သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဆန်ပြည်ပတင်ပို့မှုတိုးဖို့ မျှော်လင့်


ဒီနှစ်မှာ မြန်မာနိုင်ငံက ဆန်စပါးတန်ချိန် နှစ်သန်း ပြည်ပတင်ပို့ဖို့ မျှော်မှန်းထားတာဟာ သိပ်ရည်မှန်းချက်ကြီးလွန်း ပေမဲ့လည်း ဖြစ်နိုင်ခြေရှိတယ်လို့ မြန်မာ့ဆန်လုပ်ငန်းနဲ့ နီးစပ်တဲ့ ပြည်ပကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံပေါ် နိုင်ငံတကာချမှတ်ခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုအများစု မရှိတော့တာကြောင့် ဈေးကွက်သစ်တွေပိုရလာနိုင်တာကို ထောက်ပြသလို ထိရောက်တဲ့ခေါင်းဆောင်မှုနဲ့ လုပ်မယ်ဆိုရင် ဒီရည်မှန်းချက်ပြည့်မီနိုင်တယ်လို့လဲ ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဟာ ပြည်ပဆန်တင်ပို့မှုမှာ ငါးနှစ်ဆက်တိုက် မက်ထရစ်တန်ချိန် ၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်တာကြောင့် ဒီနှစ်မှာတော့ တန်ချိန် ၂ သန်းထိ တိုးပြီး တင်ပို့နိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူးချုပ် ဦးရဲမင်းအောင်က ပြောထားတာပါ။

ပြီးခဲ့တဲ့နှစ်တွေက ဆန်တန်ချိန် ၁.၇ သန်းကျော်ထိ တင်ပို့နိုင်ခဲ့ပြီး အခုတန်ချိန် ၂ သန်းဆိုတာဟာ ၁၅% ကနေ ၂၀% လောက် တိုးလာတာပဲဖြစ်တာကြောင့် ဖြစ်နိုင်ခြေရှိပါတယ်လို့ မြန်မာ့ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးနေတဲ့ထဲက နိုင်ငံတကာ အဖွဲ့တဖွဲ့ဖြစ်တဲ့ ကမ္ဘာ့ဘဏ်လက်အောက်ခံ နိုင်ငံတကာ ဘဏ္ဍာငွေကြေး ကော်ပိုရေးရှင်း IFC က ပုဂ္ဂလိကကဏ္ဍ ဆိုင်ရာ အကြီး တန်းကျွမ်းကျင်သူ Charles Schneider က ဗွီအိုအေကိုပြောပါတယ်။

“ဒါက သိပ်ကိုဖြစ်နိုင်ခြေရှိပါတယ်။ ဥရောပလိုနေရာမှာ အခွင့်အလန်းတွေရထားတာကို အခွင့်ကောင်းယူပြီး ဈေးကွက်သစ်တွေ ရှာဖို့ ကြိုးစားရပါမယ်။ အခုဆိုရင် မြန်မာ့ဆန်ဟာ ဥရောပဈေးကွက်ကို အခွန်လွတ်တင်ပို့ခွင့်ရထားပြီးတော့ လက်နက်ခဲယမ်း အရောင်းအဝယ်ကိစ္စကလွဲလို့ ကျန်တဲ့ကုန်ပစ္စည်းတွေအားလုံး အထူးအခွင့်အရေးနဲ့ ကုန်သွယ် ရောင်းဝယ်နေနိုင်ပြီဖြစ်ပါတယ်။ ဒီလို အခွင့်လန်းတွေ တိုးလာနေပြီဖြစ်တာကြောင့် အဲဒါတွေကို အရအမိဆုပ်ကိုင်ဖို့ အချိန်ရောက်နေပါပြီ။”

ဒီရည်မှန်းချက်ဟာ သိပ်ကိုမြင့်လွန်းတဲ့ ရည်မှန်းချက်ဖြစ်ပြီး လုပ်နိုင်မလားဆိုရင်တော့ လုပ်နိုင်မှာပါလို့ ပြောသူက အမေရိကန် အခြေစိုက် The Rice Trader ဆန်ကုန်သည်အဖွဲ့ရဲ့ ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jeremy Zwinger ပါ။

“ဒါ ဖြစ်နိုင်ခြေရှိပါတယ်။ ရည်မှန်းချက်က တန်ချိန် ၂ သန်းတင်ပို့ဖို့ဆိုတာကို သူက တကယ့်ကို မျှော်လင့်ချက်ရှိတဲ့လေသံနဲ့ပြော တယ်လို့ ကျနော်ထင်ပါတယ်။ ဒါဟာ တကယ့်ကောင်းမွန်တဲ့ ခေါင်းဆောင်မှုပါ။ ဆိုတော့ ဒါဟာ သင့်တင့်လျောက်ပတ်တဲ့ ရည်မှန်းချက်ဖြစ်ပေမယ့် ခေါင်းဆောင်မှုတော့ လိုပါလိမ့်မယ်။ ဒီနှစ်မှာ တန်ချိန် ၂ သန်း တင်ပို့နိုင်ဖို့အတွက် ခေါင်းဆောင်မှု ကောင်းလိုအပ်ပါတယ်။”

မြန်မာနိုင်ငံဟာ ထိုင်းလို၊ ဗီယက်နမ်လို အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဆန်စပါးလုပ်ငန်းမှာ အများကြီး နောက်ကျကျန်နေတာ ပါ။ ဒါပေမဲ့လဲ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစပြီး မြန်မာ့ဆန်ကို ကမ္ဘာ့ဈေးကွက်မှာ ပြန် အသိအမှတ်ပြုလာနေကြပြီး လွန်ခဲ့တဲ့ ၃ ၄ နှစ် က ဗီယက်နမ်နိုင်ငံမှာကျင်းပတဲ့ ဆန်ကုန်သည်ပွဲမှာ မြန်မာ့ပေါင်းဆန်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆန်အဖြစ် ဆုချီးမြှင့်ခံခဲ့ရပါ တယ်။ အဲဒီဆန်ရဲ့အရည်အသွေးနဲ့ ကောင်းသတင်းကြောင့် ဒီဆန်အပေါ် စိတ်ဝင်စားမှု သိပ်မြင့်မားခဲ့ပါတယ်။ ဒါကြောင့် အဲဒီ လိုအရည်အသွေးအတိုင်း ဆက်ထိန်းပြီး ဘယ်လိုထုတ်သွားမလဲဆိုတာနဲ့ မြန်မာနိုင်ငံကနေ ဆန် ပိုပြီးဝယ်လာအောင် ဘယ်လို လုပ်သွားမလဲဆိုတာ အခုလက်ရှိမေးခွန်းဖြစ်တယ်လို့ မစ္စတာ Schneider ကပြောပါတယ်။

“ဈေးနှုန်းသတ်မှတ်ချက် အဆင့်ဆင့်မှာ မြန်မာနိုင်ငံအနေနဲ့ အဆင့်တက်လာဖို့က နောက်တဆင့် တိုးလုပ်ရမယ့်ကိစ္စလို့ ကျနော် ထင်ပါတယ်။ မြန်မာနိုင်ငံဟာ အဆန်အမြောက်အများကို ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ မေးခွန်းက ဈေးနှုန်းသတ်မှတ်ချက် အဆင့် တက်လာအောင် ဘယ်လိုလုပ်မလဲ၊ ဈေးကောင်းရအောင် ဘယ်လိုမျိုးကွဲတွေထုတ်မလဲ၊ လူကြိုက်ပိုများပြီး ဈေးကောင်းပိုရမယ့် ဈေးကွက်တွေကို ဘယ်လိုတိုးမလဲဆိုတာပါပဲ။”

အရည်အသွေးကို တသမတ်ထဲဖြစ်အောင် ဆက်ထိန်းထားပြီး ဆန်ထုတ်လုပ်မှုအဆင့်ဆင့်ကို တိုးတက်အောင် လုပ်သွားမယ် ဆိုရင် လာမယ့် သုံးနှစ်ကနေ ငါးနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆန်ဈေးကွက်မှာ အရေးပါတဲ့နိုင်ငံတနိုင်ငံ ဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

လက်ရှိမှာတော့ မြန်မာ့ဆန်ကို အများဆုံးဝယ်ယူနေတာ တရုတ်နိုင်ငံဖြစ်ပြီး နောက် အများအပြားဝယ်ယူနေတာကတော့ သီရိလင်္ကာနိုင်ငံပါ။ ဒါ့အပြင် သိပ်မကြာသေးခင် ကာလတွေကပဲ အာဖရိကဈေးကွက်ကိုလဲ မြန်မာ့ဆန်တွေ တင်ပို့ရောင်းချနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG