သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့အကြို နိုင်ငံတော်အဆင့် လုံခြုံရေး ပြင်ဆင်


အာဇာနည်နေ့ ( ၂၀၁၄)
အာဇာနည်နေ့ ( ၂၀၁၄)

မနက်ဖြန်မှာကျရောက်မယ့် အာဇာနည်နေ့အခမ်းအနား ကို နိုင်ငံတော်အဆင့်ကျင်းပမှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်လည်း တက်ရောက်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းက မိသားစုဝင်တဦးအနေနဲ့ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ နိုင်ငံ့အကြီးအကဲအဖြစ်တက်ရောက်မှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် ဖို့ ပြင်ဆင်နေတဲ့ လုံခြုံရေး အခြေအနေကိုတော့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

စစ်အစိုးရလက်ထက်မှာ ကန့်သတ်ပိတ်ပင်မှုတွေခံခဲ့ရတဲ့ အာဇာနည်နေ့အခမ်းအနားတွေဟာ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ တစုံတရာ လွတ်လွတ်လပ်လပ်ရှိလာသလို၊ ဒီနှစ် NLD အစိုးရလက်ထက်မှာတော့ တနိုင်ငံလုံးအတိုင်းအတာ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာ ကြမယ်လို့ မျှော်လင့် ရပါတယ်။

NLD ပါတီက ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကြုံတွေ့မယ့် အာဇာနည်နေ့ အခမ်းအနားမှာ အခုလိုမျိုး လုပ်ဆောင်နိုင်တာနဲ့ ပတ်သက်သလိုပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“အဓိကတော့ အခုအချိန်မှာ NLD အစိုးရပေါ့။ NLD အစိုးရက ဦးဆောင်ပြီးတော့ ခါတိုင်းနဲ့ မတူဘူးဆိုတာ ဥပမာ ဥသြဆွဲတာက အစပေါ့နော်။ နောက် အခမ်းအနား ပြည်သူလူထု ဒါကတော့ မနက်ဖြန်မှာ ကျနော်တို့တွေ့ရမှာ လက်ခံခွင့်ပြုတာမျိုးတွေ ။ အရင်တုန်းကတော့ အလေးပြုခွင့်တော့ရတယ် ၊ အကန့်အသတ်တွေများခဲ့တယ်။ တိုင်းနဲ့ပြည်နယ်မြို့နယ်တွေမှာလည်း လွတ်လွတ်လပ်လပ် အာဇာနည်နေ့ကို ကျင်းပခွင့်ရမယ်၊ ကျင်းပနိုင်တယ်။ ကျင်းလည်းကျင်းပနေကြတယ်။ ဒါဟာ ထူးဆန်းမှုတခုပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့ ခါတိုင်းလည်းကျင်းပတယ် ခွင့်ပြုသည်ဖြစ်စေ၊ မခွင့်ပြုသည်ဖြစ်စေ ကျနော်တို့က တာဝန်ရှိလို့ကို ကျင်းပတယ်။ ဒီနှစ်ကတော့ တရားဝင်ကို ကျင်းပခွင့်ရတဲ့အတွက် ဝမ်းသာစရာပဲလို့ပြောချင်တယ်။”

ဒီနှစ် အာဇာနည်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တစ်ကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်မေ့တသခြင်း အားဖြင့် အလံ တစ်ဝက်လွှင့်ထူဖို့နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာလည်း ဥသြစွဲဖို့နဲ့ မော်တော်ယာဉ်တွေ အားလုံး ဟွန်းတီး အလေးပြုကြဖို့ အစိုးရသစ်က ညွှန်ကြားထားပါတယ်။ ဒါ့အပြင် ဒီနှစ် အာဇာနည်နေ့အခမ်းအနားမှာ ထူးထူးခြားခြားအနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗီုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရန်ကုန်မြို့က အာဇာနည် ဗိမာန်ကို လာရောက် ဂါရဝပြုမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အဆင့် ကျင်းပမယ့် ဒီနှစ်အခမ်းအနားမှာ လုံခြုံရေး ယူတဲ့ အပိုင်းနဲ့ ပက်သတ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုံခြုံရေး ညွှန်ကြားရေးမှုး ရဲမှုးကြီး ဇော်ခင်အောင်က အခုလို ပြောပါတယ်။

“အထူးသဖြင့် ကျနော်တို့ ရန်ကုန်အာဇာနည်ကုန်းမှာ နိုင်ငံတော်အဆင့်အခမ်းအနား ကျင်းပဖို့ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာလည်းကျနော်တို့ရဲ့ လုံခြုံရေးစီမံချက်ပါအတိုင်းပေါ့လေ အပိုငး ၇ ပိုင်းနဲ့ ကျနော်တို့ လုံခြုံရေးကို ဆောင်ရွက်ထားပါတယ်။

မေး။ ။ဟုတ်ကဲ့ခင်ဗျ။ ရဲတပ်ဖွဲ့အင်အားကရော အရင်ကထက်စာရင် တိုးချဲ့ချထားလား ဘယ်လိုအခြေအနေမှာ ရှိပါသလဲ။

ဖြေ။ ။ ရဲတပ်ဖွဲ့အင်အားကတော့ သီးခြားတိုးမြင့်ချထားတာမရှိပါဘူး။ ကျနော်တို့ ယခင်နှစ်ကလိုပါပဲ တိုင်းဒေသကြီးအစိုးရရဲ့ အစီအမံနဲ့ စီစဉ်တဲ့အတိုင်း အခုကတော့ နိုင်ငံတော်အဆင့် အခမ်းအနား ကျင်းပတဲ့ပုံစံမျိုးနဲ့ နိုင်ငံတော် အဆင့်ပြုလုပ်ပြီးဆောင်ရွက်တာဖြစ်ပါတယ်ခင်ဗျ။ လုံခြုံရေးက ကျနော်တို့ ရန်ကုန်မှာရှိတဲ့ ယခင် အင်အားတွေနဲ့ပဲ ကျနော်တို့ဆောင်ရွက်ထားပါတယ်ခင်ဗျ။ အထောက်အကူပြုပစ္စည်းတွေကိုတော့ ယခင်ထက်ပိုပြီးတော့မှာ သုံးထားတာရှိပါတယ်။”

ရန်ကုန်တင်သာမက တစ်ခြား နယ်မြို့တွေမှာလည်း အာဇာနည်နေ့အခမ်းအနားတွေ ကို သိုက်သိုက်ဝန်းဝန်း ကျင်းပသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြိုု့ မှာတော့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့ဖူးတဲ့ ကျောက်တိုင်ကွင်း ရင်ပြင်မှာ ပြုလုပ်သွားမှာဖြစ်တယ် လို့ ညောင်ရွှေမြို့နယ် ပြည်သူ့လွတ်ကိုယ်စားလှယ် ဦးနေမျိုးက ပြောပါတယ်။

“ကျနော်တို့ ညောင်ရွှေမြို့နယ်မှာကျတော့ ဒီလိုမျိုး ကြီးကြီးကျယ်ကျယ် တခါမှ မလုပ်ခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ကြေးရုပ် ကျောက်တိုင်ကွင်းကလည်း ကျဉ်းတယ်။ ပန်းခွေချဖို့အတွက်လည်း ဦးဆောင်ဦးရွက်က သိပ်မရှိကြဘူး အဲဒီခေတ်က ။ ဒီတနှစ်တော့ အားလုံးပါဝင်တဲ့ အာဇာနည်နေ့ဖြစ်အောင် ကျနော်တို့ ကြိုးစားနေတာ။ မနက်ဖြန်ကျတော့ ကျနော်တို့က မနက်အာရုံဆွမ်းကပ်မယ်။ ၁၀ နာရီ ၂၀ မှာတော့ အားလုံး စုမယ်ဗျာ။ ဌာနဆိုင်ရာတွေပါမယ်၊ ကျောင်းတွေပါမယ်၊ နိုင်ငံရေးပါတီတွေပါမယ်။ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေ ပြည်သူတွေပါမယ်။ စုပေါင်းပန်းခွေချမယ်၊ ဥသြဆွဲမယ် ဒီအစီအစဉ်လေးတော့ လုပ်ထားပါတယ်။”

၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင် ကြီးများ ရန်ကုန်မြို့ အတွင်းဝန်များ ရုံးမှာ အစည်းအဝေးလုပ်နေစဉ် မသမာသူတွေ လက်ချက်ကြောင့် ကျဆုံးခဲ့ကြရပါတယ်။ အဲဒီ့နောက်မှာတော့ အာဇာနည်နေ့အခမ်းအနားတွေကို နှစ်စဉ်လိုလို ကျင်းပခဲ့ကြပေမယ့်လည်း စစ်အစိုးရလက်ထက်မှာ အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွေအပေါ် ကန့်သတ်မှုတွေ ရှိခဲ့ပါတယ်။

NLD အစိုးရသစ်က ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပမယ့် ဒီနှစ် အာဇာနည်နေ့ အခမ်းအနားအတွက်တော့ ဒီမတိုင်ခင်ကတည်းက အာဇာနည် ဗိမာန်အပါအဝင် ဗိုလ်ချုပ်ပြတိုက်နဲ့ ဝန်ကြီးများရုံးကို အကြီးစား ပြင်ဆင် မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG