သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး အရှေ့တီမော ခရီးစဉ် ဆန္ဒပြမှုတွေနဲ့ ကြုံ


အရှေ့တီမောနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို မြန်မာ့အရေး ထောက်ခံသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာမှာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် အခြေအနေထိ ဖြစ်ခဲ့ပါတယ်။

အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာ (Jose Ramos-Horta) အပါအဝင် တခြား အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ဒီလီလေဆိပ်ကို ဦးဉာဏ်ဝင်း ရောက်သွားတဲ့အချိန် ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက စုဝေး ဆန္ဒပြခဲ့ကြတာလို့ စီစဉ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်း ရေးသားထားတဲ့ စာတန်းတွေနဲ့ တခြားပစ္စည်းတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းတဲ့အခါ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။

နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး စစ်အစိုးရကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖြုတ်ချရမယ်လို့ ဆန္ဒပြခေါင်းဆောင် တယောက်က ပြောတာကို AFP သတင်းတပုဒ်မှာ ကိုးကား ရေးသားထားပါတယ်။

ဒါပေမဲ့ အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာကတော့ မြန်မာနဲ့ အရှေ့တီမော နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ချင်ကြောင်း၊ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး တိုးတက်စေဖို့အတွက် အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး ဇာကာရီယပ်စ် ဒါ ကော့စ်တာ (Zacarias Da Costa) ဟာ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ တဖွဲ့နဲ့အတူ မြန်မာနိုင်ငံကို မကြာခင် သွားရောက်မှာဖြစ်ကြောင်း၊ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ကူးသန်းရောင်းဝယ်ရေး စတင်ဖို့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့တယ်လို့လည်း ရာမို့စ် ဟော်တာက ပြောကြောင်း AFP သတင်းမှာ ရေးထားပါတယ်။

အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာ ကိုယ်တိုင်ဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ မကြာခဏ ဝေဖန်ပြောဆိုဖူးသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် အရေးယူမှုတွေကို သဘောမတူတဲ့ အကြောင်းလည်း ပြောဆိုခဲ့ဖူးပါတယ်။

XS
SM
MD
LG