သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောတဝိုက် လုံခြုံရေး စစ်တပ်အင်အားဖြည့်


ရခိုင်တွင် လုံခြုံရေးရဲများ နေရာယူစဉ်
ရခိုင်တွင် လုံခြုံရေးရဲများ နေရာယူစဉ်

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒီကနေ့ မနက်ပိုင်းမှာ တပ်မတော်နဲ့ လက်နက်ကိုင် တိုက်ခိုက်သူ တချို့ ထိပ်တိုက်တွေ့ခဲ့ပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ မြန်မာ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်တကြောမှာ စစ်တပ်က အင်အားဖြည့်တင်းနေသလို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။ လိုအပ်ရင် ကုလသမဂ္ဂကို တင်ပြသွားဖို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်နေတာပါ။ မောင်တောမြို့တဝိုက် လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီး မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့်ရဲ တပ်စခန်း ၃ ခု ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ရဲတပ်ဖွဲ့ပိုင် လက်နက်တွေ ပျောက်ဆုံးခဲ့ရပြီး နောက်မှာတော့ ဒေသတွင်းမှာ စိုးရိမ်ပူပန်မှုတွေ တိုးပွားနေတာပါ။ ဒေသတွင်း လုံခြုံရေး အခြေအနေ စိုးရိမ်ချက်ကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး အပါအဝင် အာဏာပိုင်တွေ အင်္ဂါနေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပြီး အစိုးရဘက်က ဆောင်ရွက်ချက်တွေကို ရှင်းလင်းခဲ့ပါတယ်။ ပြန်ကြားရေး ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့်က အခုလို ပြောပါတယ်။

“ရခိုင်ပြည်နယ်အတွင်းမှာဖြစ်တဲ့ ကိစ္စတွေသည် မြန်မာနိုင်ငံမှာဖြစ်တဲ့ ကိစ္စဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတခုလုံးအတွက် သက်ရောက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်ရဲ့ကိစ္စလို့ သီးခြားသဘောမထားဘဲ နိုင်ငံရဲ့ကိစ္စလို့ အလေးအနက်ဆောင်ရွက်ပါတယ်။ အထုူးသဖြင့် ရခိုင်ပြည်နယ်က ကိစ္စတွေသည် အိမ်နီးချင်းတိုင်းပြည်တွေရော ၊ နိုင်ငံတကာ ကမ္ဘာမှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ပါ ဆက်စပ်နေတဲ့အတွက်ကြောင့် ဒါကိုအလေးထားပါတယ်။”

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာဝန်းကျင်မှာ အင်္ဂါနေ့ မနက် ၈ နာရီလောက်မှာ တပ်မတော် စစ်ကြောင်းကို လူ ၂၀ ခန့်က တုတ်၊ ဓား ၊ လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ အတွက် တပ်မတော်က ပြန်လည် ပစ်ခတ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ အစိုးရက တရားဝင် သတင်းထုတ်ပြန်ပါတယ်။ မောင်တော ဒေသတဝိုက်မှာ စစ်တပ်က တပ်အင်အား ဖြည့်တင်းနေတယ်လို့လည်း အာဏာပိုင်တို့က ပြောဆိုပြီး ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်ကတော့ အခုလို ပြောပါတယ်။

“ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီဖြစ်စဉ်များနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အချက်အလက်များပေါ်မှာ ကုလသမဂ္ဂမှာလည်း မိန့်ခွန်းပြောကြားတဲ့အခါမှာ ထည့်သွင်းပြောကြားမယ်ဆိုပြီးတော့မှ နိုင်ငံခြားရေး ဒုဝန်ကြီးကလည်း ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်။ ဆက်ပြီးတော့မှ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပတ်သက်လို့ လိုအပ်လာရင်လည်း ကျနော်တို့ ဆွေးနွေးညှိနှိုင်းပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းကျနော့်အနေနဲ့တင်ပြလိုပါတယ်။”

ရခိုင်ဝန်ကြီးချုပ် ဦးညီပုကလည်း ဒေသတွင်း လုံခြုံရေး အတွက် အားထည့် ဆောင်ရွက်နေပြီး ဥပဒေနဲ့ အညီ ဖြစ်စေရပါမယ်လို့ စစ်တွေမြို့က လူထုနဲ့ တွေ့ဆုံပွဲမှာ ကတိပြု ပြောဆိုခဲ့တာပါ။

“ကျနော်တို့ အခုအခြေအနေလုံခြုံရေးတွေဆောင်ရွက်နေတယ်၊ ဒါ့အပြင်နောက်ထပ် အရေးယူဆောင်ရွက်တဲ့အပိုင်းမှာလည်း ဥပဒေနဲ့ အညီ တိတိကျကျဆောင်ရွက်သွားမှာပါ။ လုံးဝအပိုအလိုမရှိပဲနဲ့ အပြည့်အဝကို ကျနော်တို့ ရဲရဲတင်းတင်း သတ္တိရှိရှိနဲ့ ဆောင်ရွက်သွားမှာပါဆိုတာကိုလည်း ဒီမှာ လူကြီးမင်းများကို အသိပေးချင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက မူဆလင် အများစု နေထိုင်ရာ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေ ဘက်မှာတော့ လူထုကြား လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။ အခုနောက်ဆုံးရ အခြေအနေတွေကို လူထုကို အသိပေးဖို့ ကတိပြုထားတဲ့ ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီးဌာနဘက်က နောက်ဆုံးရ ဒေသတွင်း လုံခြုံရေး အခြေအနေကိုတော့ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က အခုလို ပြောပါတယ်။

“ကျနော်တို့သိထားတဲ့အခြေအနေကတော့ ဒါနောက်ဆုံး ကျနော်တို့ ညမထွက်ရအမိန့်ကို ကျနော်တို့ အချိန်တိုးထားတယ် ပြီးရင် နယ်မြေလုံခြုံရေးစိုးမိုးမှုအားလုံးကို ခြုံငုံမိတယ်ပေါ့နော်။ ပြီးလို့ရှိရင်တော့ ပုံမှန်အတိုင်းတော့ဒါ ဆက်ပြီးတော့ သွားနေတယ်ဆိုတဲ့ အနေအထားမျိုးပါ။ ခြုံပြောရရင်တော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရှိတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ဘင်္ဂလားဒေရှ့် နယ်စပ် တလျှောက် မောင်တောမြို့နယ်တွင်း နယ်ခြားစောင့် တပ်စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရမှုရဲ့ လက်သည် တရားခံ ဘယ်သူဆိုတာကိုတော့ အာဏာပိုင်တွေဘက်က မထုတ်ပြန်နိုင်သေးသလို ပျောက်ဆုံးသွားတဲ့ လက်နက်တွေလည်း ပြန် မတွေ့သေးပါဘူး။ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုရဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့လည်း တိတိကျကျ အာဏာပိုင်တွေဘက်က မပြောနိုင်သေးပေမယ့် စီးပွားရေး၊ နိုင်ငံရေး အခြေအနေတို့နဲ့ ပတ်သက်ကောင်း ပတ်သက်နိုင်တယ်လို့တော့ အာဏာပိုင်တို့က တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG