သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုသလဲ


တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား
တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား

အခု ၂၀၁၇ မတ်လ ၂၇ ရက်နေ့ဟာ ၇၂ ကြိမ်မြောက် တပ်မတော်နေ့ ဖြစ်ပါတယ်။ ဖက်ဆစ်ဂျပန်တွေကို စတင် တော်လှန်ခဲ့တဲ့ နေ့ကို အစွဲပြုပြီး ဒီနေ့ကို သတ်မှတ်ထားတာပါ။ ဒီနေ့ဟာ ထူးခြားပါတယ်။ ၁၉၆၂ ခုနှစ်က စပြီးရေတွက်ရင် ၅၅နှစ်တာ ကာလအတွင်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရသစ် လက်ထက်မှာ ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပတဲ့ တပ်မတော်နေ့ ဖြစ်နေလို့ပါပဲ။ အစိုးရသစ် တက်လာတဲ့ ၂၀၁၆ ခုနှစ် မတ်လကုန်ကနေ ရေတွက်ရင် တပ်မတော်နဲ့ အစိုးရသစ် လက်တွဲပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့တာလည်း တစ်နှစ်တာ အချိန်ကာလ ရောက်လာပါပြီ။ ဒီကာလ အတွင်း တပ်မတော် ဘယ်လိုရပ်တည်နေသလဲ၊ ဘယ်လို အတွေးအခေါ်တွေ ကိုင်စွဲထားသလဲ၊ ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်လာအောင် ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုမလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း တပ်မတော်ဟာ အရင် စစ်အာဏာရှင်တွေ ရေးဆွဲပေးသွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တစ်သီးတစ်ခြား တည်ရှိတဲ့ ပုံသဏ္ဍာန်နဲ့ ရပ်တည်နေတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် တစ်ဗိုလ်တစ်မင်း၊ တစ်ထီးတစ်နန်း ကိုယ့်ဖာသာကိုယ် လုပ်ချင်တာ လုပ်နေတယ် ဆိုတဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆိုရင် သူတာဝန်ယူတဲ့ ၆ နှစ်ဝန်းကျင် ကာလအတွင်း တပ်မတော်ပြုပြင်ပြောင်းလဲရေး၊ တပ်မတော် ပုံရိပ်ကောင်းလာစေရေး၊ ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်လာစေရေး ကိစ္စတွေမှာ တိုးတက်မှုရအောင် အများကြီး ဆောင်ရွက်ခဲ့ပြီလည်း ဖြစ်ပါတယ်။ တပ်မတော်အတွက် အလွန်အရေးကြီးတဲ့ ကာကွယ်ရေး အသုံးစားရိတ်လိုမျိုးဆိုရင် ရွေးကောက်ခံ လွှတ်တော်ထဲမှာတင်၊ လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူပြီးမှ သုံးစွဲပါတယ်။ ဘယ်နေရာတွေမှာ ဘယ်လို သုံးစွဲတယ် ဆိုတာကို ရွေးကောက်ခံ အမတ်တွေနဲ့ အစိုးရအဖွဲ့က စီစစ်ခွင့်မရှိတာက တစ်ပိုင်းပါ။ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ စစ်ဗိုလ်ချုပ်တွေက တာဝန်ယူထားပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်ပါတယ်။ အခြား ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ရွေးကောက်ခံ အင်န်အယ်လ်ဒီ အစိုးရနဲ့ ပူးပေါင်းအကောင်အထည် ဖော်နေတာမျိုးကိုလည်း တွေ့မြင်ကြရမှာပါ။

(၇၂) နှစ်မြောက် တပ်မတော်နေ့ အတွက် ဦးတည်ချက် ၄ ရပ် ထုတ်ပြန်ထားပြီး အဲဒီအထဲမှာ “ ပြည်သူလူထုက ရွေးချယ်သော ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျောက်လှမ်းနိုင်ရန် ထမ်းသိမ်းဆောင်ရွက်ရေး တို့အား တပ်မတော်ဇ။် ရပ်တည်ချက်အဖြစ် မြဲမြံစွာ ခံယူလုပ်ဆောင်ရေး” ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအချက်ဟာ အရင် စစ်အာဏာရှင်ခေတ်လိုမျိုးကို ပြန်မသွားဘူး၊ နောက်ကြောင်းပြန်မလှည့်ဘူး လို့ အဓိပ္ပါယ်ကောက်ယူနိုင်ရင် အတော့်ကို ကောင်းမွန်တဲ့ ရပ်တည်ချက်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ တပ်မတော်ရဲ့ အနေအထားဟာ ဒီမိုကရေစီနိုင်ငံ၊ ဖွံဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေက တပ်မတော်တွေရဲ့ အနေအထားနဲ့ မတူသေးတာမို့ အဲဒီနိုင်ငံတွေရဲ့ စံချိန်စံညွှန်းတွေ ပြည့်မီအောင်၊ နိုင်ငံတကာနဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လေးစားရလောက်တဲ့၊ တကယ့်ကို ပရော်ဖက်ရှင်နယ် တပ်မတော်ကောင်း ပီပီပြင်ပြင် ဖြစ်လာအောင် ကြိုးစားတည်ဆောက်ရဦးမှာပဲ ဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ ကာကွယ်ရေး စွမ်းရည်ဖြစ်ပါတယ်။ တပ်မတော်တစ်ရပ်ရဲ့ အဓိက စွမ်းရည်ဟာ တိုက်ရည်ခိုက်ရည် ပြည့်ဝတာ ကာကွယ်ရေး စွမ်းရည် ပြည့်၀ တာပဲ ဖြစ်ပါတယ်။ လတ်တလော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တိုက်သင့်တယ်၊ မတိုက်သင့်ဘူး ငြင်းခုံဆွေးနွေးခြင်း မပြုလိုပေမယ့် တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကိုတော့ ကျေနပ်အားရစရာ သိပ်မရှိလှသေးပါဘူး။ အကြောင်းရင်းကို ရှာရင် တပ်မှူးတပ်သားတွေ တပ်မတော်ထဲ ဝင်ရောက်လာအောင် စည်းရုံးရာမှာ အရင် ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းကလို တိုင်းပြည်ကာကွယ်ဖို့၊ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် ကာကွယ်ဖို့ ဆိုတဲ့ ရိုးရှင်းတဲ့ အဓိက ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ဆွဲဆောင်တဲ့ အနေအထား မဟုတ်ခဲ့တော့တာကနေ စပါတယ်။ လက်ရှိ တပ်မတော်သားတွေ လုပ်နေတဲ့ များမြောင်လှတဲ့ တာဝန်တွေထဲမှာ တိုက်ခိုက်ရေး၊ ကာကွယ်ရေး ဆိုတာက ကဏ္ဍတွေ အများကြီးထဲကမှ တစ်ခု ဖြစ်နေလို့ပါပဲ။

တပ်မတော် တိုက်ရည်ခိုက်ရည် ကောင်းလာဖို့၊ ကာကွယ်ရေး စွမ်းရည် မြင့်တက်လာအောင် အကောင်အထည်ဖော်ဖို့ ဆိုရင် တပ်မတော်ထဲ စည်းရုံးသွင်းသွင်းတဲ့ မူဝါဒတွေ ပြောင်းလဲတာ၊ တပ်မတော်က လုပ်ကိုင်နေတဲ့ အခြား နိုင်ငံရေးဘက် ဆိုင်ရာ၊ စီးပွားရေးဘက်ဆိုင်ရာ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ကိစ္စဝိစ္စတွေကို လျော့ချသွားဖို့လည်း လိုအပ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်က ကျင်းပခဲ့တဲ့ တပ်မတော်ရဲ့ လေးလပတ် တပ်မှူးကြီးတွေ အစည်းအဝေးမှာ တပ်မတော်ဘက်က လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိစ္စ အများကြီး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီမှာ သစ်မှောင်ခို ဖမ်းဆီးတာတွေ၊ ကျောက်စိမ်းမှောင်ခို ဖမ်းဆီးတာတွေ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ပါဝင်ရမယ် ဆိုတဲ့ ကိစ္စတွေ၊ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်ရမယ် ဆိုတဲ့ ကိစ္စတွေ စသဖြင့် အများကြီး ပါနေတာ တွေ့ရပါတယ်။ တကယ်တော့ အဲလို ကိစ္စမျိုးတွေနဲ့ ပတ်သက်ရင် တပ်မတော်ဟာ လက်နက်ကိုင် သူပုန်တွေရှိတဲ့၊ လုံခြုံရေးအရ စိတ်မချရတဲ့ နေရာမျိုးက ကိစ္စတွေလောက်မှာပဲ ကိုင်တွယ်သင့်ပြီး ကျန် နေရာဒေသတွေမှာတော့ သက်ဆိုင်ရာ ပြည်ထဲရေးလို၊ ရဲတပ်ဖွဲ့လို၊ ဝန်ကြီးဌာန အသီးသီးလိုမျိုးက လုပ်နိုင်ကိုင်နိုင်အောင် အကူအညီပေးတာမျိုးလောက်ပဲ ပါဝင်သင့်ပါတယ်။

တပ်မတော် အတွက် နောက်ထပ် အရေးကြီး လုပ်ဖို့လိုတာ တစ်ခုက အရင် စစ်အာဏာရှင်တွေ တည်ဆောက်သွားခဲ့တဲ့ ဗမာစစ်တပ်ဆန်ဆန် ပုံစံမျိုးကနေ တကယ့်ကို ပြည်ထောင်စု တပ်မတော် တစ်ရပ် ပီပီပြင်ပြင် ဖြစ်လာအောင် စနစ်တကျ စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ဖို့ပဲ ဖြစ်ပါတယ်။ အရင် စစ်အာဏာရှင်တွေဟာ မြန်မာ့တပ်မတော် အရာရှိ အဆင့်တွေမှာ တိုင်းရင်းသားတွေကို ထည့်သွင်းခြင်းအားဖြင့် တစ်နေ့နေ့ ယူဂိုဆလားဗီးယား နိုင်ငံလို ပုန်ကန်မှုတွေနဲ့ ပြိုကွဲသွားနိုင်တယ် ဆိုတဲ့ လွဲမှားတဲ့ အယူအဆ ကိုင်စွဲပြီး တပ်မတော်ကို တည်ဆောက်ခဲ့တာပါ။ ဒါကြောင့် ပြည်ထောင်စု တပ်မတော် ဖြစ်မလာပဲ ဗမာစစ်တပ်ပုံစံလို ဖြစ်လာပြီး အခြား တိုင်းရင်းသားတွေ အားလုံးလိုလိုလောက်ဟာလည်း ပုန်ကန်ခြားနားတဲ့ တပ်ဖွဲ့တွေ ထူထောင်တဲ့ အခြေအနေမျိုး ဆိုက်ရောက်သွားတာပါ။

တစ်ပြိုင်နက်တည်းမှာပဲ နောက်ထပ် ပြင်ဆင်ထားဖို့ လိုအပ်တာက လက်ရှိ အင်အား တစ်သိန်းနီးပါး ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ပြည်ထောင်စု တပ်မတော်ထဲ ဘယ်နည်းဘယ်ပုံ ထည့်သွင်းမလဲ ဆိုတာပါ။ ဒါတွေကို အချိန်ယူ ပြင်ဆင်ဖို့အတွက် တပ်မတော် ခေါင်းဆောင်တွေဟာ အခြား တပ်မတော်ရေးရာနဲ့ မပတ်သက်တဲ့ လုပ်ငန်းတာဝန်တွေ လုပ်ကိုင်နေရာကနေ တဆင့်ပြီး တစ်ဆင့် လျော့ချသွားသင့်ပါတယ်။

အားလုံးကိုခြုံငုံသုံးသပ်လိုက်ရင် လက်ရှိ တပ်မတော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပါ အချက်တွေအရ တစ်သီးတစ်သန့် ရှိနေတဲ့ အနေအထားမျိုးကနေ နောင် တကယ့် ပရော်ဖက်ရှင်နယ် တပ်မတော် ပီပီပြင်ပြင်ဖြစ်လာအောင် ဘယ်အချိန် ဘာတွေ အကောင်အထည်ဖော်မလဲ ဆိုတာ မဟာဗျူဟာ၊ နည်းဗျူဟာ ချမှတ်ထားသင့်ပါတယ်။ အင်အားတောင့်တင်းတဲ့ ပြည်ထောင်စု တပ်မတော်တစ်ရပ် ပီပီပြင်ပြင် ဖြစ်လာဖို့ ဆိုရင် တပ်မတော်ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ခံယူချက်ပိုင်းဆိုင်ရာတွေကို ပြောင်းလဲဖို့ လိုအပ်ရုံတင်မက ကာကွယ်ရေး အသုံးစားရိတ်ကိုလည်း အခုထက်ပို အများကြီး သုံးစွဲဖို့ လိုပါလိမ့်မယ်။ ဒီအတွက် တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်မှ ဖြစ်မှာမို့၊ ရွေးကောက်ခံ အစိုးရ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်နိုင်အောင်၊ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ချောချောမွေ့မွေ့ လုပ်ကိုင်နိုင်အောင် အစွမ်းကုန် အကူအညီ ပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG