သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားငွေလဲလှယ်မှု မြန်မာငွေအဆမတန် ကျဆင်း


ဗဟိုဘဏ်တွင် နိုင်ငံခြားငွေလဲလှယ်နေစဉ်
ဗဟိုဘဏ်တွင် နိုင်ငံခြားငွေလဲလှယ်နေစဉ်

အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၄၀၀ ကျပ်လောက် ဖြစ်လာပြီးနောက်မှာ ငွေကြေးဈေးကွက် အတွင်း အမေရိကန် ဒေါ်လာ လိုသလောက် ဝယ်မရတဲ့ အနေအထား ဖြစ်နေပါတယ်။ အမေရိကန် ဒေါ်လာ ဈေးတက်လာတာကြောင့် အခြေခံ ကုန်ဈေးနှုန်း တက်လာပြီး ပြည်တွင်း ဈေးကွက်အပေါ်မှာ အတော်လေး သက်ရောက်မှု ရှိနေပြီး အစိုးရဘက်က ကျပ်ငွေ အပေါ် လူထု ယုံကြည်မှု ရှိအောင် လုပ်ဖို့၊ နောက် ငွေကြေးလည်ပတ်မှုကို သိရှိနားလည်အောင် လုပ်ဖို့ စီးပွားရေး အသိုင်းအဝိုင်းက တိုက်တွန်းပါတယ်။ မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။

ဗဟိုဘဏ်က အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၅၀ နှုန်းနဲ့ ဒီကနေ့ ဈေးသတ်မှတ်ပါတယ်။ အမေရိကန် ဒေါ်လာဈေး စံချိန်တင် မြင့်တက်လာတာကြောင့် ကုန်ဈေးနှုန်းကလည်း ၂၀ ရာခိုင်နှုန်းလောက် တက်လာပြီး သုံးစွဲမှုကလည်း လျော့လာတယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ဈေးကွက်က ဒေါ်လာဈေးနှုန်းတက်တက်တာက ၂၅ ရာခိုင်နှုန်းလောက်ရှိနေပြီပေါ့နော် အခု ၂၀ ကနေ ၂၅ ကြားရှိနေပြီဆိုတဲ့အခါကျတော့ ဈေးကွက်အရဆိုရင်လည်း ကုန်ပစ္စည်းအားလုံးက ၂၀ ရာခိုင်နုှန်းလောက်တက်သွားတာပေါ့နော်၊ အဲဒါ စားသုံးသူတွေအနေနဲ့က ၂၀ ရာခိုင်နုှန်းလျှော့စားရမှာ ၊လစာကလည်း မတက်လာဘူး ကုန်ဈေးနှုန်းက တက်လာတဲ့အခါကျတော့ ၂၀ ရာခိုင်နုှန်းလျှော့သုံးရမယ်ထင်တယ်။ တဘက်မှာလည်း စီးပွားရေးအရ ပြန်ကြည့်ရင်လည်း purchasing power တွေက ၂၀ ရာခိုင်နုှန်းလျော့သွားတယ်ပေါ့နော်။ အထူးသဖြင့် Import လုပ်တဲ့သူတွေအတွက်ကတော့ oversea ကိုရောင်းတယ်၊ ရောင်းပြီးပြန်ဝယ်တဲ့အခါကျတော့ ရှုံးနေတာပေါ့နော်။ ငွေပေးရမယ့်၊ ငွေချေရမယ့် လူတွေကျတော့လည်း အခက်အခဲရှိတာပေါ့နော် ။ ဒေါ်လာက အခု ဝယ်လို့မရတဲ့အနေအထားဖြစ်လာတဲ့အခါကျတော့ ငွေချေပေးဖို့အတွက် အခက်အခဲတွေဖြစ်လာတာပေါ့နော်။ ဒါကတော့ ရေရှည်ကျရင် တိုင်းပြည်စီးပွားရေးအတွက် ထိခိုက်လာနိုင်တဲ့အနေအထားလို့ ကျနာ်မြင်ပါတယ်။

နိုင်ငံခြားငွေ လဲလှယ်မှု ဈေးကွက် အတွင်း အပြောင်းအလဲမြန်ဆန်ရတဲ့ အဓိက အချက်က မြန်မာနိုင်ငံတွင်း ငွေကြေး လည်ပတ်မှုတွေဟာ ရှုပ်ထွေးနေတာကြောင့် ဖြစ်တယ်လို့လည်း စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။ အခု ဒေါ်လာ ဈေးနှုန်း တဟုန်ထိုး တက်လာတဲ့ အပေါ် အစိုးရဘက်က သတိထား ကိုင်တွယ်ဖို့ လိုအပ်နေပြီလို့လည်း စီးပွားရေး လုပ်ငန်းရှင် ဦးမင်းခင်က ဆိုပါတယ်။

“တရားမဝင် ငွေလွဲတာတွေ၊ ငွေအပေးအယူလုပ်တာတွေ က ဘယ်လောက်ပေါက်တဲ့အနေအထားရှိပြီးတော့၊ ဘယ်လိုသွားနေသလဲဆိုတာက ဒါတွေကို သေချာဘယ်သူမှ မသိကြဘူးလေ။ အဓိကတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အလွဲအပြောင်းတွေရှိမယ် ၊ တရားဝင်လွဲပြောင်းတဲ့အထဲမှာလည်း မီးခိုးရောင်ပေါ့နော် တရားမဝင်နဲ့၊ တရားဝင်နဲ့ ရောနေတာတွေရှိမယ် ဒါတွေကြောင့်လည်းပါတယ်။ ကျနော့်အမြင်ကတော့ တချို့ကိစ္စတွေကတော့ မကိုင်တွယ်နိုင်ဘူးပေါ့ ၊ တချို့တွေကတော့ ကိုင်တွယ်နိုင်တယ်၊ ကိုင်တွယ်ရမယ့်ဟာတွေကို သတိကြီးကြီးနဲ့ လုပ်နိုင်ဖို့နဲ့ ၊ ခြေလှမ်းတွေလှမ်းနိုင်ဖို့ ကောင်းတဲ့ဘက်ကို လုပ်ပေးဖို့ ကျနော်ထင်တာပေါ့။”

ဈေးကွက် အတွင်း ငွေကြေး ဈေးကစားသူတွေ ရှိကောင်းရှိနေနိုင်ပေမယ့်လည်း အခု ကိစ္စကတော့ မြန်မာ ကျပ်ငွေ အပေါ် ယုံကြည် စိတ်ချမှု လျော့လာတဲ့ အပိုင်းက ပိုပြီး များမယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက သုံးသပ်ပါတယ်။

“တချို့ကျတော့လည်း ပြောတာပေါ့နော်၊ ငွေကြေးကစားတာတို့၊ ကစားတဲ့ဟာလောက်ကတော့ ဒီလောက်မတက်ဘူးပေါ့နော်။ ကစားတဲ့လူရှိရင်လည်းဗဟိုဘဏ်အနေနဲ့ သူရဲ့ အင်အားကြီးတဲ့လူက ကစားတဲ့လူကို တွန်းချရင်ရတာပေါ့နော်။ အဲလိုပုံစံနဲ့ အားလုံးရဲ့ ယုံကြည်မှုက မြန်မာငွေတန်ဖိုး ကျမယ်လို့ ယူဆတဲ့ တကြောင်းကပါတာပေါ့နော်။ အဲဒါ အစိုးရအနေနဲ့ကလည်း အများမျှော်လင့်ထားသလိုပဲ FDI တွေဝင်လာတာတို့၊ ဒါမှမဟုတ်ရင်လည်း ခုနက အကူအညီတွေပေါ့နော် ဥပမာ - ဂျပန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာ ၇ ဘီလီယံလောက် ကူညီမယ်ဆိုရင် အဲဒါဘယ်တော့ ကူညီမှာတို့ ဒါတွေပြောရင်တော့ ပိုပြီးတော့ လူတွေယုံကြည်မှု ပိုများလာမယ့်သဘောလို့ ကျနော်က မြင်ပါတယ်။”

ကြာသပတေးနေ့ ငွေကြေး ဈေးကွက်အတွင်းမှာတော့ ဒေါ်လာ ဈေးနှုန်းက ၄ မျိုး ဖြစ်နေပါတယ်။ ဗဟိုဘဏ်ဈေးက တဒေါ်လာကို ၁၃၅၀ ဆိုပေမယ့် တကယ့် ဈေးကွက် အတွင်း ငွေရောင်းချမှုက ၁၄၀၀ ကျပ် ကျော်ရှိသလို Export Earning လို့ ခေါ်တဲ့ ပို့ကုန်ရငွေနဲ့ စကာၤပူမှာ ရှိနေပြီးသား အမေရိကန် ဒေါ်လာဈေးကတော့ ပိုမြင့်ပါတယ်။ ဒီညပိုင်း စကာၤပူမှာ ရှိနေတဲ့ အမေရိကန် ဒေါ်လာ ပေါက်ဈေးက မြန်မာကျပ်ငွေ ၁၄၃၀ နဲ့ အမြင့်ဆုံး ဈေးပေါက်ပါတယ်။ ဒါပေမယ့် ဝယ်ချင်သလောက်တော့ မရတဲ့ အနေအထား ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG