သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားစိစစ်ခံရမည့်သူတွေအတွက် သက်သေခံကဒ်ပြား ရခိုင်ပြည်နယ်မှာ စတင်ထုတ်ပေး


(Photo Credit: MOI Webportal Myanmar)
(Photo Credit: MOI Webportal Myanmar)

မြန်မာနိုင်ငံသား ဟုတ် မဟုတ် စိစစ် အတည်ပြု သွားနိုင်ဖို့အတွက် ရခိုင်ပြည်နယ်တွင်းက မူဆလင်တွေကို နိုင်ငံသား စိစစ်ခံရမည့်သူ၏ အစိမ်းရောင် သက်သေခံကဒ်ပြားတွေ (National Verification Card - NVC) ထုတ်ပေးနေတာမှာ အဲဒီကဒ်ပြားပေါ် လူမျိုးနဲ့ ကိုးကွယ်ရာ ဘာသာ အမျိုးအမည်ကို ဖြည့်စွက်ဖော်ပြစရာ မလိုတာကြောင့် ရခိုင်ဒေသခံ မူဆလင်တွေ အရင်ကထက်ပိုပြီး သက်သေခံကဒ်ပြားတွေ ထုတ်ယူနေကြတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

နိုင်ငံသားစိစစ်ခံမယ့် သက်သေခံကဒ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို စက်တင်ဘာလအထိ ရက် (၁၀၀) လုပ်ဆောင်သွားမှာဖြစ်ပြီး၊ မပြီးပြတ်ခဲ့ရင် နောက်ထပ် အချိန်တိုးပြီး လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ ဆက်သွယ်းမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အစိမ်းရောင် သက်သေခံကဒ်ပြားလို့ ဒေသခံတွေ ခေါ်ဝေါ်နေကြတဲ့ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား (NVC) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ရခိုင်ပြည်နယ်တွင်း ကျောက်ဖြူ၊ မြေပုံ၊ ပုဏ္ဏားကျွန်း ၃ မြို့နယ်က မူဆလင်တွေအတွက် ဇွန်လ (၇) ရက်ကစပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီလူတွေဟာ အရင်က White card လို့ခေါ်တဲ့ ယာယီသက်သေခံကဒ် ကိုင်ဆောင်ထားသူ မူဆလင်တွေ ဖြစ်ကြပါတယ်။ အဲဒီ White card တွေဟာ ကုန်ဆုံးချိန် သက်တမ်းရှိပြီး တချို့အနေနဲ့ ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြု ဖော်ပြထားခဲ့တာတွေ ရှိခဲ့ပါတယ်။ အခု အသစ်ထွက်လာတဲ့ ကဒ်ပြားမှာတော့ ကွဲလွဲချက်တွေရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သန်းခေါင်စာရင်းဌာန ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင်က ဗွီအိုအေကို ပြောပါတယ်။

“အရင်တုန်းကတော့ White Card လို့ခေါ်တာပေါ့နော်။ အခုကတော့ National Verification Card ပေါ့။ နိုင်ငံသားစိစစ်ခံရမယ့်သူ၏ သက်သေခံကဒ်ပြားလို့ ခေါ်တယ်ဗျ။ အစိမ်းရောင်ကဒ်ပြားဆိုတာကို ထုတ်ပေးတယ်။ အဲဒီမှာ လူမျိုးနဲ့ဘာသာ မပါဘူးဗျ။ ကျန်တဲ့ ကိုယ်ရေးအချက်အလက်တွေ ပါတယ်။ လူမျိုးနဲ့ ဘာသာ မပါတော့ဘူး။ နောက်တခုက အဲဒီကဒ်ပြားမှာ အရင်တုန်းက ကဒ်ပြားရဲ့ သက်တမ်းကို ၂ နှစ်လို့ ရေးထားတယ်။ အခု အဲဒီ သက်တမ်း ၂ နှစ်ဆိုတာ မပါတော့ဘူးလေ။ အဲဒါလေးတွေ နည်းနည်း ထူးခြားပါတယ်။ အဲတော့ အခု ကဒ်ပြားကတော့ မြန်မာနိုင်ငံထဲမှာ နေထိုင်ကြောင်း သက်သေခံကဒ်ပြားသာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူမျိုးတို့ ဘာသာတို့က သူတို့ ဒီအချိန်မှာ မလိုသေးဘူးဗျ။ တကယ်လို့ သူတို့က နိုင်ငံသားပြုခံရပြီဆိုရင်တော့ အဲဒီအချိန်ကျရင်တော့ သူ့ရဲ့ သက်ဆိုင်ရာ ဒီဟာတွေကို ဖော်ပြရမှာ ဖြစ်ပါတယ်။”

အစိမ်းရောင် သက်သေခံကဒ်ပြား ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကိုတော့ ရခိုင်ပြည်နယ်တခုလုံးမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း White Card ခေါ် ယာယီသက်ခံလက်မှတ်တွေ သက်တမ်းကုန်ဆုံးပြီ ဖြစ်တာကြောင့် ဧပြီလ ၁ ရက်ကနေ မေလ ၃၁ ရက်နေ့အတွင်း ပြန်လည်အပ်နှံကြဖို့ အစိုးရက သတ်မှတ်ကြေညာခဲ့ရာမှာ ရခိုင်ပြည်နယ်တွင်း White Card ကိုင်ဆောင်သူ ၆ သိန်းကျော်အနက်က ၄ သိန်းနီးပါးလောက်သာ ပြန်အပ်နှံခဲ့ပါတယ်။

ဒီလို အပ်နှံသူတွေကို ပေးအပ်ခဲ့တဲ့ ဖြတ်ပိုင်းတွေကိုတော့ အခု ဇွန်လဆန်းမှာ အစိမ်းရောင်ကဒ်တမျိုး ထပ်မံ ထုတ်ပေးပြီး ဒီကဒ်ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံသားလျှောက်ထားခွင့် ရရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားဖြစ်ရေး လျှောက်ထားသူတွေအနေနဲ့ အခုထုတ်ပေးနေတဲ့ အစိမ်းရောင်ကဒ်ပြားကို ထုတ်ယူထားဖို့ လိုကြောင်း ဦးမြင့်ကြိုင်က ပြောပါတယ်။

“နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေးက သေချာပေါက်ကတော့ အခု ဒီ သေချာပေါက်ကတော့ အခု နိုင်ငံသားစစ်ဆေးခံရမည့် သက်သေခံကဒ်ပြားကို သူတို့ထုတ်ထားဖို့ လိုတယ်ဗျ။ အဲဒီသက်သေခံကဒ်ပြား ထုတ်ထားမှ သူက မြန်မာနိုင်ငံအတွင်းမှာ နေခဲ့တဲ့ အချက်အလက်တွေကို ကျနော်တို့က ဖော်ထုတ်စိစစ်ပြီးတော့ ကျနော်တို့ဆီမှာ သူတို့ရဲ့ အိမ်ထောင်စုစာရင်းတွေ မှတ်တမ်းမှတ်ရာတွေ ရှိတယ်ဗျ။ အဲဒါတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ သူတို့ နိုင်ငံသားစစ်ဆေးခံရမည့်သူ၏ သက်သေခံကဒ်ပြား ကိုင်ထားတဲ့သူတွေကို ၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးပြီးတော့ ဧည့်နိုင်ငံသားဆိုရင်လည်း ဧည့်နိုင်ငံသားပေါ့ နိုင်ငံသားဖြစ်ထိုက်သူဆိုရင်လည်း နိုင်ငံသားစိစစ်ရေး ကဒ်ပြားတွေ ပေးမယ်။ ဒီလို နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ဆက်ပြီးတော့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။”

ရခိုင်ပြည်နယ်အတွင်း အစိမ်းရောင် သက်သေခံကဒ်ပြား ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ဇွန်လ (၇) ရက်နေ့ကစလို့ ရက် (၁၀၀) စီမံချက်အဖြစ် လုပ်ဆောင်မှာဖြစ်တာကြောင့် စက်တင်ဘာလဆန်းအထိ လုပ်ဆောင်သွားမှာဖြစ်ပြီး၊ မပြီးပြတ်ခဲ့ရင် ရက်တိုးပြီး လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိတယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

“သက်သေခံကဒ်ပြား ထုတ်ပေးတဲ့လုပ်ငန်းတွေကတော့ ရက် ၁၀၀ ထဲမှာ အတတ်နိုင်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်တယ်ဗျ။ တကယ်လို့ မပြီးစီးဘူးဆိုရင်လည်း နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက မူဆလင်တွေကို အခုအချိန်အထိ အစိုးရမူဝါဒအတိုင်း ရိုဟင်ဂျာလို့ သုံးနှုန်းတာ မရှိဘူးလို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

“ကျနော်တို့ကတော့ နိုင်ငံတော်မူဝါဒနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ။ နိုင်ငံတော်အနေနဲ့ကတော့ အခုလောလောဆယ် လက်ရှိ အနေအထားမှာတော့ သူတို့ကို ရိုဟင်ဂျာလို့ မသုံးဘူးဗျ။ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မူဆလင်လူမျိုးတွေ ဆိုပြီးတော့ သုံးပါတယ်ခင်ဗျ။”

လူအများစုကတော့ အစိမ်းရောင်ကဒ်ဟာ နေထိုင်ခွင့်ပြုတဲ့ လက်မှတ်မျှသာဖြစ်ပြီး ယာယီသက်သေခံလက်မှတ် White Card ထက် အဆင့် နိမ့်တယ်လို့ ယူဆပြီး အစိမ်းရောင်ကဒ် လာမထုတ်သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG