သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားစာရင်း ကွာဟမှုရှိ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ပြန်လည် လွတ်မြောက်လာပေမဲ့ နိုင်ငံအဝန်းက အကျဉ်းထောင်တွေထဲမှာ ဆက်လက် ဖမ်းဆီးခံထားရသူတွေ ရှိနေဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားအဖြစ် ပြုစုထားတဲ့ စာရင်းတွေမှာ ကွာဟမှုရှိနေတဲ့အတွက် တချို့ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရာမှာ မပါဝင်မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ကြေညာချက်ထွက်အပြီး မတ်လ ၈ ရက်နေမှာတော့ လက်ပံတန်းမြို့က ထိမ်းသိမ်းခံခဲ့ရတဲ့ ကျောင်းသားတွေထဲကို အမှုပိတ်သိမ်းပြီး အတော်များများပြန်လွတ်မြောက်လာခဲ့တာပါ။ ဒါပေမဲ့လည်း တခြားထောင်တွေမှာ ထိမ်းသိမ်းခံထားရတဲ့ ကျောင်းသား တချိုလည်း ကျန်နေသေး ပါတယ်။မြန်မာနှစ်ဆန်းတရက်နေ့ ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေမှာတော့ နိုင်ငံတော်သမ္မတ အမိန်နဲ့ နိုင်ငံရေးအကျဉ်းသား ၈၃ ဦး ပြန်လွတ်လာတယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမဲ့ ၆၃ ဦးသာ စာရင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ စာရင်း ၂ခုလုံး ကွာခြားမူတွေ ရှိနေတယ်လို့နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့က ရုံးတာဝန်ခံ ဦးသက်ဦးက အခုလိုပြေပါတယ်။

“ဘာလဲဆိုတော့ ၆၃ ယောက် စာရင်းရပြီးတော့ ဒီ အယောက် ၂၀ လောက်ကျန်နေတယ်။ ၈ ရက်နေ့က လွတ်တဲ့လူက ၁၉၉ ယောက်လို့ ကြေညာတယ်ပေါ့။ ဒါပေမယ့် အဲဒီ ၁၉၉ ယောက်ကို ဘယ်လိုအမှုပိတ်သိမ်းပြီးတော့လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိဘူးပေါ့။ ဒါပေမယ့် စောစောကပြောသလို social media တွေမှာ တက်လာတဲ့ဥစ္စာက တိုင်းနဲ့ပြည်နယ်အလိုက်ကိုခွဲပြီးတော့ ဘယ်တိုင်းကနေ ဘယ်နှစ်ယောက်လွတ်တယ် ဆိုတဲ့ဥစ္စာကိုပဲပါတာလေ။ ၁၉၉ ယောက် ဆိုတာက ဒီဘက်က စာရင်းအရဆိုရင် ၁၂၀ လောက်ပဲရှိတယ်။ ဒါကြောင့်မို့လို့ အမှုရုပ်သိမ်းပြီးတော့ ပိတ်သိမ်းတယ်ဆိုတာ ဘယ်လိုလူတွေကို ပိတ်သိမ်းတာလည်းဆိုတာ ရှင်းရှင်းလင်းလင်းမရှိဘူးပေါ့။ ဒါကတချက်ပေါ့၊ နောက်တချက်က ၁၇ ရက်နေ့လွတ်တဲ့ ကိစ္စမှာ ၈၃ ယောက် လို့ပြောပေမယ့် ဒီဘက်က စာရင်းအရက ၆၃ ယောက်ပဲ စာရင်းရတယ်လေ။ အဲဒီမှာ အယောက်၂၀ စာရင်းလောက်က ဘယ်သူတွေက ဘယ်လိုလွတ်တယ် ၊ ဘယ်လိုအမျိုးအစားတွေပါသလဲဆိုတဲ့ ဟာကတော့ ရှင်းရှင်းလင်းလင်းမသိရဘူးပေါ့။”

မြန်မာအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ ဘယ်သူတွေ ဘယ်ပုဒ်မတွေ နဲ့ အကျဉ်းကျသူတွေကို လွတ်လိုက်တယ်ဆိုတာကို တိတိကျကျသတင်းထုတ်ပြန်ဖို့ လိုအပ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

“ ဒီစာရင်း ၂ ခုလုံးကို ဘာပဲပြောပြောပေါ့ သူတို့ လက်ရှိအစိုးရသစ်အနေနဲ့ သူတို့က တရားဝင်ထုတ်ပြန်ပေးစေချင်တယ်ပေါ့။ အရင်အစိုးရလိုပုံစံမျိုးပဲ ထုတ်ပြန်တဲ့ ပုံစံမျိုးပဲ ဖြစ်နေတာကတော့ မကောင်းဘူးပေါ့”

နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ Facebook စာမျက်နှာမှာတော့ အကျဉ်းထောင်အသီးသီးကနေ ၈၃ ဦး လွတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်သားဟောင်းများ အဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖဲ့ွရော ၂ ဖွဲ့လုံး ကတော့ ၆၃ ဦးသာ စာရင်းရရှိတယ်လို့ ပြောဆိုထားတာပါ။ ဒီနေ့မှာတော့ ထပ်မံ လွတ်မြောက်လာသူတွေမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကဆိုပါတယ်။ သူတို့ရဲ့စာရင်းပြုစုချက်အရ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ရှိနေသလို အမှုရင်ဆိုင်စဲ ထိမ်းသိမ်းခံထားရသူ ၄၀၀ ကျော်ရှိနေတယ်လို့ပြောဆိုထားတာပါ။ ထင်ရှားတဲ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူတွေကိုလွတ်ပေးလိုက်ပေမဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် တရားမဝင်အသင်းနဲ့ ဆက်သွယ်မူ ပုဒ်မ ၁၇ (၁)နဲ့ ထိမ်းသိမ်းခံထားရ သူတွေလည်း နှစ်ရှည်ကျခံနေရတာဖြစ်လို့သူတို့ကိုလည်း ပြန်လွတ်ပေးဖို့အတွက် နိုင်ငံရေးအကျဉ်းသားရေးလုှပ်ရှားနေတဲ့ အဖွဲ့တွေက တောင်းဆိုနေပါတယ်။

XS
SM
MD
LG