သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဝတ်စုံနဲ့စစ်ထောက်ခံဆန္ဒပြမှုအပေါ် ဝေဖန်မှုတိုး


 မြန်မာ့တပ်မတော်နဲ့ စစ်ထောက်ခံရေးဆန္ဒပြနေစဉ်
မြန်မာ့တပ်မတော်နဲ့ စစ်ထောက်ခံရေးဆန္ဒပြနေစဉ်

လွန်ခဲ့တဲ့သီတင်းနှစ်ပတ်လောက်က မြန်မာ့တပ်မတော်နဲ့ စစ်ထောက်ခံရေးဆန္ဒပြတရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ရာမှာ တိုင်းရင်းသားဝတ်စုံတွေနဲ့ပါ ဝတ်ဆင်ဆန္ဒပြကြတဲ့အပေါ် တိုင်းရင်းသားအဖွဲ့အစည်းအချို့က ကန့်ကွက်မှုတွေ ရှိနေပါတယ်။ ဒါဟာ တိုင်းရင်းသားလူမှုအသိုင်းအဝိုင်းကို ကိုယ်စားပြုတဲ့ ဆန္ဒပြမှုမဟုတ်ဘူးလို့ ကန့်ကွက်တဲ့အဖွဲ့အစည်းတွေက ပြောကြပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုကောင်းစံ ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် တပ်မတော်အနေနဲ့ ထိုးစစ်ဆင် စစ်ဆင်ရေးကို အောင်မြင်မှုရရှိရေး နဲ့ အဲဒီစစ်ပွဲတွေကို ထောက်ခံကြိုဆိုတဲ့ ဆန္ဒပြပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၈ရက်က ရန်ကုန်မြို့မှာကျင်းပရာမှာ ဆန္ဒပြသူအချို့က တိုင်းရင်းသားဝတ်စုံတွေကို ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

ထောက်ခံဆန္ဒပြတဲ့နေ့မှာဘဲ ကချင်လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KYO(KACHIN YOUTH ORGANIZATIO)က ဥက္ကဌ ဦးဇော်ဘာကတော့ ထောက်ခံဆန္ဒပြပွဲကို ကန့်ကွက်တဲ့ သဘောထားထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီဇင်ဘာ ၁၈ ရက်နေ့ည သန်းခေါင်လောက်မှာ တခါတည်းအစည်းအဝေးခေါ်ပြီးတော့ တခါတည်းထုတ်ပြန်ရခြင်းဖြစ်တယ်။ အဲဒီ တိုင်းရင်းသားအချင်းချင်းကြားထဲမှာပဲ၊ ထားပါတော့ ရှမ်းတို့ ရခိုင်တို့ မွန်တို့အမျိုးမျိုးပေါ့နော်၊ အချင်းချင်းကြားထဲမှာရော သဘောထားအမြင်တွေ ကွဲလွဲသွားစေနိုင်တဲ့ အမြင်မျိုးပုံဆောင်တဲ့ ကျနော်တို့ တိုင်းရင်းသားဝတ်စုံတွေဝတ်ပြီး အဲဒီထောက်ခံပွဲထဲမှာ ပါဝင်တာ ဒါကို ကျနော်တို့ လုံး၀ ကန့်ကွက်ပါတယ်။ ဒါက တဖက်က ပြောမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေကို လုံး၀ စော်ကားလိုက်တာပဲ အဲဒီအတွက်ကြောင့် ကျနော်တို့ ထုတ်ပြန်ချက်ကို အမြန်ဆုံးထုတ်ပြန်ရခြင်းဖြစ်တယ်။”

အလားတူဘဲ မွန်တိုင်းရင်သားအဖွဲ့အစည်း ၁၈ဖွဲ့က ဆန္ဒပြရာမှာ မွန်တိုင်းရင်းသားဝတ်စုံတွေနဲ့ ဆန္ဒပြမှုအပေါ် သဘောထားထုတ်ပြန်ချက်ကို ဒီဇင်ဘာ၂၅ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။အဲဒီထုတ်ပြန်ချက်မှာတော့ ဆန္ဒပြပွဲမှာ မွန်တိုင်းရင်းသ ား အပါအဝင် အခြားတိုင်းရင်းသားရိုးရာဝတ်စုံတွေနဲ့ တိုင်းရင်းသားအမည်လက်ကိုင်ဆိုင်းဘုတ်တွေ ကိုင်ဆိုင်ပြီး ထောက်ခ့ဆန္ဒပြတာဟာ မွန်လူမှုအသိုင်းအဝိုင်းမှ သိရှိသူများ မဟုတ်သလို မွန်လူမှုအဖွဲ့အစည်းတွေကစေလွှတ်ထားသူများလည်း မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။မွန်အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်က ကိုမင်းအောင်ထူးကတော့ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်ကိုအခုလိုပြောပါတယ်။

“တိုင်းရင်းသားတွေကို ရည်ရွယ်ပြီးလုပ်နေတာမျိုးတွေက အဆင်မပြေဘူးလေ အဲဒါတချက်၊ နောက်ပြီးတော့ ထိုးစစ်တွေ တိုင်းပြည်မှာဖြစ်နေတဲ့ စစ်ပွဲတွေက ကျနော်တို့က လက်ရှိငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူ့ကို ထောက်ခံတယ်ဆိုတာမျိုးက ကျနေ်ာတို့ တဘက်ကိုပြောတဲ့အခါမှာ ဒီအချိန်မှာ Fair မဖြစ်နေဘူးဆိုတာကိုမြင်တယ်ပေါ့နော်၊ အဓိကက အဲဒါကြောင့်ပါ။”

ဒီဇင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မှာ့ ပြုလုပ်တဲ့ မြန်မာ့တပ်မတော်နဲ့ တရားသောစစ်အောင်မြင်စေကြောင်း ထောက်ခံဆန္ဒပြပွဲမှာ ပါဝင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဦးတင့်လွင်ကတော့ ဘယ်လိုဘဲ တိုင်းရင်းသားအဖွဲ့တွေက ဆန္ဒပြထောက်ခံမှုအပေါ် ကန့်ကွက်နေပေမယ့် ဂရုစိုက်သွားမှာမဟုတ်ဖူးလို့ တုံ့ပြန်သွားပါတယ်။

“တိုင်းရင်းသားဝတ်စုံဆိုတာက ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီတိုင်းရင်းသားတွေက ကချင်၊ ကရင်၊ ရှမ်း၊ မွန်ဆိုပြီးတော့ ရှိနေကြတာပဲ၊ ရှိနေတဲ့အပေါ်မှာ မွန်မှာလည်း မြန်မာ ဝတ်စုံဝတ်နေကြတာပဲ။ ရှမ်းမှာလည်း မြန်မာဝတ်စုံဝတ်နေတာပဲ၊ မြန်မာစကားပြောနေတာပဲ၊ မြန်မာဘာသာသုံးနေတာပဲ။ ဒါကို ကိုယ့်တိုင်းရင်းသားတွေဆိုပြီးတော့ အားလုံးက တညီတညွတ်ထဲနဲ့ နေဖို့ပဲလိုတယ်။ အခုသူတို့က ပြောနေကြတယ်ဆိုတာကတော့ အန်ကယ်အနေနဲ့ မြင်တာကတော့ အဖျက်သဘောနဲ့ ဝင်ပြီးပြောနေတယ်လို့ပဲမြင်တယ်။ တကယ့် တိုင်းရင်းသားစစ်စစ်တွေက ပြောတယ်လို့ အန်ကယ်မမြင်ဘူး ဒါအမှန်အတိုင်းပြောမယ်ဆိုရင်လေ။ နောက်တခုက တိုင်းရင်းသားခေါင်းဆောင်ပိုင်းကလည်း မဟုတ်ဘူးလို့ အန်ကယ်တို့ ယုံကြည်တယ်။ ဒါကြောင့် အန်ကယ်တို့ စနိုးစနှောင့်ဖြစ်ပြီး ဝင်ပြောနေတယ်လို့ မြင်တယ်။ ပြောမယ်ဆိုရင် အန်ကယ်တို့က ထည့်တောင်မစဉ်းစားတော့ဘူး ဒီကိစ္စတွေက။”

ဒီဇင်ဘာ၁၈ရက်နေ့က ရန်ကုန်မှာပြုလုပ်တဲ့ တပ်မတော်ကို ထောက်ခံဆန္ဒပြပွဲမှာတော့ သံဃာတော်များ၊စစ်မှုထမ်းဟောင်းတွေ၊အမျိုးသားရေးလှုပ်ရှားသူတွေပါဝင်ခဲ့ပီး အလားတူ ထောက်ခံပွဲတွေကိုတော့ အခြားမြို့နယ်တွေမှာလည်း ကျင်းပခဲ့ပါတယ်။ စစ်ဆန့်ကျင်ရေးနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကတော့ စစ်ပွဲထောက်ခံတဲ့ ဒီဆန္ဒပြပွဲကို အပြင်းအထန်ဝေဖန်တုန့်ပြန်မှုတွေ ရှိနေပြီး၊ ဒါဟာ အစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်တယ်လို့ ဝေဖန်ကြတာပါ။ တပ်မတော်ကို ထောက်ခံပြီး၊ တပ်မတော်က ဆင်နွဲနေတဲ့ စစ်ပွဲတွေကို ထောက်ခဲ့တဲ့ အဲဒီဆန္ဒပြမှုဟာ မြန်မာ့နိုငငံရေးမှာတော့ ရှားရှားပါးပါးဖြစ်ရပ်ဖြစ်ပြီး၊ NLD အစိုးရလက်ထက် ပထမဆုံး စစ်ထောက်ခံမှု ဆန္ဒပြမှုပွဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG