးလွှန်သူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် ၁ သက်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြင်ဆင်ထားပါတယ်။ အဲဒီပြင်ဆင်ချက်တွေအပေါ်မှာ သဘောထားအကြံပြုနိုင်ဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ထားပါတယ်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဤဥပဒေနဲ့ ပတ်သက်၍ အကြံပြုချက်များ ပေးပို့ရာမှာ သက်ငယ်မုဒိမ်း ပြစ်မှုပြစ်ဒဏ်အား အမြင့်ဆုံး ပြစ်ဒဏ်ချမှတ် နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်။”

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ သက်ငယ်မုဒိန်းမှုပေါင်း ၂၃၀ ရှိခဲ့ရာက ဒီနှစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ စာရင်းတွေအရ အမှုပေါင်း ၄၀၀ နီးပါးအထိ ရှိနေပါတယ်။ ဒီလို ၂ ဆနီးပါးအထိ တိုးလာနေတဲ့ မှုခင်းတွေမှာ အဓမ္မပြုကျင့်ခံရသူ အများစုဟာ ဆိုရင်လည်း ၁၀ နှစ်အောက်အထိ ငယ်ရွယ်သူတွေ ဖြစ်နေတာလည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီလိုကလေးသူငယ်တွေ အဓမ္မပြုကျင့်ခံနေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ထိရောက်တဲ့ ဥပဒေတွေနဲ့ တိတိကျကျ အရေးယူဖို့ လိုမယ်လို့လည်း ဥပဒေပညာရှင်တဦးဖြစ်တဲ့ ဦးရောဘတ်ဆန်းအောင် ကပြောပါတယ်။

“ရဲတွေကလည်း ဘာလုပ်သလဲဆိုတော့ မုဒိမ်းကျင့်ခံရတဲ့ ကလေးအဖေက တရားခံကိုတောင်မှ ပြန်ဖမ်းပေးရမယ်ဆိုတာမျိုးနဲ့ ဥပဒေမဲ့လုပ်တာတွေရှိတယ်။ အဲလိုမျိုးလုပ်တဲ့ရဲကို ဥပဒေအရ တရားစွဲဆိုမှုမရှိဘူး ။ အဲဒီလို မဒိမ်းမှုတွေမှာ အဓိက အားပေးအားမြောက်လို ဖြစ်နေတာက ရဲ။ ကျနော်တို့ ပြောတယ် ရှိတဲ့ ဥပဒေကို ရှိတဲ့ အတိုင်းကျင့်သုံးပါ။ မဒိမ်းမှုမှာ ပြည်သူလူထုက အုန်းအုန်းကျွက်ကျွက် နဲ့ မကျေမနပ်ဖြစ်နေတာက ဥပဒေအားနည်းချက်ထက်၊ သူတို့တွေ တရားဆွဲတဲ့ အဖွဲ့အစည်းတွေ ၊ နောက် ဥပဒေအကြံပေးကျတော့လည်း ဥပဒေ အရာရှိတွေက ဝတ်ကျေတမ်းကျေ ပြီးစလွယ် လုပ်တယ်။ တရားရုံးရောက်တော့လည်း တရားရုံးက ဝတ်ကျေတမ်းကျေသဘောမျိုးနဲ့ လုပ်နေတာတွေ ကျနေ်ာတို့တွေ့နေတယ်။ နောက်ရဲက သက်သေခေါ်ရင်မလာဘူး။ မလာရင် အရေးယူမယ်လို့သာပြောနေတယ်။ တကယ့်လက်တွေ့မှာ အရေးယူတာမရှိဘူး။”

လတ်တလောမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ကျုးလွန်သူတွေအတွက် သီးသန့်ဥပဒေ ပြဌာန်းထားတာ မရှိသလို၊ မကြာခနဆိုသလို ထောင်ဒဏ်နှစ်အနည်းငယ်သာ အပြစ်ပေးခံရလေ့ ရှိတတ်တဲ့အတွက် သေဒဏ်လို ပြစ်ဒဏ်မျိုးအထိ ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။ တနင်္ဂနွေနေ့မှာ တုန်းကလည်း ရန်ကုန်မြို့မှာ တက်ကြွလှုပ်ရှားသူတွေ သာမက အနုပညာရှင်တွေ၊ ဥပဒေကျွမ်းကျင်သူတွေ စုဝေးပြီး၊ ကလေးငယ်တွေကို အနိုင်ကျင့်စော်ကားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG