သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မှု နာဂအဖွဲ့ကန့်ကွက်


အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ နာဂတိုင်းရင်းသားတွေရဲ့ ဆန္ဒမပါဘဲ နယ်စပ်စည်းရိုးကာနေတာကို ဆန့်ကျင်ကြောင်း နာဂလန်းဒေသ ဆိုရှယ်လစ်ကောင်စီရဲ့ အဖွဲ့ခွဲ NSCN – K လို့ ခေါ်တဲ့ SS Khaplang အဖွဲ့က ပြောကြားလိုက်ပါတယ်။

နာဂတွေ အခြေချရာ အချက်အချာဖြစ်တဲ့ Pangsha ရွာမှာ အိန္ဒိယနဲ့ မြန်မာစစ်တပ်တွေ ပူးတွဲပြီး နယ်ခြားစည်းရိုး ကာရံနေတာဟာ နာဂတွေရဲ့ ဆန္ဒနဲ့ လုံးဝ ဆန့်ကျင်နေပြီး ဒီဒေသမှာ အခုလို လုပ်ဆောင်မှာနဲ့ ပါတ်သက်ပြီး နာဂတွေဆီက သဘောတူညီချက် မယူခဲ့သလို တိုင်ပင်ဆွေးနွေးတာလည်း မရှိခဲ့ဘူးလို့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ဒါဟာ နာဂတွေကို ခွဲပစ်ပြီး နာဂမြေကို ထာဝရ ပိုင်းခြား သတ်မှတ်ဖို့ ၁၉၅၃ ခုနှစ်က နေရူးနဲ့ ဦးနုတို့ လုပ်ဆောင်ဖို့ ကြိုးစားခဲ့တာကို ပြန် အသက်သွင်းတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံထဲမှာ နာဂ လူမျိုးတွေ အများအပြား ရှိနေတာပါ။

အိန္ဒိယ-မြန်မာ ၂ နိုင်ငံစလုံးမှာ နာဂမိသားစုတွေဟာ ဟိုးအရင် နှစ်ပေါင်း များစွာကတည်းက အဲဒီနေရာတွေမှာ အတူယှဉ်တွဲ နေထိုင်လာ ခဲ့ကြတာဖြစ်ပြီး အခုလို ခြံစည်းရိုး ခတ်တာဟာ ဒီလူတွေကို တကွဲတပြား ဖြစ်အောင် လုပ်နေတာလို့ ၂၀၁၅ ခုနှစ်မှာ အိန္ဒိယ အစိုးရနဲ့ အပစ်ရပ်စဲရေးကို တဘက်သတ် ကြေညာခဲ့တဲ့ NSCN-K အဖွဲ့က ပြောပါတယ်။

ဒီလိုလုပ်ဆောင်နေမှုကို ကာကွယ်ဖို့ နာဂပြည်သူ အားလုံး မှာ တာဝန်ရှိကြောင်းနဲ့ သူတို့ အဖွဲ့အနေနဲ့ တတ်နိုင်တဲ့နည်းနဲ့ ကာကွယ်သွားမှာ ဖြစ်ကြောင်းလည်းပြောပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ဘက် မြန်မာနယ်စပ်က နာဂလူမျိုးစုတွေ နေထိုင်ရာ ဒေသမှာ လက်ရှိ နယ်ခြားမှတ်တိုင် အမှတ် ၁၃၉ ကနေ ၁၄၆ အတွင်း ကျေးရွာပေါင်း တသောင်းလောက် ရှိနေတယ်လို့ ကျေးရွာကောင်စီတွေက ပြောပါတယ်။

ဒီ ဒေသမှာ သူတို့ဟာ နယ်ခြား ဟိုဘက် ဒီဘက် တကျော နေထိုင်ကြသလို ဒေသအာဏာပိုင်တွေက အခု စိုက်ပျိုးမြေ ဧက ၃၅၀၀ လောက်ကို သိမ်းဖို့ ပြင်နေပြီလို့ အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ အဲဒီဒေသဟာ နာဂလန်းတခုထဲမဟုတ်ပဲ Arunachal Pradesh မီဇိုရမ်နဲ့ မဏိပူဒေသတွေပါ ပါဝင်တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG