သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး ပေးဆပ်ခဲ့မှုကြောင့် ကနေဒါမှာမြန်မာတဦး အခက်အခဲကြုံ


ကိုသန်းစိုး
ကိုသန်းစိုး

ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားပြီး အခုချိန်ထိ နေထိုင်ခွင့်မရရှိသေးတဲ့ ကိုသန်းစိုးကို ကနေဒါအစိုးရက မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကအရေး လှုပ်ရှားမှုကို ကမ္ဘာက သိလာအောင် ကြိုးပမ်းမှု တရပ်အနေနဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ကိုသန်းစိုးဟာ ရဲရင့်အမည်နဲ့ မြန်မာနိုင်ငံ မြိတ်မြို့ကနေ ထိုင်းနိုင်ငံကို ၁၉၈၉ ခုနှစ်တုန်းက လေယာဉ်ပျံ ပြန်ပေးဆွဲသွားခဲ့တဲ့ ၂ ဦးထဲက ၁ ဦး ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိသေးတဲ့အတွက် မြန်မာနိုင်ငံကို အခုချိန်မှာ သူ ပြန်ရောက်သွားရင် လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ ကိုသန်းစိုးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကိုသန်းစိုးဟာ ကနေဒါနိုင်ငံကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အမေရိကန်နိုင်ငံကတဆင့် ရောက်သွားပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုသန်းစိုးဟာ ရဲရင့်ဆိုတဲ့အမည်နဲ့ ရဲသီဟနဲ့အတူ တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ကိုပျံသန်းမယ့် မြန်မာ့လေကြောင်းပိုင် လေယာဉ်ပျံတစင်းကို ထိုင်းနိုင်ငံကို ပြန်ပေးဆွဲသွားခဲ့သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ လေယာဉ်ပျံ ပြန်ပေးဆွဲခဲ့သူတဦး ဖြစ်နေတာကြောင့် ကနေဒါနိုင်ငံက သူ့ကို တရားဝင် နေထိုင်ခွင့်မပေးပဲ နားလည်မှုနဲ့သာ နေခွင့်ပြုထားခဲ့တဲ့အကြောင်း ကိုသန်းစိုးက အခုလို ရှင်းပြပါတယ်။

“ကျနော့်နာမည်အရင်က သန်းစိုးပါ ၊ ရဲရင့်ဆိုတာကတော့ လေယာဉ်ပျံကိစ္စဖြစ်တုန်းက ကျနော်သုံးခဲ့တဲ့ နာမည်။ ဟုတ်ပါတယ် ကျနော်လေယာဉ်ပျံ ပြန်ပေးဆွဲခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်ကပေါ့နော် အဲဒီနောက်ပိုင်း အခြေအနေအရ ကျနော် ကနေဒါနိုင်ငံရောက်နေတာပါ။ ရောက်နေတာကလည်း ၂၀၀၃ ခုနှစ် နိုဝင်ဘာလက စရောက်တာပါ ဒီမှာတော့ ကျနော့်အနေနဲ့ လက်ရှိတော့ လူဝင်မှုကြီးကြပ်ရေးက အသိအမှတ်ပြုတဲ့ နိုင်ငံသားတို့ ဘာတို့တော့ မရှိသေးပါဘူး။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ တရားဝင်နေထိုင်ခွင့်ဆိုတာ ကျနော့်မှာ မရှိသေးပါဘူး။ ဒီကြားထဲမှာ ကျနော့်ကို မြန်မာ နိုင်ငံရေးအခြေအနေအရ ပေးနေထားတယ်ပေါ့နော်။ လက်ရှိကြားထဲမှာ ကျနေ်ာ့အနေနဲ့ အလုပ်လုပ်ခွင့်ရတယ်။ ဒါပေမယ့် အခု ကနေဒါ လူဝင်မှုကြီးကြပ်ရေးက ပြောနေတာ မြန်မာ နိုင်ငံရေးအခြေအနေတွေကောင်းနေပြီ အဲလိုဖြစ်တဲ့အတွက် ကျနော့်ကို သူတို့ ပြန်ပို့လို့ရတယ်ဆိုပြီးတော့ ပြောပါတယ်။ လက်ရှိကတော့ ကျနေ်ာလည်း ဒီလောက်ပဲ သိရတာပါ။”

လက်ရှိအခြေအနေရ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု အပြည့်အ၀ မရှိသေးတဲ့အတွက် မြန်မာနိုင်ငံကို အခုချိန်မှာ ပြန်လို့ မရနိုင်သေးဘူးဆိုတာကို သူ့ရှေ့နေကတဆင့် လျှောက်လဲချက် တင်ထားတယ်လို့ ကိုသန်းစိုးက ပြောပါတယ်။

“ကျနေ်ာ့ရှေ့နေကတော့ သူတို့ကို ရှင်းပြထားပါတယ် အခြေအနေအရ ဟုတ်ပါတယ်၊ အရပ်သားအစိုးရက တက်လာတာမှန်ပေမယ့် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုက သေချာမရှိသေးတဲ့အတွက် သန်းစိုးကို လက်ရှိအခြေအနေမှာ ကနေဒါအစိုးရက ပြန်ပို့ဖို့ကို မသင့်သေးဘူးလို့ ဝိုင်းပြောနေပါတယ်။”

၁၉၈၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြကြတဲ့ လူထု အုံကြွမှုကြီး ဖြစ်ပေါ်ပြီးနောက်ပိုင်း ထောင်ပေါင်းများစွာသော တခြား ကျောင်းသား လူငယ်တွေနည်းတူ ထိုင်း-မြန်မာ နယ်စပ်ဒေသကို တောခိုသွားခဲ့တဲ့ ကိုသန်းစိုးနဲ့ တခြား ရဲဘော်တချို့တို့ တိုင်ပင်ပြီး တိုးတက် ပြောင်းလဲမှုရှိမလာတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ကမ္ဘာကသိအောင် တခုခု လုပ်ဖို့ လိုတယ်ဆိုတဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံအတွင်းက လေယာဉ်ပျံကို ပြန်ပေးဆွဲဖို့ အစီအစဉ် အချမှတ်ဖြစ်ခဲ့တဲ့အကြောင်း ကိုသန်းစိုးက အခုလို ရှင်းပြပါတယ်။

“၁ နှစ်လောက်ကြာလာပြီး ဘယ်လိုမြင်လာသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ်ချခံရတယ်၊ နိုင်ငံတကာလည်း ဘာမှ မလုပ်ဘူးလို့ မြင်လာတယ်။ တချိန်တည်းမှာပဲ ထိုင်းနိုင်ငံအစိုးရကလည်း ဗိုလ်ချုပ်ကြီး Chavalit တို့အပါအဝင် မြန်မာနိုင်ငံနဲ့ စီးပွားရေးတွေပြန်လုပ်ဖို့ ဖြစ်လာတယ် ။ အဲဒီတော့ ကျနော်တို့ တောထဲမှာရောက်နေတဲ့ အကုန်လုံးနီးပါးပေါ့လေ ကျောင်းသူကျောင်းသားတွေက တခုခုလုပ်မှဖြစ်မယ်ပေါ့။ ကျနော်နဲ့ ကိုရဲသီဟပေါ့နော် ကျနော်တို့ တခုခုလုပ်မှဖြစ်မယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လည်းအဖမ်းခံရပြီးတဲ့ နောက်ပိုင်းမှာ တခုခုလုပ်မှဖြစ်မယ်။ တခုပဲသိတာကဘာလဲဆိုရင် လုပ်မယ်ဆိုရင်လည်း ဒီကိစ္စက နိုင်ငံတကာ သိဖို့လိုတယ်။ နိုင်ငံတကာ သိအောင်လုပ်ချင်တာကို ၊ မြန်မာနိုင်ငံပဲ သိရင် အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့်တို့ နဝတတို့က ထိန်းချုပ်ထားတာဆိုတော့ ဒီသတင်းတွေလည်း ပေါက်ကြားမှာ မဟုတ်ဘူး။ အဲဒီလိုဆုံးဖြတ်ပြီးတော့ ကျနော်နဲ့ ကိုရဲသီဟပေါ့နော် တတ်နိုင်သမျှ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဘာမှ မရှိတဲ့ကြားထဲကနေ တောထဲကနေပြီးတော့ ၊ တောဆိုတာလည်း ဘုရား ၃ ဆူပေါ့နော် အဲဒီကနေ ကျနော်နဲ့ ကိုရဲသီဟက နယ်စပ်ကနေတဆင့် ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ပြန်ဝင်ခဲ့ပါတယ်။”

ထိုင်း-မြန်မာ နယ်စပ်ဒေသကို တောခိုသွားခဲ့တဲ့ ကျောင်းသားများ
ထိုင်း-မြန်မာ နယ်စပ်ဒေသကို တောခိုသွားခဲ့တဲ့ ကျောင်းသားများ

လေယာဉ်ပျံကိုတော့ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှာ ပြန်ပေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

ရဲရင့်နဲ့ ရဲသီဟတို့ ၂ ဦးဟာ မူလက လေယာဉ်ပျံကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နိုင်ငံတကာ လေဆိပ်မှာဆင်းဖို့ စီစဉ်ထားခဲ့ကြတာ ဖြစ်ပေမယ့်လည်း ထိုင်းအစိုးရက သူတို့ကို အနီးနားမှာရှိတဲ့ ထိုင်းရေတပ်ပိုင် U-Tapao လေဆိပ်မှာသာ ဆင်းခဲ့ရပါတယ်။ အဲဒီ လေယာဉ် ပျံပေးဆွဲစဉ်က လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းတွေ အပါအဝင် တဦးတယောက်မှ ထိခိုက် ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

လေယာဉ်ပျံ ပြန်ပေးဆွဲခဲ့ကြတဲ့ ရဲရင့်နဲ့ ရဲသီဟတို့ရဲ့ မြန်မာအစိုးရထံ တောင်းဆိုချက် (၇) ချက်ကို ထိုင်းအစိုးရရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုနဲ့ ညှိနှိုင်း ဆောင်ရွက်ခဲ့ပေမယ့် မြန်မာအစိုးရဘက်က လိုက်လျောပေးခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် သူတို့ လေယာဉ်ပျံ ပြန်ပေးဆွဲတဲ့အကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ အကျယ်တဝင့် ရေးသားဖော်ပြကြတဲ့အတွက် သူတို့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုကို ကမ္ဘာကသိအောင် လုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်က ထမြောက် အောင်မြင်တယ်လို့ ယူဆတဲ့အတွက် နောက်ပိုင်းမှာ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေအားလုံးကို ပြန်လွတ်ပေးခဲ့ကြပါတယ်။

ဒါပေမယ့် လေယာဉ်ပျံ ပြန်ပေးဆွဲခဲ့ကြတဲ့ ရဲရင့်နဲ့ ရဲသီဟတို့ ၂ ဦးကို ထိုင်းလေကြောင်းပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှုနဲ့ ထိုင်းတရားရုံးက ၁၉၉၀ ခုနှစ်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ် အပြစ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြစ်ဒဏ် ၃ နှစ်ပဲ ကျခံရပြီး ထိုင်းဘုရင်မကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ကြပါတယ်။

ထိုင်းအကျဉ်းထောင်က ပြန်လွတ်လာပြီးတဲ့နောက် ဘန်ကောက်မြို့မှာ တခြား ရဲဘော်တွေနဲ့ အတူ နေထိုင်ရင်းက ဘန်ကောက်မြို့မှာရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်အစိုးရရဲ့ USIA အစီအစဉ်နဲ့ အမေရိကန်နိုင်ငံကို သွားရောက် ပညာကြားခွင့်ရတဲ့အတွက် ၁၉၉၆ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့တာပါ။

ဒါပေမယ့် ကိုသန်းစိုးဟာ လေယာဉ်ပျံ ပြန်ပေးဆွဲခဲ့သူ တဦးဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုက သူ့ကို တရားဝင် နေထိုင်ခွင့် လက်မှတ် ထုတ်မပေးပဲ ၁၉၉၆ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်အကြား သူ့ကို ၂ ကြိမ်တိုင်တိုက် ဖမ်းဆီး အကျဉ်းချခဲ့ပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က 9/11 လို့ခေါ်တဲ့ အကြမ်းဖက်သမားတွေက နယူးယောက်မြို့က World Trade Tower ၂ ခုကို လေယာဉ်ပျံ ပြန်ပေးဆွဲပြီး အကြမ်းဖက် တိုက်ခိုက်ပြီးတဲ့နောက် ပြောင်းလဲလာတဲ့ အမေရိကန်အစိုးရရဲ့ ပေါ်လစီတွေအရ ကိုသန်းစိုးအပေါ်မှာလည်း အမေရိကန် အစိုးရဘက်က တင်းကြပ်မှုတွေ တိုးမြင့် ချမှတ်လာပါတယ်။

၂၀၀၂ ခုနှစ်မှာ ဒုတိယအကြိမ် အဖမ်းခံရပြီးတဲ့နောက် သူ့အနေနဲ့ အစိုးရထံမှာ အပတ်စဉ် လက်မှတ်သွားထိုးရတာ၊ ကိုယ်နေထိုင်တဲ့ ပြည်နယ်ကလွဲလို့ သူတို့ ခွင့်ပြုချက်မပါပဲ ခရီးထွက်ခွင့်မရှိတာတွေ ဖြစ်လာတာကြောင့် နောက်ဆုံး ကနေဒါနိုင်ငံကို ပြောင်းရွေ့ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ကိုသန်းစိုးက ပြောပါတယ်။

ကနေဒါနိုင်ငံရောက်တော့လည်း အမေရိကန်နိုင်ငံမှာတုန်းက နည်းတူ သူ့အနေနဲ့ တရားဝင် နေထိုင်ခွင့်မရပဲ နားလည်မှုနဲ့သာ နေခဲ့ရတာပါ။

တကယ်လို့များ ကနေဒါအစိုးရက မဖြစ်မနေ သူ့ကို အတင်းအကျပ် မြန်မာနိုင်ငံကို ပြန်ပို့ခဲ့မယ်ဆိုရင်တော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရနိုင်တယ်လို့ ကိုသန်းစိုးက ပြောပါတယ်။

“ကျနော့ဘက်က မှားရင်လည်းမှားမယ် ကျနေ်ာ့အမြင်ပြောရရင်တော့ အနည်းဆုံး သူတို့အနေနဲ့ကတော့ ကျနော့်ကို ဒီအတိုင်းလွှတ်ပေးလိုက်ဖို့ကတော့ မဖြစ်နိုင်ဘူး ၊ သူတို့ဆိုတာက ဒီလုံခြုံရေးနဲ့ ပတ်သက်ပြီး ကိုင်ထားတဲ့အစိုးရ အဖွဲ့အစည်းတွေပေါ့နော် အစိုးရဘက်က အနေအထားပေါ့နော်။ ပြန်ပို့မယ်ဆိုရင်တော့ ကျနော့်ကို လေယာဉ်ကွင်းမှာဖြစ်ဖြစ်ထိန်းသိမ်းမယ်။ ပြီးရင်မေးမယ် ကျနော်ဘယ်လိုမြင်သလဲ လက်ရှိအခြေအနေကို။ ကျနော်ကတော့ အဲဒီအချိန်ကျရင်တော့ ကျနော်မြင်တာကို ပွင့်ပွင့်လင်းလင်းပြောမှာပဲ၊ ပြောမယ်ဆိုတာက ဘယ်သူ့ကိုမှလည်း မုန်းလို့မဟုတ်ဘူး၊ တပ်မတော်ကိုလည်း မမုန်းပါဘူး။ မြန်မာနိုင်ငံအနာဂတ်က အခုသစ်ပင်ပေါက် အသီးစားလို့တော့ ဘယ်ဖြစ်မလဲ အချိန်တော့ကြာတာပေါ့နော် လုပ်စရာတွေကတော့ အများကြီးပေါ့နော် ဒီကြားထဲမှာ အမျိုးသားရင်ကြားစေ့ရေးအတွက် ပြန်ခေါ်လိုက် ၊ ဒီဘက်ကလူတွေလည်း ပြန်ချင်တဲ့လူတွေပြန် လုပ်နိုင်တဲ့သူတွေလည်း လုပ်ကြပေါ့ ဝိုင်းပြီးတော့ လုပ်ကြပေါ့။”

သူ့အနေနဲ့ကတော့ ၁၉၈၈ ခုနှစ် ထိုင်နယ်စပ်ကို တောခိုသွားခဲ့ကတည်းက နှစ်ပေါင်း ၃၀ နီးပါး ဘယ်နိုင်ငံမှာမှ တရားဝင် နေထိုင်ခွင့်မရခဲ့တဲ့ အတွက် လူသားတယောက်အနေနဲ့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တရားဝင် နေထိုင်ခွင့် ရချင်တယ်လို့ ပြောပါတယ်။

“ကျနော့်အနေနဲ့ကလည်း ၁၉၈၈ကစပြီးတော့ ဘယ်တိုင်းပြည်မှာမှ တရားဝင် နေထိုင်ခွင့်မရှိခဲ့ဘူး ဆိုတော့ မှတ်ပုံတင်ကတ်လေးတော့ ကျနော်လည်း တကယ်လိုချင်ပါတယ်။ထိုင်းနိုင်ငံပဲပေးပေး၊ မြန်မာပဲ ပေးပေး၊ အမေရိကန်ပြည်ထောင်စုပဲ ပေးပေး ၊ ကနေဒါက ပဲ ပေးပေး။ လက်ရှိကတော့ ကျနော်က ကနေဒါရောက်နေတာ့ ကနေဒါအစိုးရအနေနဲ့တော့ တရားဝင် နေထိုင်ခွင့်ပေးနိုင်တယ်ဆိုရင်တော့ ကိုယ့်ကိုလူသားတယောက်အဖြစ်နဲ့ ကျနော်တော်တော်ဝမ်းသာမိမှာပါ။”

ကိုသန်းစိုးကို ကနေဒါအစိုးရအနေနဲ့ မြန်မာနိုင်ငံကို ပြန်ပို့မယ်၊ မပို့ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ချပြီး မပြီးဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကလည်း ကနေဒါ အစိုးရအနေနဲ့ ကိုသန်းစိုးကို ပြန်မပို့ရေးအတွက် ကနေဒါ အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေထံ လက်မှတ်ထိုး တောင်းဆိုမှုတွေ လုပ်ဆောင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG