သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RCSS စခန်း တိုက်ခိုက်ခံရမှု ပြည်နယ်အပစ်ရပ်စောင့်ကြည့်ရေးကို တိုင်ကြား 


NCAလက်မှတ်ရေးထိုးပြီးသား တောင်ပိုင်းရှမ်းပြည် တပ်မတော်(RCSS/SSA)ရဲ့ ပင်လုံမြို့နယ်ကတပ်စခန်းတစ်ခုကို မြန် မာ့တပ်မတော်ကနေဝင်ရောက်ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်အပေါ်ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) ကနေ အမြန်ဆုံးဖြေရှင်းပေးဖို့ RCSSဘက်ကတိုင်ကြားခဲ့ပါတယ်။ ဒီတိုင်ကြား ချက်ကို JMC-S ကော်မီတီဥက္ကဌထံတင်ပြထားဆဲလို့လဲ JMC-Sကော်မတီဝင်တဦးကပြောပါတယ်။ တောင်ပိုင်းရှမ်းပြည် တပ်မတော်ဟာ အစိုးရနဲ့NCAအပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတခုဖြစ်ပြီး အခုလိုတိုက်ပွဲဖြစ်ပွါးရတာကလဲ မဖြစ်သင့်တဲ့ကိစ္စလို့NCAလက်မှတ်ထိုးအဖွဲ့ဝင်တွေကပြောဆိုမှုတွေရှိနေပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်း ထောက် နိုင်ကွန်းအိန်ကနေအခုလိုသတင်းပေးပို့ထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည် တပ်မတော်(RCSS/SSA)ရဲ့ ပင်လုံမြို့နယ်ကတပ်စခန်းတစ်ခုကို မြန်မာ့တပ်မတော်ကဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွါးခဲ့ တဲ့ အပေါ်မှာ ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) ကနေ အမြန်ဆုံးဖြေရှင်းပေးဖို့ တိုင်ကြားစာပို့ထားတယ်လို့ (RCSS/SSA)ရဲ့ပြောခွင့်ရဒုဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။

“မနေ့က ဖြစ်ဖြစ်ချင်း ကျနော်တို့ JMC-S ပေါ့နော် ပြည်နယ်အဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကို ကျနော်တို့ အဖွဲ့အစည်းကနေပြီးတော့ စာရေးအကြောင်းကြားထားတာရှိပါတယ်။ ဘာကြောင့်ဒီလိုဖြစ်သလဲပေါ့နော် ဒီလိုလုပ်တာဟာ NCA အရရော ကျနော်တို့ bilateral agreement ကိုရော ချိုးဖောက်ရာရောက်တယ်ဆိုတဲ့ အဲဒီ၁ ချက်ကိုရော ကျနော်တို့ ပြောထားတယ်။ အဲဒါကြောင့် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုထားတာရှိတယ်။”

တိုက်ပွဲဖြစ်ပွါးမှုနဲ့ပက်သက်ပြီး တောင်ပိုင်းရှမ်းပြည်တပ်မတော်ဘက်က တိုင်ကြားစာပေးပို့ခဲ့တဲ့အပေါ် ပြည်နယ်အဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) အရပ်ဖက်ကော်မီတီဝင်တဦးဖြစ်သူ မနန်းရွှေ နွယ်ဝင်းကနေအခုလိုပြောပါတယ်။

“ကျမတို့လည်း ဥက္ကဋ္ဌကြီးဆီကို တင်ပြထားတုန်းပဲရှိသေးတယ်ရှင့် ကျမတို့လည်း ပြီးခဲ့တဲ့ ၃ ရက်နေ့ကပဲ လပတ်အစည်းအဝေးလုပ်တယ်ဆိုတော့။ မတ်လတုန်းက တိုက်ပွဲလည်း သူတို့က ပြောမယ်ဆိုရင်တော့ တပ်မတော်ဘက်က အမြဲတမ်းပဲ ဆက်ဆံရေးရုံးတွေကို အကြောင်းမကြားပဲနဲ့ အမြဲတမ်းဝင်လာပြီးတော့ နယ်မြေရှင်းလင်းရေးတွေလုပ်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ပဲ တဖက်ကလည်း ရှိနေတဲ့ EAO အဖွဲ့ ကလည်း ကြိုတင်အကြောင်းမကြားထားတာကြောင့်မို့ ရှောင်ပေးလို့မရဘူး အဲလိုပုံစံဖြစ်နေတယ်ရှင့်။”

ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)ရဲ့တပ်မတော် စစ်ဖက်ဆိုင်ရာတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့လဲ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

မနေ့ကမွန်းလွှဲပိုင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နဲ့(၁၀)မိုင်အကွာ (RCSS/SSA)တပ်စခမ်းချရာနမ့်ဆိုင်းရွာ ဘက်ကိုမြန်မာ့တပ်မတော်စစ်ကြောင်းကနေ ဝင်ရောက်လာခဲ့လို့တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ ဒီအခြေအနေကို(RCSS/SSA) ရဲ့ ပြောခွင့်ရဒုဗိုလ်မှူးကြီးစိုင်းငိန်းကအခုလိုဆက်ပြောပါတယ်။

“ဖြစ်တဲ့နေရာက ပင်လုံမြို့မြောက်ဖက် ၁၀ မိုင် အကွာမှာ နမ့်ဆိုင်းရွာနားမှာ တိုက်ပွဲဖြစ်တာဖြစ်ပါတယ်။ ဖြစ်တာကတော့ အစိုးရတပ်မတော်ကနေပြီးတော့ ကျနော်တို့ ထိန်းချုပ်တဲ့နယ်မြေထဲကို အကြောင်းမကြားပဲ ဝင်လာတာလေ၊ အဲဒါဆိုတော့ ထိပ်တိုက်တွေ့တဲ့သဘောပါ။အမှန်ဆို NCA အရကော ကျနော်တို့ bilateral agreement အရရော ကျနော်တို့နယ်မြေထဲကို လက်နက်ကိုင်ဆောင်ပြီးလာမယ်ဆိုရင် ကြိုတင်ညှိနှိုင်းအကြောင်းကြားပြီးမှ လာရတာကို ။ မနေ့ကအဲဒီလိုမဟုတ်ဘူး ဗြုန်းတိုင်းကြီးရောက်လာပြီးတော့ သိတဲ့အတိုင်း စစ်သဘောအရဆိုရင် ထိတွေ့မှုလေးတွေဖြစ်သွားတာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး။ ဒါပေမယ့် အစိုးရတပ်မတော်ဘက်ကတော့ နည်းနည်းပါးပါးထိတယ်လို့တော့ ကြားတယ်ခင်ဗျ။ဒါပေမယ့် ကျနော်တို့ဘက်ကလည်း အတည်ပြုလို့မရဘူးပေါ့နော်။”

လက်ရှိမှာ တိုက်ပွဲရပ်တန့်နေတယ်ဆိုပေမဲ့ စစ်ရေးအသင့်အနေအထား မှာ ရှိနေတယ်လို့လဲသူကဆိုပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရ နဲ့NCAအပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး အခုလိုတိုက်ပွဲဖြစ်ပွါးရတာကလဲ မဖြစ်သင့်တဲ့ကိစ္စလို့ NCAအပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ခွန်မင်းသိန်းကပြောပါတယ်။

“ကျနော်ထင်တာကတော့ ဒီ NCA စာချုပ်အပေါ်မှာ လေးစားလိုက်နာမှု အားနည်းနေကြသေးတယ်လို့ပြောရမှာပေါ့နော်။ အမှန်တကယ်ဆိုရင်တော့ ဒီ NCA စာချုပ်လက်မှတ်ရေးထိုးပြီးပြီဆိုရင်တော့ ဒါကတော့ မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနေ်ာကတော့ မြင်ပါတယ်။”

ပြီးခဲ့တဲ့မတ်လအတွင်း တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့မြန်မာ့တပ်မတော်တို့အကြား မိုင်းပြင်းမြို့နယ်နဲ့သီပေါမြို့နယ် တွေမှာတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့ပါသေးတယ်။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကို JMC-Sအနေနဲ့တိတိကျကျအရေးယူဖြေရှင်းမှုမျိုးမရှိခဲ့ဘူးလို့ RCSSဘက်ကပြောပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရနဲ့ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး ဆွေးနွေး တုန်းက တပ်တည်နေရာကိုတိတိကျကျဆွေးနွေးသတ်မှတ်ခဲ့တာမရှိတဲ့အတွက် အခုလိုနယ်မြေပြဿနာအတွက် ပဋိပက္ခတွေဖြစ်ပွါးနေခဲ့တယ်လို့ RCSSဘက်ကပြောပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရနဲ့ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ဖြစ်သလို လက်မှတ် ရေးထိုးပြီး မြန်မာ့တပ်မတော်နဲ့အကြိမ်(၂၀)လောက်တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

လက်ရှိတိုင်းရင်းသားတပ်ပေါင်းစုဖြစ်တဲ့UNFCအနေနဲ့NCAလမ်းကြောင်းအတိုင်းဆက်လက်ညှိနှိုင်းသွားဖို့ မနေ့က ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကနေ သဘောတူညီမှုတွေရရှိခဲ့ပါတယ်။

NCAလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့တိုက်ပွဲဆက်လက်ဖြစ်ပွါးနေတာဟာ လက်ရှိအစိုးရကနေလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပုံရိပ်ကိုထိခိုက်စေနိုင်တယ်လို့လဲ တိုင်းရင်းသားအရေးလေ့လာသူတွေက သုံးသပ်ပြောဆို မှုတွေကလဲရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG