သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တက်သမားတို့ အဆင်းခရီး


ဧဝရတ်တောင်ထိပ်အထိ တက်နိုင်ခဲ့တဲ့ မြန်မာတောင်တက် သမားနှစ်ဦး။ သတင်းဓာတ်ပုံ- ထူးဖောင်ဒေးရှင်း။
ဧဝရတ်တောင်ထိပ်အထိ တက်နိုင်ခဲ့တဲ့ မြန်မာတောင်တက် သမားနှစ်ဦး။ သတင်းဓာတ်ပုံ- ထူးဖောင်ဒေးရှင်း။

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်ကို မြန်မာ တောင်တက်သမားတွေ ပထမဆုံး အကြိမ် ခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုတော့ မြန်မာ တောင်တက် သမားတွေ တောင်ခြေ ကို ပြန်ဆင်း လာနေကြပြီ ဖြစ်ပေမယ့် တောင်အောက်ခြေ စခန်းကို ရောက်ဖို့တော့ နောက်ထပ် ရက်အနည်းငယ် အချိန်ယူရမှာပါ။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ် တောင်ထိပ်ကို မြန်မာ တောင်တက်သမားတွေ ဘယ်လို အတားအဆီးတွေ ကျော်လွှားပြီး တက်ရောက်နိုင်ခဲ့ပါသလဲ ဆိုတာကိုတော့ လက်ရှိ ဧဝရတ် တောင်ရဲ့ အခြေစိုက် စခန်းမှာ ရှိနေတဲ့ ကိုညီညီအောင်ကို မသိင်္ဂ ီထိုက် ဆက်သွယ်ပြီး တင်ပြထားပါတယ်။

ကမ္ဘာ့ အမြင့်ဆုံး နီပေါလ်နိုင်ငံက ဧရဝတ် တောင်ထိပ်ကို မြန်မာ တောင်တက်သမား ၂ ဦးတို့ မေလ ၁၉ ရက်နေ့မှာ အောင်အောင်မြင်မြင် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဧဝရတ်တောင်တက် အဖွဲ့ဝင် တဦးဖြစ်ပြီး ကျန်းမာရေး အခြေအနေကြောင့် မီတာ ၅၃၀၀ အမြင့်က တောင်ခြေစခန်းမှာ ချန်နေခဲ့ရသူ ကိုညီညီအောင်က အခုလို ပြောပါတယ်။

"ဧဝရတ်တောင်ထိပ်ကို ဒီမနက် ၇နာရီ ၇ မိနစ်မှာ ကိုပြည့်ဖြိုးအောင် ရောက်ပါတယ်။ ပြီးတော့ မနက် ၇နာရီ ၁၇မိနစ်မှာ နောက် ဆယ်မိနစ်အကြာမှာ ကိုဝင်းကိုကိုက တောင်ထိပ်ကို ရောက်ပါတယ်။ တောင်ထိပ်ကိုရောက်သွားပြီဆိုတာ သိရတဲ့အတွက် ဘယ်လိုပြောရမလဲ ကျနော်တို့.. ကျနော့်အတွက်ပေါ့ ခရီးတဝက်အောင်မြင်သွားပြီပေါ့။ ခရီးတဝက်အောင်မြင်သွားပြီ ဆိုတာရယ် နောက်ပြီးတော့ သူတို့ပြန်အဆင်းပေါ့။ အောက်စီဂျင်အနေအထား စတာတွေအတွက် ကျနော် မေးစရာရှိတာ မေးပါတယ်။ ခြေချခဲ့ပြီးအနေအထားမှာ အချိန်မှီ Camp 4 ကို ပြန်ဆင်းလာခဲ့ဖို့။ ခံစားချက်ကတော့ ခုနက ပြောသလို ကျနော်တို့ အနှစ်နှစ် အလလ အိမ်မက်မက်ခဲ့တဲ့ မြန်မာနိုင်ငံတော် အလံတော်ကို ဧဝရတ်တောင်ထိပ်မှာ လွှင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ကျနော့် သူငယ်ချင်း နှစ်ယောက်က ဖြည့်ဆည်းနိုင်ခဲ့တဲ့ အတွက် တော်တော်လေး ပျော် ပါတယ်။ ကိုယ်ရောက်သလိုပဲပေါ့။"

ကိုပြည့်ဖြိုးအောင် နဲ့ ကိုဝင်းကိုကို တို့ မေလ ၂၃ ရက်နေ့လောက်မှာမှ တောင်ခြေ စခန်းကို ရောက်ရှိမယ်လို့ ခန့်မှန်းတဲ့ အကြောင်းလည်း ကိုညီညီအောင် က ပြောပါတယ်။

" ပြန်ဆင်းလာတယ်။ ပြန်ဆင်းလာပြီးတော့ နေ့လည် တစ်နာရီကျော်မှာ မီတာ ရှစ်ထောင်က တောင်ပေါ်စခန်း ၄ မှာ ဒီည သူတို့ အိပ်ပါတယ်။ လောလောဆယ် အစီအစဉ်ကတော့ ဒီည ၁၉ည က ကမ့် ၄ မှာ မနက်ဖြန် ကမ့် ၄ ကနေ ကမ့် ၂ကို ဆင်းမယ်။ ၂၀ရက်နေ့ ကမ့် ၂ မှာ အိပ်မယ်။ ၂၁ရက်နေ့ကျရင် ကမ့် ၂ကနေ Base Camp တောင်ခြေစခန်းကို ရောက်မယ်။ ၂၂ရက်နေ့ကိုတော့ ကျနော်တို့ တောင်တက် ပစ္စည်းတွေ သိမ်းဖို့ တရက်အချိန်ယူရမှာဖြစ်ပြီးတော့ ၂၃ရက်နေ့ဆိုရင်တော့ Kathmandu ကိုရောက်ပါမယ်။ နောက် Base Camp ဧဝရတ် တောင်ခြေစခန်း ကနေပြီးတော့ Kathmandu ကို ဟယ်လီကော်ပတာနဲ့ ပြန်မှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံကိုတော့ ဒီလကုန်ပိုင်းမှာ ပြန်လာနိုင်ဖို့လည်း မျှော်လင့်ထားတာပါ။ ဆီးနှင်းတွေ ဖုံးလွှမ်းပြီး အောက်စီဂျင် နည်းလှတဲ့ ဧဝရတ် တောင်ထိပ် ကို မြန်မာ တောင်တက်သမားတွေ ဘယ်လို ကျော်ဖြတ်ခဲ့ရပါသလဲ ဆိုတာကိုလည်း ကိုညီညီအောင်က အခုလို ပြောပါတယ်။

" မနေ့ညက တောင်ထိပ်တက်တဲ့အချိန်မှာ အခက်အခဲကတော့ ရာသီဥတုနဲ့ ညဘက်ကြီး တက်ရတဲ့အတွက် အနုတ် ၃၀ ဒီဂရီလောက်ဖြစ်နေတယ်။ အရမ်းချမ်းတယ်။ နောက်တခုက မီတာ ၈၀၀၀ အမြင့်ပေမှာ ဖြစ်တဲ့အတွက် ဒါက လေယာဉ်ပျံ ဂျက်လေယာဉ်တွေ ပျံတဲ့ အမြင့်ပေဖြစ်နေတယ်။ အဲ့တာကြောင့် လေထုထဲမှာ အောက်ဆီဂျင် ပါဝင်မှုနှုန်းက ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်။ အဲ့ဒီ့အနေအထားမျိုးမှာ ကိုယ့်အသက်ကိုတောင် မနည်းလုရှုနေရတဲ့ အနေအထားမျိုးမှာ ပြင်းထန်တဲ့ တောင်တက်လှုပ်ရှားမှုကို လုပ်ရတယ်ဆိုတော့ ပြီးတော့ ပေါ့ပေါ့ပါးပါးလည်း မဟုတ်ဘူး ကျောပိုးအိတ်ထဲမှာ အောက်ဆီဂျင်ဘူး အလေးကြီး၊ ရေဗူး စသည်ဖြင့် ထည့်ထားတာဆိုတော့ အခက်အခဲများစွာ ကြံ့ကြံ့ခံပြီးတော့ တက်ရတာပေါ့။ "

မြန်မာ နိုင်ငံက တောင်တက် ကလပ် တခု ဖြစ်တဲ့TCCM ( Technical Climbing Club of Myanmar) ရဲ့ တောင်တက် အဖွဲ့ထဲက ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနဲ့ ကိုညီညီအောင်တို့ ပြင်ဆင်ခဲ့ကြပေမယ့် ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ဘဲ တက်ရောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခု တောင်တက် ခရီးစဉ်ကတော့ Technical Climbing Club of Myanmar တောင်တက်ကလပ် အနေနဲ့ တက်ရောက်တာ ဖြစ်ပြီး ထူးကုမ္ပဏီက ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

တောင်တက်သမားတို့ရဲ့ အဆင်းခရီး
please wait

No media source currently available

0:00 0:04:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG