သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ဒုက္ခသည် နေရပ်ပြန်ရေး မရေရာသေး


ထိုင်းဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသား ဒုက္ခသည်များ
ထိုင်းဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသား ဒုက္ခသည်များ

မွန်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ IDP ဒုက္ခသည် တွေအတွက် နိုင်ငံတကာအထောက်အပံ့တွေ နည်းပါးလာသလို၊ သူတို့တွေ နေရပ်ပြန်ရေးဟာလည်း မရေမရာ မသေချာတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မွန်လူ့အခွင့်အရေးလှုပ်ရှားသူတွေ ပြောကြပါတယ်။ လာမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ဒီပြည်တွင်းဒုက္ခသည်တွေရဲ့ အရေးကို ထည့်သွင်းဆွေးနွေးပေးဖို့လည်း တောင်းဆိုထားတယ်လို့ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်းအပါအဝင် လူ့အခွင့်အရေးအဖွဲ့ ၃ ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပြောဆိုပါတယ်။ ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွမ်းအိမ်က သတင်းပေးပို့ထားပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland)၊ ဘားမားလင့်ခ်(Burma Link )နှင့် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership) တို့ကနေပူးပေါင်းပြီးတော့ မွန်ပြည်နယ်နဲ့ ဆက်စပ် ရာဒေသအတွင်းက ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ(IDP)တွေရဲ့ နေရပ်ပြန်နိုင်ရေးနဲ့စပ်လျှင်းပြီး မနေ့က မွန်ပြည်နယ်မော်လမြိုင်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေရဲ့ နေရပ်ရင်းပြန်နိုင်ရေးကိစ္စအတွက် အဓိကထားရှင်းလင်းတင်ပြထား တယ်လို့ အဖွဲ့ ရဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်ဦးမွန်ကပြောပါတယ်။

“ပြည်တွင်းစစ်ပွဲကြောင့် ပြောင်းရွေ့ဒုက္ခသည်တွေရဲ့ ဆန္ဒအလျောက် နေရပ်ပြန်တဲ့ကိစ္စမှာ အစိုးရသစ်အနေနဲ့ ဘယ်လိုမျိုးစီစဉ်ဆောင်ရွက်ထားဖို့ဆိုတာတွေကို ဒုက္ခသည်တွေအတွက်လုပ်ပေးနေတဲ့ INGO တွေ CSO တွေ CBO တွေအနေနဲ့ ဘယ်လိုမျိုးဒီကိစ္စအပေါ်မှာ စီမံထားမှုတွေကို ကျနော်တို့ အဓိက highlight လုပ်ထားပါတယ်။”

မွန်ပြည်နယ်နဲ့ ဆက်စပ်ရာဒေသအတွင်း ထိုင်းမြန်မာနယ်စပ် ခလော့ဂနီစခန်း ဗလဲဒွန်ဖိုက်စခန်း၊ ချဲတိုက်စခန်း၊ ရေးချောင်းဖျားဒေသနဲ့ ထားဝယ်ချောင်းဖျားဒေသ က IDPစခန်းတွေမှာ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူဦးရေ (၃၅၀၀၀)ကျော် ရှိနေသလို မွန်လက်နက်ကိုင်အဖွ့ဲတခုဖြစ်တဲ့မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေမှာ အခြေပြုနေခဲ့ ပါတယ်။

ဒီပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေဟာ စစ်ရေးပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုဒဏ်ကနေ ထွက်ပြေး တိမ်းရှောင်နေရသူတွေလို့ နိုင်ဦးမွန်ကပြောပါတယ်။

“အဓိက ဒီကိုရောက်လာတဲ့အကြောင်းအရင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံရလို့ ရောက်ရှိလာတာဖြစ်သလို ၊ တချို့လူတွေကျတော့ လက်နက်ကိုင် ပဋိပက္ခကြားမှာ တည်ငြိမ်မှုမရှိပဲနဲ့ နေနေရတဲ့ ပုံစံတွေ ၊ နေနေရတဲ့အခြေအနေတွေကနေပြီးတော့ တိမ်းရှောင်ပြီးရောက်ရှိ လာတဲ့လူတွေလည်းရှိပါတယ်။ အခုကျနော်တို့တွေ့နေရတဲ့ကိစ္စက နေရပ်ရင်းပြန်သွားလို့ရှိရင် သူတို့ရဲ့ လက်ငုတ်လက်ရင်းခြံတွေ ၊ လယ်ယာမြေတွေရှိတယ်။ ဒါတွေက အခုလောလောဆယ် တပ်ကသိမ်းထားတာတွေရှိသလို၊ တချို့ဆိုရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုရဲ့ နေရာလိုအပ်ချက် အတွက်ဖြစ်သွားတာတွေရှိတယ်။ ဆိုတော့အခါ ဒီဟာတွေကို ဘယ်လိုမျိုးပြန်ပြီးတော့ ဖြေရှင်းပေးမလဲဆိုတဲ့ တောင်းဆိုချက်တခုရှိတယ်။”

ခလော့ဂနီစခန်းမှာ အနှစ်(၂၀)ကျော်နေထိုင်နေရတဲ့ အမျိုးသမီးတဦးကတော့ လက်ရှိမှာ ကယ်ဆယ်ရေး ထောက်ပံ့မှု အစီအစဉ်ရပ်ဆိုင်း နေလို့ အခက်ခဲရှိနေပေမယ့် နေရပ်ရင်းကိုပြန်ဖို့မဖြစ်နိုင်ဘူးလို့ မွန်ဘာသာနဲ့အခုလိုပြောပါတယ်။

“ကျွန်မတို့ ဒီစခန်းမှာနေနေတာ အနှစ်(၂၀)ကျော်ပြီ။ အခုဆိုထောက်ပံ့ရေးအကူညီတွေလည်း ရပ်ဆိုင်းနေတော့ ရွာသားတွေ လဲ အခက်တွေ့နေကြတယ်။ နေရပ်ရင်းကိုပြန်ဖို့လဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ခြံလဲမရှိတော့ဘူး။ ဟိုကိုရောက်ရင် လုပ်ကိုင် စားသောက်ဖို့က ခက်တယ်။ ဒီမှာတော့ တနေ့လုပ်လိုက် စားလိုက်ဆိုပေမယ့် အလုပ်ရှိလို့ခံသာသေးတယ်။”

မွန် IDP စခန်းဟာ နှစ် ၂၀ ကျော်ကြာခဲ့ပေမယ့်ရေရှည်ခိုင်မြဲတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ မထူထောင်နိုင် သေးတဲ့ အပြင် ထောက်ပံ့မှုတွေလဲ တစ်နှစ်ထက်တစ်နှစ်လျော့နည်းလာတာကြောင့် စခန်းနေသူတွေအတွက် စိုးရိမ် နေရတဲ့အနေထားမှာရှိနေပါတယ်။

လက်ရှိမှာ မွန်ပြည်သစ်ပါတီ အနေနဲ့ မြန်မာအစိုးရနဲ့ပြည်နယ်နဲ့ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲထားတယ်ဆိုပေမယ့်NCA ခေါ် တပြည်လုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်မရေးထိုးနိုင်သေးတဲ့ အနေ အထားမှာရှိနေပါတယ်။

လာမယ့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပတဲ့အခါ ဒီပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေအရေအတွက်ထည့်စဉ်းစားပေးဖို့ အဖွဲ့အနေနဲ့က တောင်းဆိုထားတယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်ဦးမွန်ကပြောပါတယ်။

“နေရပ်ရင်း ဆန္ဒအလျောက်ပြောင်းရွေ့ဖို့ဆိုတဲ့ ဒီမူဘောင်ကို နိုင်ငံရေးသဘောတူတဲ့ မူဘောင်မှာထည့်သွင်းပေးဖို့ဆိုတဲ့ တောင်းဆိုထားတာရှိတယ်။ နောက်တခါ အရင်အတိတ် ၃၊၄၊ ၅ နှစ်တုန်းက မအောင်မြင်ခဲ့တဲ့ ဆန္ဒအလျောက်နေရပ်ပြန်တဲ့ အစီအစဉ်တွေရဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ပြန်ပြီးသုံးသပ်ပါ။ ပြီးတဲ့အခါ နေရပ်ရင်းမှာရှိတဲ့ ရေရှည်တည်တန့်တဲ့ တည်ငြိမ်မှုဖြစ်ဖို့ လိုပါတယ်။ နောက်ဆုံးအချက်က ကျနော်တို့ နေရာကိစ္စနဲ့ ပတ်သက်ပြီးတော့ အလေးအနက်ထားဖို့ ကျနော်တို့ တိုက်တွန်းထားတာရှိတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်းနိုင်ငံရေးအခြေအနေ တည် ငြိမ်လာတာနဲ့အမျှ ဒုက္ခသည်တွေနေရပ်ပြန်ရေး မကြာခင်စတင်နိုင်လိမ့်မယ်လို့ သတင်းထွက်ပေါ်လာအပြီး ကူညီ ထောက်ပံ့မှု အစီအစဉ်တွေလျော့ကျသွားသလို မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသဟာ ကုလသမဂ္ဂရဲ့လူသားချင်း စာနာမှု့ဆောင်ရွက်ချက် အစီအစဉ်မှာမပါဝင်တော့ဘဲ တခြားနေရာရွှေ့သွားတဲ့အတွက်ကြောင့် IDP စခန်း နေသူတွေ အတွက် အခက်တွေ့နေတယ်လို့ “လူမသိ သူမသိ ဘဝများ” အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်း(၉)ခုက ဒုက္ခသည်တွေကို နေရပ်ပြန်လည်ခေါ်ယူနိုင်ရေး အတွက် ဇူလိုင်လကုန်ပိုင်းမှာ မြန်မာအစိုးရကနေ ကော်မတီတရပ်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

ဒုက္ခသည်တွေနဲ့ IDP စခန်းနေပြည်သူတွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ စစ်ရေးမငြိမ်သက်သေးတဲ့အခြေအနေရယ် ယခင်လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာတွေဟာ ဒုက္ခသည်တွေ နေရပ် ပြန်ရေးအတွက် အဓိကအတားအဆီး တခုလိုဖြစ်နေတယ်လို့ ဒုက္ခသည် အရေးကူညီဆောင်ရွက်သူတွေကပြောပါတယ်။

မွန်ဒုက္ခသည် နေရပ်ပြန်ရေး မရေရာသေး
please wait

No media source currently available

0:00 0:04:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG