သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစုံစမ်းရေး ကော်မရှင်အစီရင်ခံစာ သမ္မတထံ တင်သွင်း


ကချင်ပြည်နယ် မြစ်ဆုံ။
ကချင်ပြည်နယ် မြစ်ဆုံ။

ကချင်ပြည်နယ်မှာရှိတဲ့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တွေ့ရှိချက်တွေကို ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ သမ္မတထံ ပထမဆုံး အစီရင်ခံစာ တင်သွင်းလိုက်ပါပြီ။ စီမံကိန်းကို ကန့်ကွက်နေကြတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေကတော့ အစီရင်ခံစာကို အများပြည်သူသိနိုင်အောင် ထုတ်ပြန်ဖို့လည်း တိုက်တွန်းနေကြ တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အရင်အစိုးရလက်ထက်မှာ ကတည်းက ဆိုင်းငံ့ထားတဲ့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်က ၃ လကြာ လေ့လာမှုတွေအပြီး အခုနောက်ဆုံး တွေ့ရှိချက်တွေကို သမ္မတထံ တင်ပြလိုက်တာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းတွေ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကပဲ ဖွဲ့စည်းပေးခဲ့တဲ့ သမ္မတ ဦးထင်ကျော်ထံ သတ်မှတ်ထားတဲ့အတိုင်း အစီရင်ခံစာ တင်သွင်းခဲ့တဲ့အကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

" တင်ပါတယ်။ ကော်မရှင်က သတင်းထုတ်လိမ့်မယ်။ အဲ့တာလေး စောင့်လိုက်ပါ။"

သမ္မတဦးသိန်းစိန်က သူ့အစိုးရသက်တမ်းအတွင်း ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ လက်ထက်မှာ ပျက်ပြယ် သွားပြီ ဖြစ်တာကြောင့်၊ စီမံကိန်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ဖို့ ရှိနေချိန်မှာပဲ ဒေသခံတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ တိုက်တွန်းနေကြတာပါ။

စီမံကိန်း စတင်ချိန်မှာ ပွင့်လင်းမြင်သာမှုတွေ မရှိတာကြောင့် မကျေနပ်ချက်တွေ ကြီးထွားခဲ့ရတဲ့အတွက်လည်း အခုအခါ ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို အစိုးရထံသာမက လူထုကိုပါ ချပြဖို့လည်း ကချင်လူမှုဖွံဖြိုးတိုးတက်ရေး ကွန်ရက်က ကိုဆာဂျီးက ပြောပါတယ်။

" မြစ်ဆုံရေကာတာကို မလုပ်တော့ဘူးဆိုတဲ့ အစီရင်ခံစာဖြစ်ဖို့က အင်မတန်မှ အရေးကြီးတယ်။ လုပ်ငန်းသဘောအရ သူတို့က အခုအချိန်မှာ ဒီအစီရင်ခံစာကို အထက်ကိုတင်ပြခြင်းဖြစ်တယ်ဆိုပြီးတော့မှ တကယ်လို့ မဖော်ပြခဲ့ဘူးဆိုရင် တကယ့်ကို ပြည်သူတွေ တောင်းဆိုတဲ့ အစီရင်ခံစာဖြစ်ဖို့အတွက်က ဒါက ပိုပြီးတော့ အရေးကြီးတာပေါ့နော်။ ဒါပေမဲ့ တခုရှိတာက အခုက ပြည်သူလူထုနဲ့ ပွင့်လင်းမြင်သာစွာ ဆွေးနွေးမယ့်အစိုးရလို့ အားလုံးက ယုံကြည် လက်ခံပြီးမှ ရွေးကောက် တင်မြှောက်ခဲ့တဲ့ အစိုးရ လက်ထက်လည်းဖြစ်တယ်။ ဒါကြောင့်မို့ ပွင့်လင်းမြင်သာဖို့တော့ အင်မတန်မှ အရေးကြီးတာပေါ့ဗျာ။ ပြီးလို့ရှိရင် ရက်သိပ်မကြာတဲ့အချိန်မှာ ဒီလိုတင်ပြတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ဖော်ပြဖို့တော့ အရေးကြီးတာပေါ့ဗျာ။ ချက်ခြင်းမဟုတ်ရင်တောင်မှ။"

မြစ်ဆုံ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြည်သူ့လွှတ်တာ် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ၅ ဦး နဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် တခြား လွတ်တော်ကိုယ်စားလှယ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဒီကော်မရှင်ရဲ့အဓီက တာဝန်ကတော့ စီမံကိန်းတွေဟာ နိုင်ငံတကာ ပြဌာန်းချက်တွေနဲ့ ပြည်တွင်း ဥပဒေတွေနဲ့ အညီ ဆောင်ရ့ွက်ခြင်း ရှိမရှိ၊ လူမှုဝန်းကျင်၊ ဂေဟစနစ်နဲ့ သဘဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေ၊ ဧရာဝတီမြစ်ရဲ့ ရေသံယံဇာတ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ရေရှည်တည်တံ့မှုအပေါ် အကျိုးသက်ရောက်မှု အခြေအနေ စတာတွေကို လေ့လာဆန်းစစ်ရမှာ ဖြစ်ပါတယ်။

ကော်မရှင်က တင်သွင်းမယ့် အစီရင်ခံစာမှာလည်း ဒေသခံ ပြည်သူတွေနဲ့ လူမှု အဖွဲ့အစည်းတို့ရဲ့ သဘောထား အမြင်တွေကို ထည့်သွင်းစဉ်းစားရမယ်လို့ သမ္မတက ညွှန်ကြားထားတာပါ။ ဒါကြောင့်လည်း ကော်မရှင်အနေနဲ့ အစီရင်ခံစာရေးသားဖို့ အတွက် မြစ်ဆုံဒေသကို သွားရောက်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ တင်ပြတောင်းဆိုတာတွေကို လုပ်ခဲ့ပါတယ်။ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်လို့ ကိုဆာဂျီးရဲ့အမြင်က-

" ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အမြင်တွေက ပွင့်လင်းမြင်သာမှု လုံးဝ မရှိဘူး။ ကျနော်တို့က သာဓကအနေနဲ့ပြောမယ်ဆိုရင် မြစ်ဆုံဒေသကို သွားလေ့လာတဲ့ အချိန်မှာ အဲ့ဒီ့ရေကာတာစီမံကိန်းကြောင့် ဆိုးကျိုးဒုက္ခခံစားရမယ့် ဒေသခံ လူထုနဲ့ ဆွေးနွေးခြင်း အပြန်အလှန်ပြောဆိုခြင်း လုံးဝ မလုပ်ပဲနဲ့ စီမံကိန်းကိုသာ ကြည့်ပြီး ပြန်လှည့်ပြန်သွားတဲ့ ဟာကို သိရှိရတယ်။ မြစ်ကြီးနားမှာ လုပ်တဲ့အချိန်မှာလည်း ရှင်းရှင်းလင်းလင်းပြောဆိုတာတွေ မရှိဘူး အဲ့ဒီ့ဟာတွေ ကိုကြည့်ရင် သူတို့ဆီမှာ ပွင့်လင်းမြင်သာမှု မရှိပဲနဲ့ ရှင်းရှင်းလင်းလင်း အဖြေမပေးနိုင်တဲ့ ဟာတော့ ကော်မရှင်အဖွဲ့မှာ ဖြစ်နေတယ်။"

ဒေါ်လာ ၃.၆ ဘီလီယံ အကုန်အကျခံပြီး တရုတ်နိုင်ငံက တည်ဆောက်မယ့် စီမံကိန်းကြောင့် ဒေသခံတွေရဲ့ လူမှုဘဝတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်ဆိုပြီး၊ ဒေသခံတွေနဲ့ လှုပ်ရှားသူတွေကတော့ စီမံကိန်းကို လုံးဝရပ်ဆိုင်းပစ်ဖို့ ဆက်လက် တောင်းဆိုနေကြတာပါ။

စီမံကိန်း ရှေ့ဆက်သင့်မသင့် အစိုးရသစ်က ဆုံးဖြတ်ချက်ချရမယ့် အချိန်မှာပဲ တက်ကြွလှုပ်ရှားသူတွေကလည်း အပြီးတိုင် ရပ်ဆိုင်းရေး အင်တာနက် အွန်လိုင်းကနေ သဘောထားစုဆောင်းရာမှာ ပါဝင်သူ သိန်းချီရှိနေပြီလို့လည်း လှုပ်ရှားမှုကို ဦးဆောင်သူ တဦးဖြစ်တဲ့ မိုးလေဝသပညာရှင် ဦးထွန်းလွင် ပြောပါတယ်။

" နှစ်သိန်းတစ်သောင်းရတယ်။ နိုဝင်ဘာ ၅ရက်နေ့မှာပဲ အဲ့ဒီ့မှာ တချက်ဖြတ်ပြီးတော့ ကျနော်တို့ Myanmar Green Network ရယ် သမ္မတရယ် အတိုင်ပင်ခံရယ် မြစ်ဆုံကော်မရှင်ရယ် တင်တဲ့စာထဲမှာ ကျနော်တို့ အစီရင်ခံလိုက်ပါပြီ။"

သမ္မတထံ အစီရင်ခံစာ တင်သွင်းတာနဲ့ ပတ်သက်လို့ ကော်မရှင် တာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။ လက်ရှိအချိန်မှာ ဒီအစီရင်ခံစာနဲ့ ပတ်သတ်လို့ အသေးစိတ် ဘာမှ မသိရသေးပေမယ့် ဒေသခံ အပါအဝင် လူထုအများစုကတော့ မြစ်ဆုံ အနီးတစ်ဝိုက်မှာရှိတဲ့ စီမံကိန်းတွေ ရပ်နားသင့်တယ်ဆိုတဲ့အကြောင်း ဒီအစီရင်ခံစာမှာ ပါဖို့ မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG