သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီး စတင်


သမ္မတဦးထင်ကျော် တရုတ်နိုင်ငံချစ်ကြည်ရေးခရီး ရောက်ရှိ
သမ္မတဦးထင်ကျော် တရုတ်နိုင်ငံချစ်ကြည်ရေးခရီး ရောက်ရှိ

တရုတ်နိုင်ငံကို ၆ ရက်ကြာ နိုင်ငံတော် ခရီးစဉ်အဖြစ် သမ္မတဦးထင်ကျော် ဟာ ဒီကနေ့ပဲ မြန်မာနိုင်ငံက ထွက်ခွာသွားပြီး၊ ခရီးစဉ်အတွင်း အခြေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကိစ္စကိုလည်း ဆွေးနွေးလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီကနေ့ မနက်ပိုင်း နေပြည်တော်ကနေ တရုတ်နိုင်ငံကို ထွက်ခွာတဲ့ သမ္မတဦးထင်ကျော်နဲ့ ကိုယ်စားလှယ် အဖွဲ့ကိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့အတူ အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေလည်း လေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြတာပါ။

တရုတ်နိုင်ငံ ခရီးစဉ်မှာတော့ သမ္မတဦးထင်ကျော်နဲ့ ဇနီးအပြင်၊ ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာသန်းမြင့်၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒေါက်တာစိုးဝင်းနဲ့ တခြားတာဝန်ရှိသူတွေ လိုက်ပါသွားကြောင်းလည်း သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်သမ္မတ Xi Jinping ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ ခရီးစဉ်ဟာ ၂ နိုင်ငံ ချစ်ကြည်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုထားပေမဲ့လည်း ဒေါ်လာ ၃.၆ ဘီလီယံ တန်ဘိုးရှိတဲ့ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တရုတ်နိုင်ငံက တည်ဆောက်ဖို့ စီစဉ်ထားပေမဲ့ ကန့်ကွက်မှုတွေကြောင့် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားရတဲ့ စီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးလိမ့်မယ်လို့လည်း ခန့်မှန်းနေကြတာပါ။

မီဂါဝပ် ၆ ထောင် ထုတ်လုပ်မယ့် စီမံကိန်းကို ဆက်မလုပ်ဖို့၊ အပြန်အလှန် အနေနဲ့ တခြားစီးပွားရေး အခွင့်အလန်းတွေပေးဖို့ ညှိနှိုင်းဖွယ်ရှိတယ်လို့လည်း Reuters သတင်းက တရုတ်နဲ့မြန်မာ တာဝန်ရှိသူတွေကို ကိုးကား ဖော်ပြခဲ့တာပါ။

စီမံကိန်းကြောင့် သဘာ၀ ပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ လူမှုဘဝတွေကို ရိုက်ခတ်နိုင်တယ်ဆိုပြီး ကန့်ကွက်မှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ရာက သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ စီမံကိန်းကို ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက်မှာလည်း စီမံကိန်းကို ဆက်လက်ရပ်ဆိုင်းထားပြီး ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်နေသလို၊ တရုတ်နိုင်ငံဖက်ကတော့ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရေး မကြာသေးခင် အချိန်အထိ ဖိအားပေး တိုက်တွန်းမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG