သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားစမ်းသပ်မှု တားမြစ်ရေးစာချုပ် မြန်မာအတည်ပြု


ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် CTBT စည်းဝေးပွဲ တက်ရောက်နေစဉ်။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် CTBT စည်းဝေးပွဲ တက်ရောက်နေစဉ်။

နျူကလီယား စမ်းသပ်မှု တားမြစ်ခြင်း ဆိုင်ရာ ပြီးပြည့်စုံတဲ့ သဘောတူညီချက် CTBT အတွက် မြန်မာနိုင်ငံက အတည်ပြုချက်ကို တင်သွင်းတော့မှာ ဖြစ်ကြောင်း မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က စက်တင်ဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂမှာ ကျင်းပတဲ့ CTBT မိတ်ဆွေနိုင်ငံများ နှစ်ပါတ်လည် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

“ကာလကြာရှည်စွာ စောင့်ဆိုင်းခဲ့ရတဲ့ CTBT သဘောတူညီချက်မှာ ပါဝင်ရေးထိုးနိုင်ဖို့ မြန်မာနိုင်ငံတွင်းမှာ လုပ်ဆောင်ရမယ့် အတည်ပြုချက်ကို ပြီးစီးအောင် လုပ်နိုင်ပြီ ဖြစ်ကြောင်း အခု သြဂုတ်လ အစည်းအဝေးမှာ ဝမ်းမြောက် ဝမ်းသာစွာနဲ့ တင်ပြအပ်ပါတယ်။ ဒါ့အပြင် ဒီနေ့ နေ့လည်မှာပဲ ဒီအတည်ပြုချက်ကို တင်သွင်းမှာ ဖြစ်ပါတယ်။ အခုလို အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုဟာ ဒီအရေးပါတဲ့ သဘောတူညီချက် ဖြစ်တဲ့ နျူကလီယား လက်နက် မပြန့်ပွါးရေးနဲ့ နျူကလီယား လက်နက် ဖျက်သိမ်းရေးအတွက် မြန်မာ အစိုးရသစ်ရဲ့ ထောက်ခံ ပံ့ပိုးကြောင်းကို ပြသလိုက်တာ ဖြစ်ပါတယ်။“

ဒီနှစ်ဟာ ဘယ် နျူကလီယားဖေါက်ခွဲမှု မျိုးကိုမဆို ဘယ်နိုင်ငံကမှ၊ ဘယ်နေရာမှာမှ မပြုလုပ်ဖို့ နျူကလီယား စမ်းသပ်မှု တားမြစ်ခြင်းဆိုင်ရာ ပြီးပြည့်စုံတဲ့ သဘောတူညီချက် CTBT ချမှတ်ခဲ့တဲ့ နှစ် ၂၀ ပြည့်တဲ့ နှစ်ဖြစ်ပြီး ဒီအရေးပါတဲ့ သဘောတူညီမှု စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ မြန်မာနိုင်ငံ နှစ် ၂၀ လောက် နောက်ကျခဲ့ရတာအတွက် ဝမ်းနဲကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အရင်အစိုးရအဆက်ဆက် လက်ထက်မှာ မပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခု အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ လုပ်နေပြီ ဖြစ်ကြောင်းနဲ့ အခု အရပ်သား အစိုးရသစ်က ဦးဆောင်နေတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံမှုတွေ တတ်နိုင်သမျှ တိုးလုပ်နေပြီး အရေးပါတဲ့ နိုင်ငံတကာ ဆောင်ရွက်မှုတွေမှာ ပါဝင်နိုင်ဖို့ ပြန်လှန် သုံးသပ်နေတယ်လို့လည်း ပြောပါတယ်။

ပြည်တွင်းမှာ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးရေးကို အဓိက လုပ်ဆောင်နေရာမှာ လက်နက်ဖျက်သိမ်းရေးကို မျက်ခြေမပြတ်စေပဲ BWC ဇီဝလက်နက်နဲ့ CWC ဓါတုလက်နက် မသုံးစွဲရေး ဆိုင်ရာတွေကိုပါ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ကျိုးစားနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၉၆ ခုနှစ်မှာ CTBT ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူညီခဲ့တာဖြစ်ပြီး အခုမှ အတည်ပြုချက် တင်သွင်းတဲ့ အဆင့်ကို ရောက်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG