သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မီဒီယာ ဖွံဖြိုးရေး နည်းလမ်းရှာဆွေးနွေး


 မြန်မာနိုင်ငံမှာ မီဒီယာဖွံ့ဖြိုးရေး ပဉ္စမအကြိမ် ညီလာခံ (MOI)
မြန်မာနိုင်ငံမှာ မီဒီယာဖွံ့ဖြိုးရေး ပဉ္စမအကြိမ် ညီလာခံ (MOI)

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထွက်ပေါ်နေချိန်မှာပဲ၊ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်တွေ ပိုပေးသွားမှာ ဖြစ်တဲ့အကြောင်း ကတိပြု ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာဖွံ့ဖြိုးရေး ပဉ္စမအကြိမ် ညီလာခံအဖြစ် ကျင်းပရာမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပေါ်ထွန်းလာရေး အစိုးရက ဆောင်ရွက်နေတာတွေကို ပြန်ကြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။ ရန်ကုန်မြို့မှာ ဒီကနေ့ စတင်ကျင်းပခဲ့တဲ့ ညီလာခံကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ထက်အောင် က အပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ရေး နည်းလမ်းရှာဖို့ရည်ရွယ်ပြီး ကျင်းပတဲ့ ၂ ရက်ကြာ ညီလာခံမှာတော့ ပြင်ဆင်ဖို့ လိုအပ်နေတဲ့ သတင်းမီဒီယာ ဥပဒေတွေကအစ၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ သတင်းသမားတွေ လုံခြုံရေးကအစ၊ တိုင်းရင်းသား မီဒီယာတွေ အားကောင်းလာစေရေးအဆုံး ဆွေးနွေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ညီလာခံပထမနေ့ အဖွင့်မိန့်ခွန်းမှာပဲ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ကတော့ မီဒီယာ လုပ်ငန်းတွေ ဖွံဖြိုးတိုးတက်အောင် လွတ်လပ်ခွင့်တွေ ပေးသွားမှာ ဖြစ်တဲ့အကြောင်း ကတိပြုခဲ့တာပါ။

“ကျွန်တော်တို့အစိုးရ တာဝန်ယူလာခဲ့တာဟာ (၇)လ ရှိသွားပါပြီ။ ဒီကာလအတွင်းမှာလည်း ကျနော်တို့ စောစောကပြောခဲ့တဲ့လုပ်ငန်းတွေကာလပေါ့နော် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း အခု ပဉ္စမမြောက်ဆွေးနွေးပွဲလုပ်တယ်ဆိုတော့ ပြီးခဲ့တဲ့ ၄-၅ နှစ်တာ ကာလတလျှောက်မှာ ဖြစ်ပေါ်တိုးတက်လာခဲ့တဲ့သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ စာနယ်ဇင်း မြန်မာသတင်းမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်တဲ့လုပ်ငန်းတွေကို ကျနော်တို့ ဆက်လက်ဆောင်ရွက်ပြီး ဒီထက်မက ကျနော်တို့ ပိုမိုတိုးတက်အောင်ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် လည်းရှိပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ပြဌာန်းပြီးသားဖြစ်တဲ့ ရုပ်မြင်သံကြား နဲ့ အသံထုတ်ထုတ်လွင့်ရေးဆိုင်ရာ ဥပဒေ broadcasting law ဟာ အားနည့်းချက်တွေ ရှိနေသေးတဲ့အတွက် ဆွေးနွေးပွဲတွေ ပြုလုပ်နေပြီး အဓီက ပြင်ဆင်ရမယ့်အချက်တွေကို ပြင်ဆင်ပြိးရင် မကြာမှီမှာ လွတ်တော်ကို တင်သွားဖို့ ရှိတယ်လို့လည်း ပြန်ကြားရေး ဝန်ကြီးက ပြောပါတယ်။ အစိုးရ တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာ သမားတွေကြား ထိတွေ့ဆက်ဆံပြောဆို မေးမြန်းခွင့်အပိုင်းမှာ အရင်ကထက် စာရင် တိုးတက်လာတဲ့ အခြေအနေမှာ ရှိပေမယ့်လို့ လွတ်လပ်စွာ သတင်းရယူခွင့်အပိုင်းမှာတော့ အကန့်အသတ်တွေ ရှိနေသေးတယ်လို့ သတင်းသမားတွေက ထောက်ပြကြပါတယ်။ အစိုးရသစ်လက်ထက်မှာ သတင်းမီဒိယာသမားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေကိုတော့ မြန်မာ ဂျာနယ်လစ်ကွန်ရက် အထွေထွေ အတွင်းရေးမှုး ဦးဇေယျာလိုင် က အခုလို ပြောပါတယ်။

“ကျနော်တို့ ကျန်နေသေးတဲ့ ဥပဒေတွေကို ကျနော်တို့ ဆက်လက်ဆောင်ရွက်ပြင်ဆင်ဖို့ ကျန်တာပေါ့နော်။ နောက်တခုက အစိုးရသစ်လို့ဆိုပေမယ့် သူတို့ မောင်းနေရတဲ့ ယန္တရားပေါ့နော် အရင် ဗျူရိုကရေစီ ယန္တရား အဟောင်းပေါ့နော်။ အဲဒီတော့ ကျနော်တို့ အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့တဲ့အခါမှာ သူတို့မှာလည်း concern ပေါ့နော် သူတို့ စိုးရိမ်ပူပန်မှုတွေ ရှိနေသေးတယ်။ ဆိုတော့ ဒါတွေကို ကျနော်တို့ အပြန်အလှန် ညှိနှိုင်းဖြေရှင်းပြီးတော့မှ ဒါတွေက ဖြစ်နိုင်ခြေရှိမယ့် နည်းလမ်းဆိုတာ အဖြေရှာဖို့လိုနေသေးတာ ကျနော်တို့ တွေ့ရပါတယ်။”

မကြာသေးခင်က ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့် မရဘူးဆိုပြီး နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေက ဝေဖန်မှုတွေနဲ့အတူ မြန်မာနိုင်ငံက သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေတွေအပေါ် မေးခွန်းတွေ တကျော့ပြန်ထွက်ပေါ်ခဲ့တာပါ။ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ကတော့ အစိုးရသစ်အနေနဲ့ သတင်းရယူပိုင်ခွင့် ဥပဒေတရပ် ပြဌာန်းပြီး သတင်းသမားတွေကို လွတ်လပ်ခွင့်တွေပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“Right to Information Law ကို ပြည့်ပြည့်၀၀ ကျင့်သုံးနိုင်ရင် နိုင်ငံသားတိုင်းသည် လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့်နီးပါး တမျှ ကျနော်တို့ အာဏာပိုင်အဆင့်ဆင့်တွေကို နိုင်ငံရဲ့ ကိစ္စတွေကိုတာဝန်ယူထားတဲ့ အဆင့်ဆင့်တွေ အာဏာပိုင်မဏ္ဍိုင် တွေအဆင့်ဆင့်တွေနဲ့ အောက်အဆင့်တွေ အုပ်ချုပ်ရေးယန္တရား ကျန်တဲ့ မဏ္ဍိုင် ၃ တိုင် ယန္တရားတွေကို မေးမြန်းခွင့် စစ်ကြောခွင့် ရှိသွားမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။”

ဒါပေမဲ့ တချိန်တည်းမှာပဲ သတင်းသမားတွေအနေနဲ့ လူမျိုးရေး ဘာသာရေး စတဲ့ ထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်တွေမှာ တာဝန်ခံမှု ရှိဖို့လည်း ပြန်ကြားရေးဝန်ကြီးက သတိပေးခဲ့တာပါ။ ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO က မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. Min Jeong Kim ကတော့ သတင်းသမားတွေကို အကာအကွယ်ပေးနိုင်အောင် ကြိုးစားဖို့ အရေးကြီးတဲ့အကြောင်း ညီလာခံမှာ အလေးထား ပြောဆိုသွားပါတယ်။

“UNESCO အနေနဲ့ အထူးသဖြင့်၊ သတင်းသမားတွေ လုံခြုံရေးနဲ့ ဖိနှိပ်မှုတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ကိစ္စတွေကို ပထမဆုံးအကြိမ် ဒီညီလာခံမှာ ဆွေးနွေးမှာ ဖြစ်တဲ့ အတွက်လည်း မကြာသေးခင်တုန်းက ကျရောက်ခဲ့တဲ့ သတင်းသမားတွေအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာနေ့မှာလည်း ဒါနဲ့ပတ်သက်လို့ အားရကျေနပ်မိပါတယ်။ UNESCO ရဲ့ သတင်းနဲ့ပညာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူးချုပ် Frank La Rue ကမှတ်ချက်ပေး ပြောဆိုခဲ့ဖူးပါတယ်။”

၅ ကြိမ်မြောက် ကျင်းပခဲ့တဲ့ မီဒီယာ ဖွံဖြိုးတိုးတက်ရေး ညီလာခံကို သတင်းမီဒီယာကောင်စီ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းတွေ၊ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနတို့က ဦးစီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပေမယ့် အစိုးရသစ်လက်ထက်မှာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်သလို၊ မြန်မာ့တပ်မတော် သတင်းမှန် ထုတ်ပြန်ရေး တာဝန်ရှိသူ တချို့လည်း တတ်ရောက်လာတာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG