သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အတက်နေ့ ရန်ကုန်နဲ့ မန္တလေး မြင်ကွင်း


သင်္ကြန်အတက်နေ့ ရန်ကုန် မြင်ကွင်း
သင်္ကြန်အတက်နေ့ ရန်ကုန် မြင်ကွင်း

မဟာသင်္ကြန်နောက်ဆုံးရက် ဒီကနေ့မှာတော့ မိုးရွာသွန်းတဲ့ကြားကပဲ ရန်ကုန်မြို့ နေရာတချို့မှာ လူတွေ ရေကစားကြသလို၊ မန္တလေးမြို့က လမ်းလျှောက်သင်္ကြန် မှာလည်း အတော်စည်းကားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ ဒီနှစ် သင်္ကြန်မှာတော့ အနည်းဆုံးလူ ၁၄ ဦးသေဆုံးခဲ့ပြီး ရာနဲ့ချီ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

သင်္ကြန်အတွင်း မုန်တိုင်းဝင်နိုင်တယ်လို့ သတိပေးထားတဲ့အတိုင်း သင်္ကြန်အတက်နေ့ ဒီနေ့မှာတော့ ရန်ကုန်မြို့မှာ မိုးအတော် ရွာသွန်းခဲ့ပြီး ရန်ကုန်မြို့တော်ခန်းမ မဏ္ဍပ်ဆိုရင် အစောကြီး ရပ်နားလိုက်ရတယ်လို့ ဒီနေ့ရန်ကုန်သင်္ကြန် အခြေအနေကို လှည့်ပတ်ကြည့်ရှု ခဲ့တဲ့ VOA သတင်းထောက် ကိုထက်အောင်ခန့်က ပြောပါတယ်။

“ရန်ကုန်မြို့ကတော့ မနက်ကတည်းကနေပြီးတော့ မိုးရွာတယ် ၊မိုးရွာတော့ လူတွေထွက်လည်ကြတယ် ၊ တချို့တွေကတော့ ထီးဆောင်ပြီး လည်ကြတာရှိတယ်။ ရန်ပွဲတွေဘာတွေတော့ မတွေ့ရဘူး ဆင်ခြေဖုံးရပ်ကွက်တွေမှာတော့ရေထွက်ပတ်တဲ့လူတွေနည်းသွားတယ်။ ရန်ကုန်မှာလည်း လေတွေတိုက်တဲ့အတွက် ဓါတ်တိုင်တွေလဲတာတွေရှိတယ် ၊ မီးလည်းပျက်တယ်။မဏ္ဍပ်ဆိုရင် ရန်ကုန်မြို့တော်ခန်းမမဏ္ဍပ်ကတော့ ဒီနေ့ကတော့ စောစောပိတ်သွားတယ်။”

ရန်ကုန်မြို့က သင်္ကြန်ကာတခုလုံးကို ခြုံကြည့်ရင် မနှစ်ကလောက် ရေကစားမဏ္ဍ မများပဲ ပိတ်ပင်ခဲ့တဲ့အပေါ် လူငယ်တွေကြား ဝေဖန်မှုတွေ ရှိပေမဲ့ မှုခင်းပိုင်းဆိုင်ရာ လျှော့နည်းခဲ့တဲ့ အပေါ်မှာတော့ အကောင်းမြင်တာတွေလည်း ရှိတယ်လို့ ကိုထက်အောင်ခန့်က သုံးသပ်ပါတယ်။

“ရန်ကုန်မှာက ပြီးခဲ့တဲ့ နှစ်ကလောက်တော့ မဏ္ဍပ်နည်းသွားတယ်လို့ပြောလို့ရပေမယ့်၊ စည်ကား တယ်လို့ပြောလို့ရပါတယ်။အဓိက စည်းကားတာက မြို့တော်ခန်းမရယ် ၊ ပြည်လမ်းရယ်၊ MEP အဖွဲ့ရှေ့မှာလည်း မဏ္ဍပ်တခုရှိမယ်၊ ပြီးတော့ one Entertainment အဲဒီနေရာတွေမှာ အဓိကစည်ကားတယ်ခင်ဗျ။ တခုကတော့ မဏ္ဍပ်တွေပိတ်လိုက်တဲ့အတွက် ပျော်ဖို့နေရာတွေနည်းသွားတဲ့အတွက် လူငယ်အများစုကတော့ ဝေဖန်မှုတွေရှိပါတယ်ခင်ဗျ ၊ ဒါပေမယ့် လူကြီးတွေကတော့ မဏ္ဍပ်တွေပိတ်လိုက်တဲ့အတွက် ရန်ပွဲတွေနည်းသွားတယ်။ ခိုက်ရန်ဖြစ်တာတွေမရှိတော့ဘူး လူသေဆုံးမှုတွေ နည်းသွားတယ်ဆိုပြီးတော့ အကောင်းဘက် မြင်တာတွေလည်း ရှိပါတယ်။”

မဟာသင်္ကြန်နောက်ဆုံးရက် မန္တလေးမြို့က အခြေအနေကိုတော့ အဲဒီမှာရောက်နေတဲ့ VOA ဝိုင်းတော်သား ကိုအောင်အောင်က ခုလိုပြောပြ ပါတယ်။

“ဒီနေ့က သင်္ကြန် အတက်နေ့ နောက်မြန်မာပြည်မှာ မုန်တိုင်းကလည်း ဝင်မယ်ဖြစ်တဲ့အတွက် မန္တလေးမှာလည်းတော်တော်လေး မိုတွေ အုံ့နေတာပေ့ါနော် ၊ မိုးလည်းရွာတယ် ။ ဒါပေမယ့် မန္တလေးမှာလည်း သင်္ကြန်နောက်ဆုံးနေ့ဖြစ်တဲ့အခါကျတော့ စည်စည်ကားကားတော့ရှိတယ်။ ဒီလမ်းလျှောက်သင်္ကြန်ကျင်းပတဲ့ ၂၆ လမ်းတလျှောက်မှာလည်း အခုကတော့ တော်တော်လေး စည်စည်ကားကားတော့ရှိတယ်။ ဆိုတော့ ညဘက် နည်းနည်းမှောင်စပျိုးတဲ့အချိန်မှာမှ သင်္ကြန်ပိတ်ပွဲက စမှာဆိုတော့ သင်္ကြန်ပိတ်ပွဲကျင်းပမယ့်အခါ လာကြမယ့် သံချပ်ကားတွေ၊ မြို့မ ငန်းအဖွဲ့တို့ဘာတို့ကတော့ အခုလောလောဆယ်တော့ မြို့ထဲမှာ လှည့်ပြီးတော့ ဖျော်ဖြေနေကြတုန်းပဲ။”

ဒီနှစ် မန္တလေးမြို့မှာ လမ်းလျှောက်သင်္ကြန်ဆိုပြီး လုပ်လိုက်တာကြောင့် သင်္ကြန်နဲ့ ကင်းကွာနေသူတွေတောင် ပါဝင်ဆင်နွှဲတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ကိုအောင်အောင်က သုံးသပ်ပါတယ်။

“ဒီနှစ် မန္တလေးသင်္ကြန်မှာကတော့ ထူးထူးခြားခြားလို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်နှစ်က သင်္ကြန်ဖွင့်ပွဲစပြီးဖွင့်ကတည်းက ညနေဘက်မှာဖွင့်တယ်။ နန်းတွင်းစစ်တပ်က သီးခြားဖွဲ့ပွဲလုပ်တယ်။ ပြီးတော့မှ မန္တလေးမြို့က မဏ္ဍပ် က ထပ်ပြီးတော့ ဖွင့်ပွဲလုပ်တယ်။ ဒီနှစ်ကတော့ စပြီးဖွင့်ပွဲလုပ်ကတည်းက မနက်ပိုင်းမှာ စလုပ်တယ်။ ဒီနှစ် သင်္ကြန်မှာကတော့ ထူးထူးခြားခြားလို့ပြောလို့ရတဲ လူတွေပဲ လမ်းလျှောက်ပြီးတော့ သင်္ကြန်ပွဲဆင်နွဲကြတာပေါ့ခင်ဗျ ၊ လမ်းတလျှောက်မှာလည်း စတုတီတာကျွေးတာတွေရှိတယ်။ တိုင်းရင်းသားအဖွဲ့တွေရဲ့ မဏ္ဍပ်တွေရှိတယ် ဆိုတော့ အခုလိုမျိုး လမ်းလျှောက်သင်္ကြန်ကျင်းပလိုက်တဲ့အတွက် သင်္ကြန်ပွဲနဲ့ ကင်းကင်းနေတဲ့လူတွေတောင်မှ လမ်းလျှောက်သင်္ကြန်ပွဲကို ပါဝင်ပြီး ဆင်နွဲတယ်လို့ပြောလို့ရတယ်။”

ဒီနှစ်မှာ သင်္ကြန်တွင်း မုန်တိုင်းကြောင့် အပူဒဏ်ကို သိပ်မခံစားကြရသလို တချို့ဒေသတွေမှာ မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုဒဏ် ခံရ တာမို့ အဆောက်အဦးတွေ ပျက်စီးခဲ့ရပါတယ်။ ဒီနှစ် သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားပြီး စည်းကမ်း မလိုက်နာတာတွေ၊ ယာဉ်တိုက် မှုနဲ့ ယာဉ်တိမ်းမှောက် မှုတွေကြောင့် သင်္ကြန်အကြို၊ အကျ၊ အကြတ် (၃)ရက်အတွင်း သေဆုံးသူ အနည်းဆုံး (၁၄)ဦးနဲ့ ဒဏ်ရာရသူ (၁၅၂)ဦးရှိပြီး ပြစ်မှုပေါင်း (၁၄၇)မှုဖြစ်ပွားခဲ့တယ်လို့ အစိုးရက ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG