သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်းရောင်ကဒ်ရ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဖမ်းခံနေရဆဲ


ပန်းရောင်ကဒ်ရ မြန်မာအလုပ်သမားများ
ပန်းရောင်ကဒ်ရ မြန်မာအလုပ်သမားများ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၇)သိန်း အတွက် ပန်းရောင်ကဒ် လို့ခေါ်တဲ့အလုပ်လုပ်ခွင့်ကဒ် ရှိမယ်ဆိုရင် မည်သူမည်ဝါ ဖြစ်ကြောင်း CI ကဒ် ကို မဟာချိုင်ဒေသအပါအဝင် မြန်မာအလုပ်သမားအများစုရှိရာ နေရာ ၆ခုမှာ မတ်လ ၃ရက်နေ့က စတင်ထုတ်ပေးနေပြီဖြစ်ပေမယ့် နယ်မြေကျော်ပြီး ခွင်ပြုစာ မပါတဲ့CI ကဒ် လုပ်တဲ့ အလုပ်သမားတွေဟာဖမ်းဆီးမူတွေ ခံနေရဆဲဖြစ်ပါတယ်။ ဒီပြဿ နာကိုလည်း ပြေလည်အောင်ဖြေရှင်းဖို့ အတွက် ဘန်ကောက်မြို့က မြန်မာ အလုပ်သမား သံအရာရှိက တနင်္လာနေ့မှာ ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ပြောပါတယ်။ မအေးအေးမာသတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမား (၇)သိန်း အတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်ကဒ် ရှိမယ်ဆိုရင် မည်သူမည်ဝါ ဖြစ်ကြောင်း CI ကဒ်ကို မဟာချိုင်ဒေသ အပါအဝင် မြန်မာအလုပ်သမား အများစုရှိရာ နေရာ ၆ နေရာမှာမြန်မာအစိုးရက တာဝန်ရှိသူတွေက လုပ်ဆောင်ပေးနေတာပါ။

မဟာချိုင်ဆိုတဲ့နေရာမှာတော့ တနေ့ကို လူဦးရေ ထောင်နဲ့ချီပြီး စီအိုင်ကဒ် ကိုလာလုပ်နေကြပေမယ့် ဒီကဒ်ကိုလုပ်ဖို့လာရင်နဲ့ အဖမ်းဆီးတွေရှိနေရတာမို့အလုပ်သမားတွေ အတွက် အခက်အခဲတွေ ဖြစ်နေရတာပါ။ ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ကတော့ အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာ နယ်မြေတွေမှာ နယ်ကျော်ဖြတ်သန်းခွင့်ပြုစာတွေ တောင်းဖို့ မသိနားမလည်တဲ့အတွက် အဖမ်းဆီးခံနေရတာဖြစ်တယ်လို့ ပြောပြပါတယ်။

“နယ်ကျော်ပေါ့နော် ၊ နယ်ကျော်ဖြတ်သန်းခွင့်ကြောင့် ဖြစ်တဲ့ အဲဒါကြောင့်မို့လို့ ကျနော်တို့ကလည်း ဒီကနေ နယ်ကျော်ဖြတ်သန်းပိုင်ခွင့်ကို အခုဆိုရင် ထိုင်းနိုင်ငံ မြို့နယ်အလုပ်သမားရုံးမှာသွား ၊ နယ်ကျော်ဖြတ်သန်းခွင့်စာယူ ပြီးမှ သွားပါလို့ ပြောထားတာ။ မယ်ဆိုင်- မဲဆောက်ပေါ့နော် အဲဒီမှာ သွားမယ်ဆိုရင် အခက်အခဲလေးတွေ ရှိနိုင်တဲ့အတွက် ကျနော်တို့လည်း တချက်ပေါ့နော် ၂ နိုင်ငံ အစည်းအဝေး မနက်ဖြန်ကိုဆွေးနွေးမယ်။ ကျနော်တို့လည်း ဒီက သက်ဆိုင်ရာ ဌာနတွေနဲ့ ဆွေးနွေးထားတာတွေရှိတယ်။”

ဒီလိုအခက်အခဲတွေရှိနေတဲ့အတွက် တနင်္လာနေ့မှာတော့ ထိုင်းအစိုးရ တာဝန်ရှိသူတွေကို စိအိုင်ကဒ် လုပ်ဆောင်နေတဲ့ ကာလမှာ အလုပ်သမားတွေကို အခက်အခဲ မရှိအောင်လို့ဆွေးနွေးမူတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

“တနင်္လာနေ့မှာ ကျနော်တို့ ၂ နိုင်ငံ အစည်းအဝေးရှိပါတယ်။ မနက်ဖြန် ၁ နာရီခွဲမှာ ၊ အဲဒီအစည်းအဝေးမှာ ကျနော် ထိုင်းနိုင်ငံရဲ့ လဝကပေါ့နော် ၊ လဝက အကြီးဆုံးရယ်၊ နိုင်ငံခြားရေးပါမယ်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန ပါမယ်။”

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ်ဟာ ထိုင်းနိုင်ငံထုတ်ပေးတဲ့ ပန်းရောင်ကဒ် သက်တမ်း အတိုင်း ဗီဇာ ရရှိသွားမှာဖြစ်ပြီး ဒီအတွက် နေရပ်ပြန် အလုပ်သမားတွေအနေနဲ့ အထောက်အထားအပြည့်အစုံပါရင် ဖမ်းဆီးခံရတာတွေကိုကြုံရတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ဘာမှ ဖမ်းလို့မရဘူး ဗီဇာရှိတယ်လေ သူ့မှာ ၊ ဗီဇာပေးထားတဲ့အတွက် Work Permit လည်း သူ့မှာ ရှိပြီးသား ဗီဇာလည်းရှိပြီးသား ဆေးစစ်တာတွေလည်းရှိပြီးသား။ အဲဒါကြောင့် အခု ဗီဇာတခါတည်း ထုပေးတယ် ၊ ၁ နှစ်ကြာရင် ၁ နှစ်ပေးမယ်၊ ၅ လကြာရင် ၅ လပေးမှာပေါ့ ဒါ ပထမ အဆင့်ပေါ့နော်။”

မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံစာအုပ် အတွက် ကွန်ပြုတာအချက်အလက် အပြည်အစုံ ရယူထားမှာဖြစ်ပြီး အထူးသဖြင့် မျက်လုံးတွေ စကင်ဖတ်တာမျိုးနဲ့ လက်၁၀ချောင်းရဲ့ လက်ဗွေတွေကို သေချာစိစစ်ရယူသွားမှာဖြစ်တယ်လို့ လည်း ပြောပြပါတယ်။

“မျက်စိတို့ လက်ဗွေဆိုရင်လည်းတခုတည်းမဟုတ်ဘူး ၊ လက် ၁၀ ချောင်းကို ဖတ်မယ်။ ဒါတွေလည်း အချက်အလက်တွေကို နောင်တချိန်မှာ သူတို့သည် ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ အချက်အလက်အထောက်အထားတွေ ရှိတဲ့အတွက် သာမန်နိုင်ငံကူးပဲသွားယူယူ အဆင်ပြေတယ်။”

လက်ရှိမှာတော့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံစာအုပ်ထုတ်ပေးရေး လုပ်ငန်းစဉ်ကို နေရာ ၆ခုမှာ မတ်လ၃ရက်နေ့ ကစတင်လုပ်ဆောင်နေပြီး အနည်းဆုံး ၆လထက်မနည်း အချိန်ကာလ သတ်မှတ်ပြီး ပန်းရောင်ကဒ် လုပ်ထားတဲ့အလုပ်သမား ၇ သိန်း လုံး ရရှိသွားအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ လည်းပြောပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG