သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်-လားရှိုးလမ်းတိုက်ပွဲကြောင့် ခရီးသွားလာမှု ယာယီရပ်ဆိုင်းခဲ့ရ


မူဆယ်- လားရှိုးလမ်းမ (Photo- freelance Journalist Zaw Moe Htet)
မူဆယ်- လားရှိုးလမ်းမ (Photo- freelance Journalist Zaw Moe Htet)

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ မူဆယ်- လားရှိုးလမ်းမှာ ဒီကနေ့ မနက် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ယာဉ်အသွားအလာတွေ ၃နာရီလောက်ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ တရုတ်အစိုးရကိုယ်စားလှယ်နဲ့ တရုတ်-မြန်မာနယ်စပ်ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ လျော့ချရေးဆွေးနွေးအပြီးမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက တိုက်ပွဲအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အနည်းဆုံးတိုက်ပွဲ ၄ကြိမ်လောက်ဖြစ်ပွား ခဲ့ပြီး ဒီကနေ့ မနက်မှာလည်း ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ခင်းက ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်ထွန်း က အခုလို ပြောပါတယ်။

“မနက် ၇ နာရီလောက်ပေါ့ အဲဒီမှာက ကား၁ စီးရယ်၊ ၂၂ ဘီးကား ၂ စီးရယ် အားလုံးပေါင်း ၃ စီးကို ကားဘီးတွေဖောက်ပြီးတော့ ကန့်လန့်ဖြန့် ထားတာပေါ့နော် ။ ပြီးတော့ သူတို့ ဆက်ကြေးကောက်တယ်လို့ အောက်က သတင်းတွေအရ သိရတာပေါ့နော်။ ကျနော်တို့ ကြားတာကတော့ TNLA အဖွဲ့လို့တော့ ကြားတယ်ခင်ဗျ။ ကျနော်တို့သွားရှင်းတော့ ၁၀ နာရီခွဲလောက်တော့ နည်းနည်း ကားလေးတွေ ပြန်သွားလို့ရတာပေါ့နော်။”

မူဆယ်-လားရှိုးလမ်းက ကုန်တင်ယာဉ်မောင်းတဦးက ကြုံတွေ့နေရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အခုလည်းပိတ်နေတယ် ကျနော်က အဲဒီကြားထဲရောက်နေတယ်။ အဖွဲ့တွေက ဆင်းလာပြီးမှ ကားတာယာတွေ အကုန်ဖောက်ပြီးမှ လမ်းတွေပိတ်အောင်လုပ်ထားတာ။ တိုက်ပွဲတွေဖြစ်ပြီးမှ ကားတာယာတွေရော ကားကြီးတွေရော ကားသေးတွေရော အဲဒီမှာ ဘီးတွေဖောက်ပြီးမှ ကားတွေက အကုန်လုံး ခံနေကြတာ။ အဲဒီမှာ အခုစစ်ကြောင်းတွေက တက်လာတော့ အခုတော့ လမ်းတွေ ပြန်ပွင့်သွားပြီထင်တယ်။ ကားလေးတွေကတော့ သွားလို့ရနေပြီ။”

ဒီအခင်းဖြစ်ပွားမှုကြောင့် ကုန်သည်တွေနဲ့ ခရီးသွားတွေအခက်အခဲတွေ့ကြုံရကြောင်းလည်း ဆက်ပြောပါတယ်။

“ခရီးသွားတွေလည်း ခရီးကြံ့ကြာတယ်။ ကုန်ပစ္စည်းတွေကလည်း ရောက်ရမယ့်ဟာတွေကလည်း မရောက်ရတော့ဘူး။ ကားကြီးတွေဆို အခုအကုန်လုံးတန်းစီနေရတာ အခုအချိန်ဆို ဖရဲသီးအချိန်ဆိုတော့ ကုန်သည်တွေကလည်း စိတ်ပူနေလောက်ပါပြီ မရောက်မှာဆိုးလို့။”

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF / TNLA ရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှုး တာပန်လှကတော့ ဆက်ကြေးကောက်ယူတယ်ဆိုတာ မကြားရကြောင်း ပြောပါတယ်။

“အဲဒါကတော့ မကြားမိဘူးခင်ဗျ တိုက်ပွဲတွေဖြစ်နေလို့ ကားတွေသွားလို့မရတာပဲ ရှိပါတယ်။ ကျနော်တို့လည်း အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်မှာ ဒီလိုတိုက်ပွဲမဖြစ်ချင်ပါဘူး။ ဒါပေမယ့် တောက်လျှောက် ကျနော်တို့ ဒေသထဲမှာ တောတောင်ထဲမှာ မြန်မာ့တပ်မတော်က လိုက်ပြီးတော့ ထိုးစစ်ဆင်တဲ့အခါကျတော့ မလွှဲမရှောင်သာ ကျနော်တို့လည်း ပြည်သူလူထုတွေ သွားတဲ့ လမ်းမကြီးပေါ်မှာ တိုက်ပွဲတွေ ရောက်လာရတာပေါ့။”

တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အင်္ဂါနေ့ ညနေပိုင်းမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.ဆွန်ကော့ရှန်နဲ့ တရုတ်နယ်စပ် အခြေစိုက်လက်နက်ကိုင် အဖွဲ့တွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှုး တာပန်လှက အခုလို ပြောပါတယ်။

“တွေ့တာကတော့ ဒီမြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အပါအဝင် မိုင်းလားအဖွဲ့ရော၊ ဝအဖွဲ့နဲ့ပါတွေ့ပါတယ်။ ဒါပေမယ့် သီးသန့်တွေ့တာကတော့ ကျနော်တို့ ၄ ဖွဲ့ကတော တပြိုင်တည်းအတူတူ တွေ့တာပေါ့။ အဓိကတော့ သူတို့ရဲ့ အမြင်သဘောထားတွေ ၊ လက်ရှိမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို တတ်နိုင်သမျှထိန်းချုပ်ဖို့၊ တိုက်ပွဲမဖြစ်ဖို့ အဲလိုမျိုးတော့ ပြောတယ်လို့ ကြားသိရတယ်ခင်ဗျ။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ တိုက်ပွဲအရှိန်လျော့ချရေးအပြင်၂၁- ရာစုပင်လုံကိစ္စ၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကိစ္စနဲ့ ပန်ခမ်းတတိယအကြိမ်ထိပ်သီးအစည်းအဝေးနဲ့ပတ်သက်သောအကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကချင်၊ ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း မူဆယ်၊ ကွတ်ခိုင်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက အစိုးရတပ်မတော်ရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို ဒီလ ပထမပတ်အတွင်းကတော့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေက ဝင်ရောက် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီလို တိုက်ခိုက်တာဟာ သူတို့ တပ်ဖွဲ့တွေကို အစိုးရဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ကြောင့်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG