သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှလာရောက်သူ ၂ သိန်း ဆော်ဒီမှာ တရားဝင်နေခွင့်ရ


ဆော်ဒီအာရေဗျနိုင်ငံ မြို့တော့် Riyadh က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ နိုင်ငံခြားသားအလုပ်သမားများ မနက်စာ စားနေကြစဉ်
ဆော်ဒီအာရေဗျနိုင်ငံ မြို့တော့် Riyadh က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ နိုင်ငံခြားသားအလုပ်သမားများ မနက်စာ စားနေကြစဉ်

ဆော်ဒီအာရေဗျ နိုင်ငံမှာ တရားမဝင် လာရောက်လုပ်ကိုင်ကြတဲ့ မြန်မာ နိုင်ငံက မွတ်စလင်အများ စုပါတဲ့ လူပေါင်း နှစ်သိန်းနီးပါးကို ဆော်ဒီဘုရင် အမိန့်နဲ့ လေးနှစ်ဆက်တိုက် ငွေကြေးပေးဆောင်စရာမလိုပဲ တရားဝင် နေထိုင်ခွင့် ပြုလိုက်ပါတယ်။ သူတို့တွေဟာ ပတ်စ်ပို့အတုအပါအဝင် အခြားတရားမဝင်လမ်းကြောင်းတွေနဲ့ ဆော်ဒီကို ရောက်ရှိလာသူတွေဖြစ်ပါတယ်။

အခြားနိုင်ငံက လာရောက်လုပ်ကိုင်သူတွေကို နှစ်နှစ်သက်တမ်းပဲပေးနေချိန်မှာ မြန်မာနိုင်ငံက လာတဲ့သူတွေကို လေးနှစ် နေထိုင်ခွင့်ပိုပြီး ပေးထားတာဖြစ်တယ်လို့ ဆော်ဒီမှာ နှစ်ပေါင်း ၂၀ ကျော်နေထိုင်နေတဲ့ ဦးခင်မောင်က ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူတို့ ဘယ်ပုံဘယ်နည်းရောက်ရှိလာတယ်ဆိုတာကို အခု လိုစပြောပါတယ်။

"ဒီမှာ မြန်မာနိုင်ငံက လာတဲ့ လူပေါင်း (၃)သိန်းနီးပါးရှိပါတယ်။ ဝင်လာတာက ဥပဒေမဲ့ဝင်လာတယ်။ ဗီဇာနဲ့ ဝင်လာတာမဟုတ်ပါဘူး။ ကိုယ့်နည်းကိုယ်ဟန်နဲ့ အမျိုးမျိုးဝင်လာတယ်။ မြန်မာနိုင်ငံမှာ အခြေအနေ မကောင်းဘူးဆိုတော့ ဒီကို ထွက်လာကြတယ်။ ဒုက္ခသည်တွေပေါ့။ အဲတော့ ဥပဒေနဲ့အညီ ကျနော်တို့ကို ပြည်တွင်းမှာ နေထိုင်ခွင့်ပြုတာဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ဒီမှာရှိတဲ့ မြန်မာ-မွတ်စလင် အသိုင်းအဝိုင်းအပြင် ရခိုင်-ဗုဒ္ဓဘာသာလည်းပါပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာက နည်းပါတယ်။ အများကြီးကတော့ အစ္စလာမ်ဘာသာဝင်ပါ။ ရခိုင်ကလာတဲ့ ရိုဟင်ဂျာတွေလည်း အများကြီးရှိပါတယ်။ အလုပ်လုပ်ခွင့် ဗီဇာ ပေးထားပါတယ်။

ဒီမှာ အခြားနိုင်ငံသားတွေဆို နေထိုင်ခွင့် နှစ်နှစ်သက်တမ်းပဲ ပေးပါတယ်။ ကျနော်တို့ မြန်မာ အသိုင်းအဝိုင်းကို သူတို့ ချစ်ခင်ပြီးတော့ လေးနှစ်၊ ငါးနှစ် သက်တမ်းပေးပါတယ်။ နောက် စီးပွားရေးမှာလည်း ကျနော်တို့ အသိုင်းအဝိုင်းကို အခြားနိုင်ငံခြားသားတွေထက် ပိုပြီး ပံပိုးကူညီပေးပါတယ်။"

မေး။ ။ စောစောကပြောတဲ့အထဲမှာ အားလုံးပေါင်း သုံးသိန်းလောက်ရှိနေတယ်ဆိုတော့ အဲဒီသုံးသိန်းထဲမှာ ရခိုင်က လာတဲ့ ဗုဒ္ဓဘာသာတချို့လဲပါတယ်ဆိုတော့ အခြားဘာသာဝင်တွေရောပါလား။ နောက်သူတို့ကရော တရားမဝင်လာတဲ့သူတွေလား။

ဖြေ။ ။ "ကုမ္ပဏီဗီဇာနဲ့လာတဲ့သူတွေလည်းကျနော်တို့တွေ့ပါတယ်။ ရခိုင်ပြည်နယ် ဂွမြို့ကလာတဲ့ ကျနော့်သူငယ်ချင်း တယောက်၊ နှစ်ယောက်ကိုလဲတွေ့ပါတယ်။ ရန်ကုန်ကနေ မြန်မာပတ်စပို့နဲ့ လာပြီး ဟိုတယ်တွေမှာ အလုပ်လုပ်ဖို့ လာကြသူတွေလည်းရှိပါတယ်။ တချို့ကတော့ ဗီဇာနဲ့လာပြီးတော့ အလုပ်ပိုင်ရှင်က ထားခဲ့တဲ့အတွက် ဒုက္ခရောက်နေကြသူတွေလည်းရှိပါတယ်။ အဲတော့ ဗီဇာနဲ့ ဝင်လာတဲ့သူကတော့ သူ့ ဥပဒေအတိုင်း ရင်ဆိုင်ရပါတယ်။

ဗီဇာမပါပဲနဲ့ အခြားလမ်းကြောင်းနဲ့ဝင်လာပြီးတော့ ဒီမှာ ဥပဒေမဲ့နေတဲ့သူတွေကိုပဲ နေထိုင်ခွင့် ပေးတာပါ။ ဗီဇာနဲ့ဝင်လာတဲ့သူက သူတို့ကို စပွန်စာပေးတဲ့အလုပ်ပိုင်ရှင်က တခုခု ဒုက္ခပေးတယ်ဆိုရင် အဲဒီအလုပ်ပိုင်ရှင်နဲ့ပဲရှင်းရပါတယ်။ ဗီဇာသက်တမ်းအတိုင်းပဲ အလုပ်လုပ်ခွင့်ရပါတယ်။ မြန်မာနိုင်ငံက ပတ်စ်ပို့နဲ့ တရားဝင်လာတဲ့သူတွေက ဒီကိုလာကတည်းက ဗီဇာနဲ့ လာကြသူတွေဖြစ်ပါတယ်။"

မေး။ ။ အခု ၁၉၀,၀၀၀ လူနှစ်သိန်းနီးပါးကို ခွင့်ပြုလိုက်တယ်ဆိုတာက တရားမဝင်လာတဲ့သူတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးလိုက်တာပေါ့နော်။

ဖြေ။ ။ "အဲဒီ ၁၉၀,၀၀၀ ဆိုတာက ဒီမှာ တရားဝင်နေထိုင်ခွင့်ရသွားသူတွေပါ။ မရတဲ့လူ ၃၀၀,၀၀၀ နီးပါးရှိနေပါသေးတယ်။ သူတို့က လောလောဆယ်မရသေးပါဘူး။ ဒါပေမဲ့ မကြာခင် ရတော့မှာပါ။"

မေး။ ။ အခုလို တရားဝင်နေထိုင်ခွင့်ပေးတာက အခုမှလုပ်တာလား။ အရင်ကတည်းက ဒါမျိုးရောလုပ်ခဲ့လားရှင့်။

ဖြေ။ ။ "အရင်တုန်းက နှစ်ခါ ပေးထားတာရှိပါတယ်။ ၁၉၈၀ ခုနှစ်လောက်မှာ ပေးထားတာရှိပါတယ်။ အဲဒါတော့ ကျနော် သေချာ မသိပါဘူး။ ကျနော်က လာတာက ၁၉၉၀ခုနှစ်နောက်ပိုင်းမှာဆိုတော့ နှစ်ခါကြုံရပြီပေါ့။ ၁၉၉၄ခုနှစ်မှာ တခါ အခု ၂၀၁၇ခုနှစ်မှာ တခါကြုံတာပေါ့နော်။"

မေး။ ။ အခု လေးနှစ်သက်တမ်းပေးထားတယ်ဆိုတော့ လေးနှစ်ပြည့်သွားရင် ဘယ်လိုပုံစံမျိုး ဆက်နေကြရမလဲရှင့်။

ဖြေ။ ။ " လေးနှစ်ပြီးရင် ကျနော်တို့ကို နောက်ထပ်လေးနှစ် ပေးမယ်လို့ပြောပါတယ်။ အခြားနိုင်ငံခြားသားတွေက နှစ်နှစ် တကြိမ် သက်တမ်းတိုးရပါတယ်။ ကျနော်တို့ကြတော့ လေးနှစ် တကြိမ်ကျမှ သက်တမ်းတိုးရမှာဖြစ်ပါတယ်။"

မေး။ ။ အခု ဦးခင်မောင်တို့ဆိုရင် တရား ပတ်စ်ပို့လည်း မရှိတော့ လေးနှစ်သက်တမ်းနေထိုင်ခွင့်ကို ဘယ်လိုပုံစံမျိုး ထုတ်ပေးတာလဲရှင့်။

ဖြေ။ ။ "သူတို့က ပတ်စ်ပို့နဲ့ မြန်မာနိုင်ငံသားဆိုပြီး smart card ထုတ်ပေးတာပါ။ အဲဒီထဲမှာ ကျနော်တို့ ကိုယ်ရေးရာဇဝင် အချက်အလက်အားလုံး စုထားပါတယ်။ ဘုရင်ကအမိန့်နဲ့ ကျနော်တို့ မြန်မာနိုင်ငံက လာတဲ့သူတွေကို အဲဒီ smart card တွေပေးတာပါ။"

မေး။ ။ အခုသုံးသိန်းလောက်ရှိတဲ့ သူတွေက တရားမဝင်လာကြသူတွေဆိုတော့ ဘယ်လို အလုပ်မျိုးတွေလုပ်ကြလဲရှင့်။

ဖြေ။ ။ "အများစုက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကြပါတယ်။ နောက် ပရိဘောဂဆိုင်တွေမှာ လုပ်ပါတယ်။ဈေးတွေမှာလည်း လုပ်ပါတယ်။ ကုမ္ပဏီကြီးတွေမှာ လုပ်တာနည်းနည်းပဲရှိပါတယ်။ ဆိုင်တွေမှာလည်း အလုပ်သမားတွေနည်းပါတယ်။ လက်ခဈေးလို့ခေါ်တဲ့ ဟင်းသီးဟင်းရွက်တွေရောင်းတဲ့ ဈေးတွေမှာလည်း အလုပ်သမားနည်းနည်းရှိတယ်။ အများစုကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ပါတယ်။"

ဆော်ဒီဘုရင်အမိန့်နဲ့ လေးနှစ်ဆက်တိုက် နေထိုင်ခွင့်ပြုသူတွေကို ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းကနေ စပွန်စာလို့ခေါ်တဲ့ ထောက်ခံစာပေးရမှာဖြစ်တယ်လို့ ဆော်ဒီရောက် မြန်မာတွေရဲ့ အခြေအနေကို လေ့လာဖို့ဖွဲ့ထားတဲ့ permanent committee နေထိုင်ခွင့် ကော်မတီ အကြီးအကဲရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် နေထိုင်ခွင့် permit ကို အသစ်မလဲပဲ ဆက်ကိုင်ထားတဲ့အတွက် ပေးဆောင်ရမယ့် ဒဏ်ငွေတွေကိုလဲ ကင်းလွတ်ခွင့်ပေးမှာဖြစ်ပါတယ်။

မိသားစုကပဲ စပွန်စာပေးပြီးခေါ်ယူရတဲ့ မြန်မာ နိုင်ငံကလာတဲ့ အမျိုးသမီးအလုပ်သမားတွေကိုလည်း သူတို့ကြိုက်တဲ့ အလုပ်တွေမှာ ပြောင်းရွှေ့လုပ်ကိုင်ခွင့် ပြုမှာဖြစ်တယ်လို့ ကော်မတီအကြီးအကဲ ထုတ်ပြန်ချက်ကဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG