သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား၊ အမေရိကန်နဲ့ မြန်မာ စစ်ရေးဆက်ဆံမှု


မြန်မာသမ္မတနဲ့ ရုရှားသမ္မတ သီးခြား တွေ့ဆုံစဉ်။
မြန်မာသမ္မတနဲ့ ရုရှားသမ္မတ သီးခြား တွေ့ဆုံစဉ်။

မြန်မာနဲ့ရုရှား စစ်ဘက်ဆက်ဆံရေး တိုးမြှင့်လာမယ်ဆိုရင် အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ တချို့က သုံးသပ်ပါတယ်။ ရုရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတဦးထင်ကျော်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ တွေ့ဆုံပြီး စစ်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးမှု အပြီး အခုလို သုံးသပ်လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာသမ္မတဦးထင်ကျော်ဟာ အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ဖို့ ရုရှားမှာရောက်နေတုန်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ သီးသန့်တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ရုရှားက သူတို့ရဲ့ စစ်လက်နက် ပစ္စည်းနဲ့ နည်းပညာတွေကို မြန်မာနိုင်ငံကို ရောင်းချသွားဖို့ သမ္မတ ဗလာဒီမီယာပူတင်ဘက်က ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်မှာနဲ့ ပတ်သက်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

" ရုရှားနဲ့ မြန်မာနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကို အဓိကအားဖြင့် နည်းပညာပေါ့နော်။ ပညာတော်သင်ကိစ္စတွေရှိမယ်။ အဲ့တာတွေနဲ့ပတ်သက်ပြီး စာချုပ်စာတမ်းနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ် ချုပ်ပြီး ဆက်သွားမယ်။ "

ရုရှားနိုင်ငံကနေ MIG 29 တိုက်လေယာဉ်တွေဝယ်ယူခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ၂၀၀၆ ခုနှစ်အတွင်း မြန်မာ့တပ်မတော်ရဲ့ ဒုအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်းမှာ MI 17 စစ်ရဟတ်ယာဉ်တွေ ထပ်မံဝယ်ယူခဲ့တဲ့ ရုရှား-မြန်မာစစ်တပ်ချင်း ဆက်ဆံရေးတွေ ရှိခဲ့တာပါ။

အဲဒီ့ခရီးစဉ်မှာပဲ နျူးကလီးယားဆိုင်ရာ နည်းပညာနဲ့ ဒုံးကျည်နည်းပညာတွေကို ရုရှားနိုင်ငံဘက်က အကူအညီ ပေးဖို့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး က တောင်းဆို ခဲ့ကြောင်း ဝါရှင်တန်ဒီစီမှာနေတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် ကပြောပါတယ်။

"၂၀၀၀ ပတ်ဝန်းကျင်လောက်မှာ ဗိုလ်ချုပ်မှူးကြီးမောင်အေး ရုရှားနိုင်ငံကို သွားပြီးတော့မှ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ သဘောတူညီချက်တွေ ရှိခဲ့တယ်။ အဲ့ဒီ့အထဲမှာ အနုမြူကိစ္စပါတယ်။ အနုမြူကို စစ်ရေးမဟုတ်ဘူးပေါ့ဗျာ။ ကျန်တဲ့ကိစ္စတွေမှာ အသုံးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ သူတို့သွားချဉ်းကပ်တယ်။ တကယ့်တကယ်မူလရည်ရွယ်ချက်ကတော့ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ကိုယ်တိုင် ထုတ်ပြောတာက အနုမြူဗုံးလောက်အထိ လုပ်ချင်တဲ့အနေအထားမျိုးလောက်အထိ သူတို့ရှိခဲ့တယ်။ ဒုတိယနည်းပညာကတော့ မစ်ဇိုင်းပေါ့လေ။ ဒုံးပညာပေါ့လေ။ Missile ပညာကို သူတို့ အဓိကထားပြီးတော့ သဘောတူညီချက်တွေ ယူပြီးတော့မှ ဗမာနိုင်ငံက တပ်မတော် အရာရှိတွေ တော်တော် များများ ရုရှားမှာ သွားပြီးတော့မှ သင်ကြတာ အများစုပါ။ ဒါပေမဲ့ ရုရှားတို့သည် နိုင်ငံတကာ အခင်းအကျင်းအရပေါ့လေ။ အနောက်နိုင်ငံတွေက ပိတ်ဆို့ထားတဲ့ အနေအထားမျိုးမှာ ရုရှားက အရှေ့နိုင်ငံတွေကို မြှားဦးလှည့်ပြီးတော့မှ စည်းရုံးလာတဲ့အနေအထားမျိုးလို့လည်း ကျနော်မြင်ပါတယ်ခင်ဗျ။"

တကယ်တော့ ရုရှားနိုင်ငံကို စစ်ရေးအရချည်းကပ် ရတာဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း အမေရိကန်အပါအဝင် အနောက်နိုင်ငံ တွေ က မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း မရောင်းချတော့ပဲ ဖြစ်ချိန် မှာ မြန်မာ့တပ်မတော်က တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်း ဝယ်ယူ တာတွေရှိခဲ့ပေမယ့် တရုတ်လက်နက်တွေက အညံ့စားတွေဖြစ်နေတာကြောင့် ရုရှားစစ်တပ်ကို ချည်းကပ်ခဲ့ပြီး ရေရှည်ဆက်ဆံရေးတွေ ရှိလာ ခဲ့တာပါ။

တဖက်မှာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ပြန်ကြည့်ရင် ရုရှားနဲ့ အမေရိကန်ပြည်ထောင်စု တို့ကြား ဆက်ဆံရေး မပြေပြစ်တာတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီကြားထဲ မြန်မာစစ်တပ်နဲ့ ရုရှားစစ်တပ်တို့ကြား ဆက်ဆံရေး တိုးမြှင့်လာမယ်ဆိုရင် မြန်မာနဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်လာနိုင် သလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ် ပြောဆိုလိုက်တာပါ။

" ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၈၈မတိုင်ခင်တုန်းက ကျနော်တို့ကိုယ်တိုင်လည်း အမေရိကန်မှာ သင်တန်းလာတက်ခဲ့ကြတဲ့သူတွေဆိုတာ အခု ၈၈ နောက်ပိုင်း ဆိုတော့ အနှစ် ၂၅လောက် ရှိသွားပြီတဲ့အခါမှာ အမေရိကန်စစ်တပ်နဲ့ ဗမာ့တပ်မတော်စစ်တပ်က တော်တော်လေး ဝေးသွားပါတယ်။ ဒီ့အပြင်မှာ ဗမာ့တပ်မတော်ထဲမှာလည်း အမေရိကန်မကောင်းကြောင်းကို ရိုက်သွင်းထားတာ နှစ်ပေါင်း ၂၀လောက် ရှိတဲ့အခါမှာ ရုရှားကျောင်းဆင်းတွေက ဗမာ့တပ်မတော်မှာ တော်တော်များများ အများစုဖြစ်လာပြီခင်ဗျ။ အဲ့တော့ အခုအချိန်မှာ အမေရိကန်အနေနဲ့အရင်ပုံလိုပဲ ဆက်ကျင့်သုံးမယ်ဆိုရင်တော့ ကျနော်တို့ တပ်မတော်အနေနဲ့ပေါ့လေ အမေရိကန်ဆန့်ကျင်ရေးဆိုတဲ့ စိတ်ဓာတ်တွေ ဝင်လာပြီးတော့မှ ဗမာ့တပ်မတော်ဟာ အခြားဘက်ကို လုံးဝ ယိမ်းသွားမယ့် အနေအထားမျိုး ရှိပါတယ်။ အဲ့ဒီ့တော့ အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက်ကို အထူးအလေးထားဖို့ လိုတယ်လို့ ကျနော်သုံးသပ်မိပါတယ်။"

သမ္မတ ဦးထင်ကျော်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း စစ်ဖက်ဆိုင်ရာ ဆွေးနွေးမှုတွေ ရှိနေချိန်မှာပဲ အမေရိကန်သမ္မတအိုဘားမားရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ လက်ထောက် အကြံပေးပုဂ္ဂိုလ် Ben Rhodes က သတင်းစာ ရှင်းလင်းပွဲမှာ ပြော တာက -

မြန်မာနဲ့ အမေရိကန်နှစ်နိုင်ငံကြား စစ်တပ်ချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အမေရိကန်လွှတ်တော်နဲ့ တိုင်ပင်ဆွေးနွေးနေပါတယ်လို့သူက ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေထဲက တချို့ကို ဖြေလျှော့ပေး လိုက်ကြောင်း သမ္မတ အိုဘားမားက ကြေညာခဲ့အပြီး၊ နောက် တစ်ရက်မှာ အဲဒီလို ပြောဆိုလိုက်တာလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG