သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒဏ်ခတ်မှု ရုပ်သိမ်းပေးမှု မြန်မာစီးပွါးရေးအသိုင်းအဝိုင်း ကြိုဆို


ဆောက်လုပ်ရေးလုပ်သားတဦးကို သီလဝါအထူးစီးပွားရေးဇုံ တွင်တွေ့ရစဉ် ( မေလ၊ ၂၀၁၅)
ဆောက်လုပ်ရေးလုပ်သားတဦးကို သီလဝါအထူးစီးပွားရေးဇုံ တွင်တွေ့ရစဉ် ( မေလ၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ကုန်သွယ်ရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အပေါ်မှာ မြန်မာနိုင်ငံတွင်းက စီးပွားရေးပညာရှင်တွေ နဲ့ စီးပွားရေးသမားတွေက ကြိုဆိုလိုက်ပါတယ်။ အခုလို ဒဏ်ခတ်ပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်တာကြောင့် နိုင်ငံတကာကုန်သွယ်ရေးမှာ အဓိကအတားအဆီးတွေကို ဖယ်ရှားနိုင်မှာဖြစ်ပြီး၊ နိုင်ငံစီးပွားရေးကိုလည်း ကြီးထွားဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် အဂတိလိုက်စားမှု၊ မြေယာသိမ်းဆည်းမှု၊ တရားမဝင်သစ်ခုတ်မှု နဲ့ မူးယစ်ကုန်ကူးမှုတွေနဲ့ ပတ်သက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံနေရတဲ့ ခရိုနီစီးပွားရေးသမားတွေ ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နည်းမှန်လမ်းမှန်လုပ်လာဖို့ NLD အစိုးရမှာပိုပြီး တာဝန်ဖြစ်သွားစေတယ်လို့ နိုင်ငံရေးအကဲခတ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Paul Vrieze သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေပြီးတဲ့နောက်မှာတော့ သမ္မတရဲ့အမိန့်နဲ့ ထုတ်ပြန်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မကြာခင်မှာ ရုတ်သိမ်းသွားမယ်လို့ သမ္မတအိုဘားမားက ကြေညာခဲ့ပါတယ်။ အခုလို ရုပ်သိမ်းလိုက်တာကြောင့် အရင်စစ်အစိုးရနဲ့ ဆက်နွယ်နေတဲ့သူတွေ၊ စီးပွားရေးသမားတွေ နဲ့ ကုမ္ပဏီ ၁၀၀ ကျော်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အမည်မည်းစာရင်းထဲကနေ ပယ်ဖျက်ပေးသွားမှာဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်း နဲ့ ကျောက်မျက်လုပ်ငန်းအပေါ် ကန့်သတ်ထားတာ တွေကို ဖယ်ရှားပေးလိုက်မှာဖြစ်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေတွေက မြန်ာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အဟန့်အတားဖြစ်စေသလို၊ မြန်မာနိုင်ငံအနေနဲ့လည်း အမေရိကန်နိုင်ငံကို ကုန်ပစ္စည်းတွေ မတင်ပို့နိုင်ပါဘူး။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းလည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးပွင့်ဆန်းကတော့

“တကယ်လို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအားလုံးရုပ်သိမ်းလိုက်ပြီးဆိုရင် ကျနော်တိုရဲ့စီးပွားရေးလုပ်ငန်းတွေ ပိုပြီးတော့လွတ်လွတ်လပ်လပ် လုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့အနေနဲ့ ပြည်ပကို ကုန်ပစ္စည်းတွေ ထိထိရောက်ရောက်တင်ပို့နိုင်မှာဖြစ်သလို၊ အမေရိကန်ကုမ္ပဏီတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်မှာဖြစ်ပါတယ်။”

ဒါ့အပြင် ပြည်ပကို ကုန်ပစ္စည်းတင်ပို့သူတွေအနေနဲ့ အမေရိကန်ဈေးကွက်တွေကို တင်ပို့နိုင်မှာဖြစ်သလို၊ နိုင်ငံတကာငွေကြေးဝန်ဆောင် လုပ်ငန်းတွေကို အသုံးပြုဖို့ကြိုးစားနေတဲ့ မြန်မာစီးပွားရေးသမားတွေရဲ့ အခက်အခဲတွေလည်း အဆုံးသတ်နိုင်မှာဖြစ်တယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စီးပွားရေးပညာရှင် ဦးမောင်မောင်က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော်တန်ဖိုးရှိတဲ့ အထည်ချုပ်လုပ်ငန်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာနိုင်တယ်လို့ သူကပြောပါတယ်။

“အထည်ချုပ်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ်ဆိုရင်၊ ကျနော်တို့ အလုပ်အကိုင်တွေ အတော်များများဖန်တီးနိုင်မှာဖြစ်ပါ။ ဒီလုပ်ငန်းက အလျှင်အမြန်ကြီးထွားလာနေပါတယ်။ ဒါပေမယ့် အမေရိကန်ကို ပြည်ပတင်ပို့မှုက ဒဏ်ခတ်ပိတ်ဆို့မှုမတိုင်ခင် ၆၅ ရာခိုင်နှုန်းရှိရာက အခုအခါမှာတော့ ၁၀ ရာခိုင်နှုန်းပဲရှိပါသေးတယ်။”

သြစတြေးလျနိုင်ငံ၊ မကွာရီတက္ကသိုလ်က စီးပွားရေးပါမောက္ခ Sean Turnell ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းလိုက်တဲ့အတွက် စံချိန်စံနှုန်းမြင့်မားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာအောင် နောက်ထပ်အမေရိကန်ကုမ္ပဏီတွေကို လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီအချက်ကြောင့် ကောင်းမွန်တဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးလာမယ်လို့ မျှော်လင့်ရပြီး၊ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်တော့၊ စီးပွားရေးမူဘောင်အပြောင်းအလဲတွေ ကို ကျယ်ကျယ်ပြန့်ပြန် လုပ်သွားဖို့လိုအပ်ပြီး၊ အဲဒီလိုဖြစ်လာဖို့အတွက် စီးပွားရေးမူဝါဒကောင်းတွေလိုအပ်တယ်လို့ သူကဗွီအိုအေကို အီးမေးလ်နဲ့ ပြောထားပါတယ်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအရတော့ မကြာသေးခင်နှစ်တွေကစလို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချလာခဲ့တာဖြစ်ပေမယ့် အမေရိကန်-မြန်မာကုန်သွယ်ရေးဟာ မနှစ်ကတော့ အမေရိကန်ဒေါ်လာ ၂၂၅ သန်းပဲရှိခဲ့ပါတယ်။ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၉.၄ ဘီလီယံရှိတဲ့အထဲမှာ အမေရိကန်က ဝ.၂ ရာခိုင်နှုန်းပဲရှိပြီး၊ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယားတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မြင့်တက်လာနေသလို၊ တရုတ်နိုင်ငံကတော့ အချိန်အတော်ကြာကတည်းက အများဆုံးရင်းနှီးမြှုပ်နှံလာခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို ထောက်ခံတဲ့အနေနဲ့ မြန်မာစစ်တပ်နဲ့ သူနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖိအားပေးဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လုပ်ခဲ့တာပါ။ ဒါပေမယ့် NLD အစိုးရကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တဲ့အတွက် နိုင်ငံတဝှမ်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်ပေါ်လာစေပြီး၊ အသွင်ကူးပြောင်းရေးကို အထောက်အကူဖြစ်စေမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ ဒီဆုံးဖြတ်ချက်အပေါ်မှာ ဝေဖန်လိုက်ပြီး၊ ပြုပြင်ပြောင်းလဲရေးတွေ မပြီးသေးတဲ့အချိန်မှာ အခုလိုလုပ်လိုက်တဲ့အတွက် စစ်တပ်အပေါ်မှာ နိုင်ငံရေးအရ ဖိအားတွေကို ဖယ်ရှားပေးလိုက်သလိုဖြစ်သွားတယ်လို့ ပြောလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းကတော့ - ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်တဲ့အတွက် ခရိုနီစီးပွားရေးသမားကြီးတွေကို အကြီးအကျယ်အကျိုးအမြတ်ရစေမှာဖြစ်ပြီး၊ စီးပွားရေးအပေါ် အဲဒီလူတွေရဲ့ ထိန်းချုပ်မှုတွေကို ကန့်သတ်နိုင်အောင် NLD အနေနဲ့ မဟာဗျူဟာတွေချမှတ်သင့်ကြောင်း၊ ဒါပေမယ့် လုပ်ဖို့ခက်ခဲနိုင်တယ်လို့ ပြောပါတယ်။

“ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးရုပ်သိမ်းလောက်တဲ့အထိ မြန်မာနိုင်ငံက အဆင်သင့်မဖြစ်သေးပါဘူး။ ခရိုနီစီးပွားရေးလုပ်ငန်းတွေ အရမ်းများတာကြောင့်၊ ပိတ်ဆို့ရုတ်သိမ်းလိုက်တဲ့အတွက် ခရိုနီတွေကိုပဲ အကျိုးအမြတ်ဖြစ်စေမှာပါ။”

NLD ရဲ့ စီးပွားရေးအကြံပေးလည်းဖြစ်တဲ့ ပါမောက္ခ Sean Turnell က လည်း အစိုးရအနေနဲ့ ဒီစိန်ခေါ်မှုတွေကို ပြည့်မှီနိုင်ဖို့လိုတယ်လို့လည်း ပြောလိုက်ပါတယ်။

လန်ဒန်အခြေစိုက် သယံဇာတ အဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ကြီးကတော့ ကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေရုတ်သိမ်းလိုက်တဲ့အတွက် မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့အရာတခုကို ဆုံးရှုံးသွားနိုင်တယ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကတော့ အစိုးရသစ်က ကျောက်စိမ်းတူးဖော်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေသစ်ကို အတည်မပြုသေးမချင်း တူးဖော်ခွင့်တွေကို တရားဝင်ဆိုင်းငံ့ထားပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လုံးဝရုပ်သိမ်းလိုက်မယ့်အစား၊ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ၊ ပွင့်လင်းမြင်သာမှုတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့စံနှုန်းတွေအတိုင်းဖြစ်မှာသာ ရုတ်သိမ်းသင့်တယ်လို့ Global Witness အဖွဲ့ကက အကြီးတန်းတာဝန်ရှိသူတဦး Juman Kubba က ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG