သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းလွတ်လပ်ခွင့် အဆင့်တိုးတက်ပေမဲ့ အခက်အခဲတွေရှိနေဆဲဟု RSF သုံးသပ်


RSF ရဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ညွှန်းကိန်းတွေ
RSF ရဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ညွှန်းကိန်းတွေ

မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ဟာ အရင်နှစ်ကထက်စာရင် ၁၂ ဆင့်တက်လာပြီး ရမှတ်လည်း တိုးလာတာကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ဒီကနေ့ ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ညွှန်းကိန်းမှာ တွေ့ရပါ တယ်။ ဒီလို အဆင့်တက်လာပေမဲ့ သတင်းလွတ်လပ်ခွင့်အပိုင်း ခက်ခဲနေသေးတဲ့ အနီရောင်အဆင့်မှာပဲ သတ်မှတ်ထား ပါတယ်။ မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇေ်ာက တင်ပြထားပါတယ်။

ပြင်သစ်နိုင်ငံမှာ အခြေစိုက်တဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ညွှန်းကိန်းတွေကို နှစ်စဉ်ထုတ်ပြန်ရာမှာ ဒီနှစ် အညွန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာနိုင်ငံပေါင်း ၁၈၀အနက်က အဆင့် ၁၃၁မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ အရင်နှစ်ထက်စာရင် အဆင့် ၁၂ ဆင့် တိုးတက်လာခဲ့ပေမဲ့ သတင်းလွတ်လပ်ခွင့်အရ ခက်ခဲနေဆဲ နိုင်ငံ၂၀စာရင်းမှာတော့ ထည့်သွင်းထားဆဲဖြစ်ပါတယ်။

ဒီလို ခက်ခဲနေဆဲအခြေအနေအဖြစ် သတ်မှတ်ထားရတာကတော့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေကို နှုတ်အားဖြင့် ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ပဲဖြစ်စေ ရန်ပြုတာတွေ ပိုများလာနေပြီး လုံခြုံမှုမရှိဘူး၊ ဖိအားပေးခံနေရတယ်လို့ ခံစားရတယ်ဆိုပြီး ပြောတဲ့သတင်းသမားတွေ ရှိတာကြောင့်ဖြစ်တယ်လို့ RSF အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဌာန အကြီးအကဲ Benjamin Ismail က ဗွီအိုအေကိုပြောပါတယ်။

“အဲဒီအခြေအနေကြောင့် သတင်းထောက်တွေနဲ့ မီဒီယာလုပ်ငန်းလုပ်သူတွေအတွက် ကိုယ့်ဖာသာဆင်ဆာလုပ်ပြီး ထိန်းသိမ်း ရေးသားဖော်ပြတာတွေ ဖြစ်လာပါတယ်။ ဒါဟာ မြန်မာတာဝန်ရှိသူတွေကို ကျနော်တို့ ပြောချင်တဲ့ကိစ္စပါ။ သတင်းမီဒီယာအနေနဲ့ လွတ်လပ်ပြီး အမှီအခိုကင်းကင်း လုပ်ကိုင်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မျိုးအောင်ဖြစ်အောင် တာဝန်ရှိသူတွေက အားပေးလုပ်ဆောင်ဖို့လိုပါတယ်။”

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ဒုဥက္ကဌ ဦးအောင်လှထွန်းကတော့ ဒီလိုခက်ခဲတဲ့အခြေအနေ ကနေ ပြောင်းလဲဖို့အတွက် လိုအပ်ချက်တွေကို အခုလို ထောက်ပြပါတယ်။

“Freedom of Press ကတော့ ရှိတာပေါ့နော် ၊ ကျနောတို့ အားနည်းချက်ကတော့ Access to Information မှာတော်တော်အားနည်းတယ် သတင်းအချက်အလက်ရရှိပိုင်ခွင့် အဲဒီမှာ အားနည်းချက်ရှိတယ်၊ အထူးသဖြင့်အစိုးရ နဲ့ ပက်သက်ရင်ပေါ့။ နောက်တခုကတော့ မီဒီယာသမားတွေအပေါ်မှာ မီဒီယာနဲ့ ပတ်သက်လို့ ချမှတ်တဲ့ ပြစ်ဒဏ်တချို့က မီဒီယာနဲ့တိုက်ရိုက် မပတ်သက်တဲ့ဟာပေါ့။ ဥပဒေရဲ့ အကျိုးသက်ရောက်မှုက အားနည်းနေသေးတာပေါ့။ အဓိက အားနည်းချက်က သတင်းရေးသားဖော်ပြမှုနဲ့ ပက်သက်လို့ အရေးယူမယ်ဆိုရင် လက်ရှိမီဒီယာ ဥပဒေအရ သတင်းမီဒီယာကောင်စီကို တိုင်ကြားနိုင်သည်လို့ပဲ ပါတယ်။ နိုင်သည်လို့ပါတဲ့ အတွက်ကြောင့်မို့လို့ အများစုက အထူးသဖြင့် အစိုးရနဲ့ ပတ်သက်တဲ့ ဌာနတချို့က တိုင်ကြားနိုင်သည်ဆိုပေမယ့် သူတို့က မတိုင်ကြားဘူး။ တရားရုံးကို တန်းသွားချင်ကြတယ်။ ဒီ မီဒီယာဥပဒေကိုလည်း ကျနော်တု့ိ ပြန်ပြင်ဖို့ ကြိုးစားနေကြပါတယ်။ ပြီးတော့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) တို့ဘာတို့ပေါ့။”

RSF ရဲ့ ထုတ်ပြန်ချက်မှာ အစိုးရက စာနယ်ဇင်းတွေအပေါ် ဖိနှိပ်တာတွေ ဆက်ရှိနေပြီး သတင်းပိုင်းဆိုင်ရာမူဝါဒတွေပြောင်းလဲသွားအောင် တိုက်ရိုက်ထိမ်းချုပ်တာတွေရှိနေတယ်လို့လည်း ဖော်ပြပါတယ်။ ဒီအချက်အပေါ်မှာတော့ ဦးအောင်လှထွန်းက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ ကျနော်သိသလောက်ကတော့ Editorial policy ကိုအစိုးရက တိုက်ရိုက်ထိန်းချုပ်မှုကတော့ ကျနော်မကြားသလောက်ပါ။ Editorial policy ကတော့ လွတ်လွတ်လပ်လပ်ရေးနေကြတာပဲ။ ကျနော်တို့တုန်းကတော့ သတင်းလွတ်လပ်မှုမရှိဘူး ၊ ခြိမ်းခြောက်မှုတွေကြားမှာ အမှန်တရားကို ဖော်ထုတ်ရေးရတာ တော်တော်လေးကို သတိထားပြီးရေးရတာပေါ့နော် အခုအဲဒါတွေ မရှိတော့တဲ့အခါကျတော့ အစောပိုင်းတုန်းက ကျနေ်ာထင်တောင်ထင်မိတယ်၊ လူတချို့က လွတ်လပ်မှုကိုများ abuse လုပ်နေသလားလို့ ထင်မိတယ်။ Editorial News room ကို တိုက်ရိုက် ခြယ်လှယ်ဖို့ ကြိုးစားတာတွေ ကျနေ်ာသတိထားမိသလောက်ကတော့ မတွေ့ပါဘူး။”

RSF ရဲ့ ထုတ်ပြန်ချက်မှာ သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံ ၂၀ စာရင်းမှာ မြောက်ကိုရီးယား၊ တရုတ်၊ အီရန်၊ အီရတ်နဲ့ လစ်ဗျား စတဲ့နိုင်ငံတွေကို ထည့်သွင်းထားပါတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ပြဿနာတချို့ ရှိတဲ့နိုင်ငံ ၅၀ကျော်မှာ တော့ တောင်ကိုရီးယား၊ ဂျပန်၊ ဘူတန်နဲ့ ဟောင်ကောင် စတဲ့နိုင်ငံတွေပါဝင်ပြီး ကျေနပ်လောက်စရာရှိတဲ့နိုင်ငံ၃၀ကျော်မှာ ပေါ်တူဂီ၊ သြစတေလျ၊ ကနေဒါ ၊တောင်အာဖရိက၊ ဗြိတိန်နဲ့ အမေရိကန်တို့ ပါဝင်သလို အလွတ်လပ်ဆုံးနိုင်ငံ ၁၆နိုင်ငံစာရင်းမှာတော့ နော်ဝေ၊ ဆွိဒင်၊ဖင်လန်၊ ဒိန်းမတ်နဲ့ နယ်သာလန် စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။

RSF ရဲ့ ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ချက်မှာတော့ နိုင်ငံပေါင်း ၁၈၀မှာမြန်မာနိုင်ငံဟာ အဆင့် ၁၄၃ မှာ ရှိခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG